သတင်းဆောင်းပါးနှင့် ဓာတ်ပုံ-ချင်းပြည်နယ်ပြန်/ဆက်(သတင်းအဖွဲ့)

ချင်းပြည်နယ်သည် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားသွန်ဆောင်ရွက်လျက် ရှိပါသည်။ တောင်စောင်းများ၊ တောင်တန်းများတစ်လျှောက် ခက်ခဲသည့်ခရီးလမ်း၊ ရာသီဥတုကြမ်းကို ဖြတ်ကျော်ကာ ပြည်နယ်တစ်ခုလုံး စိုက်ပျိုးရေး လုပ်ငန်းများနှင့် စိုက်ပျိုးရေးထွက်ကုန်များ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် သုံးနှစ်စီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိရာ ပထမတစ်နှစ်အတွင်း ကဏ္ဍခြောက်မျိုးစလုံးအား မြှင့်တင်နိုင်ခဲ့ကြောင်း ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သီးနှံခြောက်မျိုးကိုရွေးချယ်

မြေလွတ်မြေရိုင်း ပေါများသော်လည်း မြေပြန့် နည်းပါးခြင်းအတွက် ချင်းပြည်နယ်သည် ဒေသတွင်း စားသုံးရန်အတွက် စပါးနှင့် ဒေသအစားများသည့်ပြောင်းကို အဓိကထား စိုက်ပျိုးကြပြီး ဆီထွက်သီးနှံနှင့် ကောက်ပဲသီးနှံများကို အိမ်သုံးအတွက်သာ အဓိက စိုက်ပျိုးကြသည်။

သုံးနှစ်စီမံကိန်းဆိုပြီး ပြီးခဲ့တဲ့နှစ်ကတည်းက ပြည်နယ်ရဲ့ စိုက်ပျိုးရေးကဏ္ဍကို ကျွန်တော်တို့ မြှင့်တင်ခဲ့ပါတယ်။ လက်ရှိ မြေအနေအထားအရတော့ စိုက်ပျိုးသူတောင်သူကလည်း အတော်နည်းပါးတယ်။ ဒါကြောင့် ကျွန်တော်တို့ဌာနက ဘယ်လို သီးနှံတွေနဲ့ ဒေသနဲ့ကိုက်ညီမှုရှိမလဲဆိုပြီး ရွေးချယ်ခဲ့တာ သီးနှံခြောက်မျိုး ရှိပါတယ်။ သီးနှံခြောက်မျိုးကို အထွက်တိုးအောင်နဲ့ အားလုံးစိုက်ပျိုးနိုင်အောင် ကြိုးပမ်းနေခြင်းဖြစ်ပါတယ်ဟု ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးလင်းမြတ်က ပြောသည်။

ချင်းပြည်နယ်၏မျှော်လင့်ခြင်းကော်ဖီ

ပြည်နယ်၏ အဓိကသီးနှံအဖြစ် ကော်ဖီကို ရွေးချယ်ထားပြီး နာမည်ကျော် ဟားခါးကော်ဖီသည် အောင်မြင်မှု ရရှိလာနေကြောင်း တောင်သူများထံမှ သိရသည်။ ဟားခါးမြို့နယ်ထွက် ကော်ဖီမှုန့်သည် ရနံ့သင်းပျံ့ခြင်း၊ တာရှည်အနံ့ထိန်းထားနိုင်ခြင်း၊ အရသာ ကောင်းမွန်ခြင်း ကြောင့် လူကြိုက်များကြသည်။

ချင်းပြည်နယ်မှာ ကော်ဖီနဲ့ပတ်သက်ရင် အမှုန့်ထုတ်တယ်၊ ဝိုင်ထုတ်တယ်။ တီးတိန်မြို့လောက်အထိ ကော်ဖီစိုက်ကြတယ်။ စနစ်တကျ စိုက်ပျိုးထုတ်လုပ်တာမျိုး အားနည်းတယ်။ နည်းနည်းပဲ ထုတ်လုပ်နိုင်ပြီး ဈေးနှုန်းကလည်း မြင့်တယ်။ ဒါပေမယ့် တီးတိန် ကော်ဖီ၊ ဟားခါးကော်ဖီတွေဟာ စားသုံးသူကို ဆွဲဆောင်ထားနိုင်ခဲ့တယ်။ ဒါကြောင့် ဒီထက်ပိုပြီး တိုးထုတ်နိုင်ဖို့ အတွက် ကြိုးစားနေပါတယ်။ တောင်သူတွေကလည်း တိုးချဲ့စိုက်ပျိုးနေကြပါပြီဟု ၎င်းက ပြောသည်။

