မုံရွာ  ၁၇  ဖေဖော်ဝါရီ

 

“ချင်းတွင်းမြစ်ကိုကယ်တင်စို့” အမှိုက်ကောက် လူထုလှုပ်ရှားမှုကို ယနေ့ နံနက် ၈ နာရီက စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ချင်းတွင်းမြစ်ဝှမ်း အဖွဲ့အစည်းရုံးရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

11663

 

ချင်းတွင်းမြစ်သည် ဧရာဝတီမြစ်၏ အကြီးဆုံး မြစ်လက်တက်ဖြစ်ပြီး ချင်းတွင်းမြစ်ဝှမ်းနှင့် ဒေသတဝိုက်တွင် ဒေသခံပြည်သူများ ဇီဝမျိုးစုံ မျိုးကွဲများနှင့် ယင်းတို့၏ ဂေဟစနစ် ဝန်ဆောင်မှုများအတွက် အလွန်အရေးပါသော ဂေဟဝန်ဆောင်မှုကို ပံ့ပိုးပေးနေသည့် မြစ်ကြီးတစ်စင်းဖြစ်ပြီး ဇီဝမျိုးစုံမျိုးကွဲများ အဓိက ထိန်းသိမ်းသင့်သည့် (hotspots) ၁၁ နေရာတည်ရှိရာ ဒေသလည်းဖြစ်ပြီး ကမ္ဘာပေါ်တွင် မျိုးသုန်းပျောက်ကွယ်တော့မည့် မျိုးစိတ်ပေါင်း (၃၈)မျိုးတို့ စုဝေးရာ ဒေသတစ်ခုလည်းဖြစ်ကြောင်း သိရသည်။

 

“ဒီနေ့မှာ လူတွေကြောင့် ဒုက္ခရောက်တော့မယ်လို့ မြစ်ကလည်း ကျွန်တော်တို့အပေါ်ကို ယုံကြည်မှု ကင်းမယ့်စေမယ်ဆိုတာ စဉ်းစားရမယ့်အချက် ဖြစ်တယ်၊ ဒါကြောင့် မြစ်ကို ကျွန်တော်တို့က လေးစားတယ်ဆိုရင် မြစ်ကလည်း ကျွန်တော်တို့ကို ပြန်ပြီးလေးစားမှာ ဖြစ်တယ်၊ ဒါကြောင့် ချင်းတွင်းမြစ်နဲ့ ကျွန်တော်တို့ ယုံကြည်မှု တစ်ခုတည်ဆောက်ဖို့ အခုလို လှုပ်ရှားမှုတွေ လုပ်ဆောင်တာပါ၊  ဒီမြစ်ဟာ ကျွန်တော်တို့အတွက် အလွန်တန်ဖိုးရှိတဲ့ မြစ်တစ်ခုဖြစ်အောင် ဆက်ပြီးတော့ ကြိုးစားသွားမယ်မှာပါ၊ နောင်လာမယ့် မျိုးဆက်တွေအထိ အသုံးပြုနိုင်အောင် အသိပညာတွေ ဖြန့်ဝေပေးပြီး လုပ်ဆောင်ကြတာပါ” ဟု မုံရွာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသူရဦးက ပြောသည်။

 

အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ မုံရွာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသူရဦး၊ မုံရွာတက္ကသိုလ် သတ္တဗေဒဌာန ပါမောက္ခဌာနမှူး ဒေါက်တာခင်ဆွေဝင်းတို့က အမှာစကား ပြောကြားပြီး ချင်းတွင်းမြစ်ဝှမ်း အဖွဲ့အစည်း အတွင်းရေးမှူးက ကျေးဇူးတင်စကား ပြောကြားကာ ချင်းတွင်းမြစ်နှင့် ပတ်သက်သည့် ဗီဒီယိုဆလိုက်ကို ပြသခဲ့ကြောင်း သိရသည်။ 

 

“ချင်းတွင်းမြစ်ကို ကယ်တင်စို့” လှုပ်ရှားမှုတွင် မုံရွာတက္ကသိုလ် ပါမောက္ခချုပ်နှင့် ပါမောက္ခဌာနမှူးများနှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ပြည်သူများ စုပေါင်းပြီး မုံရွာမြို့တော်ခန်းမ တစ်ဝိုက်နှင့် မုံရွာမြို့ ချင်းတွင်းမြစ် ကျောက်ဆောင် ဆိပ်ကမ်းဘေးတို့တွင် စုပေါင်းအမှိုက်ကောက်ခဲ့ကြသည်။

 

အဆိုပါ လှုပ်ရှားမှုကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ မြန်မာ့ပတ်ဝန်းကျင်သိပံ္ပ၊ စတော့ဟုမ်း ပတ်ဝန်းကျင်သိပံ္ပ၊ ချင်းတွင်းမြစ်ဝှမ်း အဖွဲ့အစည်းနှင့် မုံရွာတက္ကသိုလ်တို့ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)