ချန်ပီယံလိဂ်ပြိုင်ပွဲ ပွဲစဉ်(၂) အဖြစ် အောက်တိုဘာ ၂ ရက် နံနက် ၁ နာရီခွဲက ယှဉ်ပြိုင်ကစားခဲ့သည့် နာမည်ကြီး ဘာစီလိုနာနှင့် ပီအက်စ်ဂျီအသင်းပွဲစဉ်တွင် ပီအက်စ်ဂျီအသင်းက လူစားဝင် တိုက်စစ်ကစားသမား ရာမို့စ်၏ သွင်းဂိုးကြောင့် နှစ်ဂိုး-တစ်ဂိုးဖြင့် နိုင်ပွဲရရှိခဲ့သည်။
အသင်းကြီးအချင်းချင်း ထိပ်တိုက်တွေ့ဆုံမှုဖြစ်သည့်အတွက် ပွဲစသည်နှင့်တစ်ပြိုင်နက် အပြန်အလှန် ထိုးဖောက်တိုက်စစ်ဆင်မှုများဖြင့် ပြိုင်ဆိုင်မှုပြင်းထန်ပြီး နောက်ဆုံးမိနစ်အပိုင်းအခြားအထိ အကြိတ်အနယ်ရှိခဲ့သည်။ ဘာစီလိုနာအသင်းသည် ပွဲကစားချိန် ၁၉ မိနစ်တွင် ဖာရန်က ဦးဆောင်ဂိုးသွင်းယူပေးနိုင်ခဲ့သော်လည်း အဆိုပါရလဒ်ကို နိုင်ပွဲရသည်အထိ ထိန်းထားနိုင်ခြင်း မရှိခဲ့ပေ။ ချေပဂိုးရရှိရေး ကြိုးပမ်းအားထုတ်လာသော ပီအက်စ်ဂျီအသင်းသည် ပွဲကစားချိန် ၃၈ မိနစ်တွင် ရရှိခဲ့ပြီး မာယူလူက သွင်းယူပေးခဲ့သည်။
ဘာစီလိုနာအသင်းထက် ပီအက်စ်ဂျီအသင်းက သာလွန်သည့် ကစားဟန်ဖြင့် ကစားနိုင်ခဲ့ပြီး ဂိုးပေါက်ခြိမ်းခြောက်မှုအသာနှင့်အတူ ဂိုးရရှိနိုင်သည့်အခွင့်အရေး ပိုမိုဖန်တီးနိုင်ခဲ့သည်။
ပီအက်စ်ဂျီအသင်းအတွက် အနိုင်သေချာစေမည့် ဒုတိယဂိုးကို ပွဲကစားချိန်ပြည့်ခါနီးတွင် လူစားဝင် တိုက်စစ်ကစားသမား ရာမို့စ်က သွင်းယူပေးခဲ့သည်။ ပီအက်စ်ဂျီအသင်းသည် ယခုအနိုင်ပွဲကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် နှစ်ပွဲကစား နှစ်ပွဲနိုင် ရလဒ်ရရှိထားသည်။ ပြိုင်ဘက်ဘာစီလိုနာအသင်းက နှစ်ပွဲကစား တစ်ပွဲနိုင်ပြီး တစ်ပွဲရှုံး ရလဒ်ရရှိထားသည်။
အခြားပွဲစဉ်ရလဒ်များတွင် အာဆင်နယ်က အိုလံပီယာကော့စ်ကို နှစ်ဂိုး-ဂိုးမရှိ၊ ဒေါ့မွန်က ဘီလ်ဘာအိုကို လေးဂိုး-တစ်ဂိုး၊ နာပိုလီက စပို့တင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် နိုင်ပွဲရရှိခဲ့ပြီး လေဗာကူဆင်နှင့် ပီအက်စ်ဗွီအသင်းပွဲစဉ်တွင် တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည်။ ထို့အပြင် မိုနာကိုနှင့် မန်စီးတီးအသင်းပွဲစဉ်တွင် တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့သလို ဗီလာရီးရဲနှင့် ဂျူဗင်တပ်စ်အသင်းပွဲစဉ်တွင်လည်း တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့သည်။
အောင်ဇော်