အလှကုန်နှင့် စားသောက်ကုန်အတွက် ထောပတ်

ချင်းပြည်နယ်ထွက် ထောပတ်သီးများကို မူလက တစ်နိုင်တစ်ပိုင် အိမ်တွင်းစားသုံးရန်သာ ရည်ရွယ်ခဲ့သော်လည်း ယခုနောက်ပိုင်းတွင် သီးနှံခြောက်မျိုးအတွင်း ထည့်သွင်းစဉ်းစားကာ တောင်သူများအား မျိုးကောင်း မျိုးသန့်များ၊ စိုက်ပျိုး နည်းစနစ်များနှင့် ထုတ်လုပ်သယ်ယူသည့် စနစ်ကောင်းများကို လေ့ကျင့်ပေးရန်အတွက် စိုက်ပျိုးရေး ဦးစီးဌာနအပြင် စိုက်ပျိုးရေးနှင့် ပတ်သက်သည့် အဖွဲ့အစည်းများ၊ တောင်သူများအား ကူညီပေးလျက်ရှိသည့် အဖွဲ့အစည်းများ၊ အသင်းများနှင့် ချိတ်ဆက် ကာဆောင်ရွက်နေပြီ ဖြစ်သည်။

ထုတ်လုပ်တဲ့ပမာဏကတော့ တော်တော်လေး နည်းပါးပါသေးတယ်။ အဓိကကတော့ တောင်သူတွေက မြေပြန့်က တောင်သူတွေနဲ့ မတူပါဘူး။ ကျွန်တော်တို့ ဆီမှာရာသီဥတုက မှန်းလို့မရသလို မျှော်လင့်ထားလို့လည်း မရတော့ တောင်သူ တွေဟာ မြေပြန့်ထက်ပိုပြီး စိတ်မောကြရတယ်။ လူလည်း ပင်ပန်းကြတယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာ ထောပတ်ကနေ အလှကုန်အတွက် ကုန်ကြမ်းတွေ လိုအပ်လာတဲ့အခါ ဈေးကောင်းရလာတဲ့အတွက် စိတ်ဝင်စား စိုက်ပျိုးတဲ့သူ တိုးလာပါ တယ်ဟု ဟားခါးမြို့ ကျောဘုတ် စိုက်ပျိုးရေးဥယျာဉ်ခြံမှ တာဝန်ခံ ဦးဗျက်နော်န်မန်းက ပြောကြားသည်။

ပိုးစာ

စိုက်ပျိုးရေးဦးစီးဌာနသည် ချင်းပြည်နယ်၏ ယခင်က ထွက်ရှိပြီး နာမည်ရရှိခဲ့သည့် ပိုးစာစိုက်ပျိုးခြင်းကိုလည်း အားဖြည့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ပိုးစာအတွက် တောင်သူတွေကိုမျိုးကောင်းမျိုးသန့် တွေရရှိဖို့ ကူညီပေးနေပါတယ်။ ပိုးချည်မျှင်တွေထုတ်တဲ့ ပိုးစာဖြစ်ပြီး ချင်းပြည်နယ်ဟာ တစ်ချိန်က ပိုးစာမြို့တော်လို့ တောင် တင်စားခေါ်ဝေါ်ခဲ့ကြဖူးပါတယ်။ နောက်ပိုင်းမှာ အကြောင်းအမျိုးမျိုးကြောင့် တောင်သူတွေပိုးစားပင် စိုက်တာ၊ ပိုးမွေးတာတွေနည်းပါးသွားပြီး ပိုးစာစိုက်ပျိုး ရေးနဲ့ ပိုးမွေးမြူရေးကျဆင်းခဲ့ပါတယ်။ တီးတိန်မှာ ခေတ်မီ စက်ရုံရှိပါတယ်။ ဒါကြောင့် တောင်သူတွေကို ပိုးစာစိုက်ဖို့ အားပေးမယ်။ ပိုးမွေးမြူတဲ့ နည်းစနစ်တွေကိုလည်း သင်ကြားပေးမယ်။ ပိုးချည်ထုတ်နိုင်အောင်အထိ ကြိုးစားနေပါတယ်ဟု ဦးလင်းမြတ်က ရှင်းပြသည်။

ဒေသခံများ စိတ်ဝင်စားလာသည့် ဝဥ

ဝဥကို တရုတ်နိုင်ငံသို့ အဓိကတင်ပို့ရောင်းချကြပြီး ဝဥတင်ပို့မှုများပြားသဖြင့် အောင်မြင်သည့် စိုက်ပျိုးရေး လုပ်ငန်းဖြစ် လာစေရန် ကြိုးပမ်းလျက်ရှိကြောင်း စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

ဝဥဆိုရင်လည်း အခြောက်ခံစက်ရှိတယ်။ သို့သော် အမှုန့်အဆင့်အထိ မထုတ်လုပ်နိုင်သေးဘူး။ ဒါကြောင့် အများပိုင် ကုမ္ပဏီဖွဲ့တယ်။ တောင်သူအများစုပါတယ်။ ပြီးတော့ စက်ရုံလုပ်ကြတယ်။ ဝဥကို အခြောက်ခံတယ်။ အမှုန့်ရတဲ့အထိ လုပ်မယ် လို့တော့ သိရပါတယ်။ ဒါကို ပြောရရင် အသေးစားနဲ့ အလတ်စားစက်မှုလုပ်ငန်းတွေအတွက် အများကြီးအားဖြစ်လာတယ်။ ဝဥကိုလည်း တောင်သူတွေ ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ဖို့ နည်းပညာတွေ ဘယ်လိုပေးနိုင်မလဲဆိုတာ လုပ်ဆောင်နေပါတယ်ဟု ဝဥစိုက်ပျိုးထုတ်လုပ်သူ တစ်ဦးကပြောသည်။

မူလကစိုက်ပျိုးသည့်စနစ်များသည် မိရိုးဖလာဒေသ စိုက်ပျိုရေးစနစ်များဖြစ်ကြပြီး တောင်သူများအားပညာ ပေးခြင်း၊ အသိပညာပေးခြင်း၊ စိုက်နည်းစနစ်များ ဝေငှခြင်းများအပြင် ရောဂါကာကွယ်နည်းများကိုလည်း ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် စိုက်ပျိုးရေး ကဏ္ဍတိုးတက်လာခဲ့ပြီး စီမံကိန်းရဲ့ ပထမနှစ်အတွင်းအများကြီးအားရစရာကောင်းပေမယ့် မျှော်မှန်းချက်ကို တော့ မရောက်သေးပါဘူး။ ၂၀၂၁ ခုနှစ်အထိ သုံးနှစ်တာစီမံကိန်း လည်းဖြစ်တာကြောင့် အောင်မြင်မယ်လို့ ယုံကြည်ပါတယ်ဟု ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဝဥစိုက်ပျိုးတာက ယခင်ကတည်းကရှိပေမယ့် မနှစ်က လောက်မှာ ကျွန်တော်တို့ ပြည်နယ်မှာ အုတ်အော်သောင်း တင်း ဖြစ်လာခဲ့ပါတယ်။ ဝင်ငွေကလည်းများတော့ အားလုံးရောင်းကြပြီး ခက်ခဲတာမျိုး ဖြစ်လာတယ်။ ၂၅ ကျပ် သားမျိုးဥကို စိုက်ပျိုးရင် တစ်ပိဿာ၊ တစ်ပိဿာခွဲ ရောင်းချနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် မျိုးရှားပါးလာနိုင် ပါတယ်။ အခုချိန်မှာ ကျွန်တော်တို့က ဝဥမျိုးကောင်း မျိုးသန့်ရဖို့ နည်းလမ်းသုံးခုနဲ့ ဆောင်ရွက်နေပါတယ်။ ရုံးချုပ်ကနေ ဝဥကို တစ်သျှူးကာချာနဲ့ ပွားပြီးမျိုးရဖို့ ဆောင်ရွက်တာလည်းအောင်မြင်ပါတယ်။ နောက်တစ်ခုက ပန်းခိုင်တွေကိုပြန်ပြီး ပျိုးထောင်ပါတယ်။ တတိယက စိုက်ပျိုးရေးဦးစီးဌာနက ချင်းပြည်နယ်မှာ ခြံ ၁၀ ခြံ ရှိပါတယ်။ အဲဒီခြံတွေမှာ ဝဥမျိုး ပြန့်ပွားနိုင်ရေးအတွက် မျိုးပွား ဧကတွေထည့်ပြီးစိုက်တယ်။ ဒီလိုနည်းတွေနဲ့ ဒီနှစ်ကစပြီး ပျိုးရဖို့ ကြိုးပမ်းနေပါတယ်။ တောင်သူတွေကိုလည်း ဝဥစိုက်ပျိုးတဲ့ အခါ မျိုးပွားဧကတွေ ထည့်စိုက်ကြဖို့ တိုက်တွန်းထားပါတယ်ဟု ဦးလင်းမြတ်က ရှင်းပြသည်။

ချင်းစပျစ်နှင့် ချင်းလိမ္မော်၊ ချင်းပန်းသီး

စပျစ်ကအခြားနေရာတွေနဲ့ ကွာတာက ကျွန်တော်တို့ဆီမှာ ဝိုင်အတွက်သီးသန့်ထုတ်ဖို့ ကြိုးစားနေပါတယ်။ ချင်းစပျစ်ဝိုင် ထုတ်ပါမယ်။ ချင်းလိမ္မော်က တစ်ချိန်က နာမည်ကြီးခဲ့ဖူးတဲ့အတွက် ပြန်လည်ပြီးလိမ္မော်ပျိုးတွေနဲ့ အခင်းတောင်သူတွေကို တစ်နိုင်တစ်ပိုင် စိုက်နိုင်အောင် ဆောင်ရွက်ပေးပါမယ်။ တစ်ချိန်က ကျွန်တော်တို့ ချင်း ပြည်နယ်ဟာ ပန်းသီးတွေစိုက်ခဲ့တယ်။ ပိုးစာပင်တွေ စိုက်ခဲ့တယ်။ လိမ္မော်တွေစိုက်ခဲ့တယ်။ စိုက်သလောက် လည်းအောင်မြင်ခဲ့တယ်။ ဒါပေမယ့် ဈေးကွက် အားနည်း ခဲ့တဲ့အတွက် အခုလိုဖြစ်ခဲ့ရတယ်။ ချင်းပြည်နယ်မှာက တောင်စောင်းတွေမှာ စိုက်တယ်။ ဧကဖွဲ့ရတာလည်း ခက်တယ်။ ခြံကွက်တွေကောက်ပြီး စိုက်ပျိုးဧကတွေကို တွက်ချက်ရတယ်။ ထွက်ရှိတဲ့ တန်တွေကို စနစ်တကျ စာရင်းရအောင် ကြိုးစားပါတယ်။ အရင်ကထက် စိုက်ပျိုးတဲ့ အခြေအနေကတော့ တိုးတက်လာခဲ့ပါတယ်။ စိုက်ပျိုးရေး ဦးစီးဌာနအပြင် အခြားအဖွဲ့အစည်း တွေကလည်း အားပေးကူညီကြတာရှိပါတယ်။ သူတို့ကတော့ ဘယ်နှရွာ၊ ဘယ်စီမံကိန်းစသည်ဖြင့် စီမံကိန်းအလိုက် အသေးစိတ် လုပ်ဆောင်ကြပါတယ်။ အဲဒီလို နေရာတွေမှာ ကျွန်တော်တို့က အစိုးရ၊ အသင်းအဖွဲ့၊ တောင်သူအားလုံး စုပေါင်းပြီး လုပ်ဆောင်ကြတာမို့ ပိုပြီးအောင်မြင်လာပါတယ်ဟု ဦးလင်းမြတ်က ပြောသည်။

ထို့အပြင် ယခုအခြေအနေတွင် ပံ့ပိုးကူညီမှုများပြားခြင်းကြောင့် ချင်းပြည်နယ်၏ စိုက်ပျိုးရေးကဏ္ဍအချိန် အခါကောင်းဟူ၍ ပြောနိုင်ပြီး တောင်သူများလိုက်ပါ ပူးပေါင်းကြရန် လိုအပ်ကြောင်းသိရသည်။ စိုက်နည်းစနစ်များအား ပြောင်းလဲကာ စိုက်ပျိုးရေးဆိုင်ရာ အလေ့အထ ကောင်းများကို ရယူပြီး စတင်စိုက်ပျိုးသည့်အခါမှ ဈေးကွက်သို့ ရောက်သည်အထိ စိုက်ပျိုးရေး တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်သည်အထိ ကြိုးပမ်းလေ့ကျင့် ပေးရခြင်းသည် ချင်းပြည်နယ်စိုက်ပျိုးရေး၏ စိန်ခေါ်မှု တစ်ရပ်ပင်ဖြစ်သည်။

ချင်းပြည်နယ်အတွင်းမှာ ဝဥနဲ့ ပတ်သက်ရင် မကြာသေးခင်က ကျွန်တော်တို့ တရုတ်နိုင်ငံနဲ့ ဝဥ ခြောက် ဒေါ်လာငါးသန်းဖိုး တင်ပို့ဖို့ စာချုပ်ချုပ်ခဲ့တယ်။ ဒါက အခြောက်ကိုပဲ တင်ပို့တာ။ တကယ်လို့များ အမှုန့်အဆင့်အထိ ထုတ်လုပ်နိုင်ပြီဆိုရင် ဝင်ငွေကလည်းပိုပြီးတိုးလာ မှာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ပိုးစာ ဖြစ်ပါတယ်။ ပိုးစာကလည်း ထွက်ကုန်အများကြီး ရှိပါတယ်။ အထည် အလိပ်၊ ပိုးစာဝိုင်၊ ပိုးကောင်လေးတွေကအစ ထုတ်လုပ်လိုပါတယ်။ တောင်သူတွေက ပိုးစာစိုက်ပြီး ပိုးချည်ထုတ် တာတင်မဟုတ်ဘဲ ပိုးအိမ်လေးတွေအထိ အလှအပ သော့ချိတ်လေးတွေကအစ အများကြီးထုတ်ကုန်ရပါ တယ်။ လိမ္မော်ဆိုရင်လည်း အချိုရည်ထုတ်လုပ်ဖို့ ကြိုးစားစရာတွေ အများကြီးကျန်ပါသေးတယ်။ အဲဒီလိုတွေ မြင့်မားအောင် ရင်းနှီးမြှုပ်နှံဖို့လိုတယ်။ နည်းပညာလို တယ်။ ဖြန့်ဖြူးနိုင်မယ့် စွမ်းအားတွေလိုအပ်ပါတယ်။ အဲဒီလိုလုပ်ဆောင်နိုင်အောင် အစိုးရအဖွဲ့ကလည်း အားပေးတယ် ဟု ၎င်းကရှင်းပြသည်။

ကျွန်တော်ရဲ့ ရည်မှန်းချက်ကတော့ အားလုံးနဲ့ ပူးပေါင်းပြီးခက်ခဲကြမ်းတမ်းတဲ့ ရာသီဥတုဒဏ်၊ မြေပြိုမှုဒဏ်နဲ့ တောင်စောင်း တွေမှာ စိုက်ပျိုးကြရတဲ့ ဒေသကြမ်းတမ်းမှုဒဏ်တွေကို ဖြေရှင်းကျော်လွှားနိုင်မယ်လို့ ယုံကြည်ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ ဒေသကသီးနှံတွေ အကြောက်ဆုံးက နှင်းခါး ရိုက်မှာကိုပါ။ ဒီဇင်ဘာလလောက်ဆိုရင် အပူချိန်က အနုတ်အောက်ကို ကျဆင်းသွားပြီးရင် နှင်းခါးရိုက်ခံရတဲ့ သီးနှံတွေဟာမည်းပြီး ညှိုးကျသွားပါတော့တယ်။ ဒီလိုအခက်အခဲ များစွာ ကြုံရတယ်။ ဒါကြောင့် ဒေသနဲ့ ကိုက်ညီတဲ့ သီးနှံတွေကိုစိုက်ပျိုး မှသာရပါတယ်။ ချင်းပြည်နယ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုက ချင်းလူငယ်တွေရဲ့ လက်ထဲမှာပဲရှိတယ်လို့ ကျွန်တော်ကတော့ အသင်းအဖွဲ့တွေကိုရော တောင်သူတွေကိုပါ အမြဲပြောပါ တယ်ဟု ဦးဗျက်နောန်မန်းကလည်း ပြောသည်။

ချင်းပြည်နယ်သည် သဘာဝအော်ဂဲနစ် ထွက်ကုန်များသာထွက်ရှိပြီး မြို့နယ်တစ်ခုတွင် ပျမ်းမျှ ပိုးသတ်ဆေးဆိုင် တစ်ဆိုင်သာရှိကြောင်း၊ သဘာဝ ပိုးသတ်ဆေးများကို အဓိကသုံးစွဲပြီး ဆေးရွက်ကြီးနှင့် ငရုတ်သီးရည်ကို သုံးကြကြောင်း သိရသည်။

ဈေးကွက်တိုးချဲ့နိုင်ဖို့အတွက် ကော်ဖီဆိုရင် ကော်ဖီစိုက်တဲ့ တောင်သူအစုအဖွဲ့၊ ဝဥဆိုရင် ဝဥစိုက်တဲ့ တောင်သူအစုအဖွဲ့ စသည်ဖြင့် အားလုံးစုပေါင်း ထုတ်ကုန်တွေဖြစ်လာရင် ဈေးကွက်ကို ချိတ်ဆက်ရတာဖြစ်ပါတယ်။ ကော်ဖီဆိုရင်လည်း ဝယ်သူကရှိတယ်။ ထုတ်နိုင်တဲ့ ပမာဏနည်းနေတယ်။ ဝဥဆိုရင်လည်း အဲဒီလိုပဲမထုတ်နိုင်ဘူး ဖြစ်နေတာ။ ထောပတ် ဆိုရင်လည်း ကိုယ်ကထုတ်နိုင်မယ်ဆိုရင် ကမ်းလှမ်းတဲ့ လုပ်ငန်းရှင်တွေရှိနေတယ်။ နှစ်ရှည်ပင်တွေကို အားထားစိုက် လာကြတာ တွေ့ရတယ်။ ကော်ဖီဆိုရင် သုံးလေးနှစ်နဲ့ ခူးဆွတ်ရောင်းချ နိုင်သလို၊ ဝဥဆိုရင် တစ်နှစ်ခွဲလောက်၊ ထောပတ်ဆိုရင် သုံးနှစ်လောက် ကြာပါတယ်။ ပိုးစာကတော့ နှစ်နှစ်သာ ကြာမြင့်ပါတယ်ဟု စိုက်ပျိုးရေး ထွက်ကုန်များ အကြောင်းကို ဒေသခံ တောင်သူတစ်ဦးက ရှင်းပြသည်။

အခြားဒေသများနှင့်မတူ အစိုးမရသည့် ရာသီဥတု အခြေအနေနှင့် ဆိုးရွားသည့် နှင်းခါးရိုက်ခြင်းကို ခံစားရသဖြင့် လဲကျရင်း ပြန်လည်နိုးထရင်း ကြိုးပမ်းနေကြရသည့် ချင်းပြည်နယ် တောင်သူများအတွက် အစိုးရ၊ ပုဂ္ဂလိက၊ တောင်သူနှင့် အသင်းအဖွဲ့များ အားလုံးစုပေါင်း ကာ ကြံ့ကြံ့ခံရင်း ကျော်ဖြတ်သွားမည်ဆိုပါက ချင်းပြည်နယ်ဒေသ စိုက်ပျိုးရေး ကဏ္ဍများစွာ ဖွံ့ဖြိုးတိုးတက်လာမည်ဟု ယုံကြည်မိပါကြောင်း တောင်သူဆျန်လျန်က ပြောကြားရင်း တောင်သူတစ်ဦး၏ ခံစားချက်ကို ရင်ဖွင့် ပြသည်။      ။