ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
သပြုသီးက ကြည့်လိုက်ရင် အရသာရှိမယ်လို့ သိပ်မထင်ရပေမယ့် စားလိုက်တဲ့အခါ သူ့ရဲ့ ချဉ်ပြုံးပြုံးအရသာလေးက တော်တော်လေးစားကောင်းပါတယ်။ ခံတွင်းရှင်းသလို လန်းဆန်းမှုလည်း ရစေပါတယ်။ ဟင်းချက်တဲ့အခါ အချဉ်အရသာရအောင် ထည့်ချက်ကြတဲ့ မရမ်းသီး၊ မန်ကျည်းသီးတို့နဲ့မတူဘဲ သပြုသီးချဉ်ရဲ့ အရသာလေးက စားရတာခံတွင်းတွေ့လှပါတယ်။
သပြုသီးဆိုတာ
သပြုသီးရဲ့ သိပ္ပံနာမည်က Dillenia indica ဖြစ်ပြီး အရှေ့တောင်အာရှဒေသ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ သီရိလင်္ကာ၊ တရုတ်နိုင်ငံအနောက်တောင်ပိုင်း၊ ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းနဲ့ မြန်မာနိုင်ငံတို့မှာ ပေါက်ရောက်ကြပါတယ်။ သပြုပင်က ပူနွေးစိုစွတ်သော ရာသီဥတုမှာ ပေါက်ရောက်တတ်ကြပြီး အမြဲစိမ်းအပင်တစ်မျိုးပါ။ အပင်ကြီးတစ်မျိုးဖြစ်ပြီး ပေ ၃၀ ကနေ ၈၀ အထိမြင့်တတ်ကြပါတယ်။ သပြုပင်က အရွက်၊ အသီး၊ အခေါက်အားလုံးနီးပါးက အသုံးတည့်ကြတာပါ။
သပြုသီးမှာပါတဲ့ အာဟာရဓာတ်တွေက ဘာတွေလဲ………..
သပြုသီးမှာ
- ဘီတာကယ်လ်ရိုတင်း
- ဗီတာမင် A
- ဗီတာမင် B
- ဗီတာမင် C
- သီရာမင်း
- ရီဗိုဖလာဗင်
- ကာဗိုဟိုက်ဒရိတ်
- ပရိုတင်း
- သံဓာတ်
- အမျှင်ဓာတ်
- ပိုတက်ဆီယမ်
- ကယ်လ်ဆီယမ်
- ဖော့စဖရိတ်
- အဆီဓာတ် တို့ပါဝင်နေပါတယ်။
သပြုသီးက ဘယ်လိုဆေးဖက်ဝင်လဲ……
သပြုသီးကို စားသုံးပေးတာက အခုလို ကျန်းမာရေးအကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။
သွေးပေါင်ချိန် ထိန်းညှိပေးတယ်
ငှက်ပျောသီးလိုမျိုး ပိုတက်ဆီယမ်ပါဝင်မှုမများပေမယ့် သပြုသီးက သွေးပေါင်ချိန်ကို ကောင်းကောင်းထိန်းညှိပေးနိုင်ပါတယ်။ သွေးတိုးရှိသူတွေအတွက် အဆင်ပြေသလို သွေးတိုးမဖြစ်အောင် ကာကွယ်ချင်သူတွေအတွက်လည်း အထူးသင့်တော်ပါတယ်။ သွေးပေါင်ချိန်ကိုထိန်းညှိပေးသလို သွေးတွင်းက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးပါတယ်။
မျက်လုံးကျန်းမာစေနိုင်ပါတယ်
သပြုသီးမှာ မျက်လုံးအတွက် အရေးပါတဲ့ အာဟာရဓာတ်တစ်မျိုးဖြစ်တဲ့ ဗီတာမင် A ကြွယ်ဝစွာ ပါဝင်နေတာကြောင့် မျက်စိကျန်းမာစေနိုင်ပါတယ်။ အမြင်အာရုံဝေဝါးတာ၊ အသက်အရွယ်ကြောင့်ဖြစ်တဲ့ အမြင်အာရုံချို့ယွင်းတာတွေကို သိသိသာသာ သက်သာစေနိုင်ပါတယ်။ မျက်လုံးကျန်းမာရေးကို စောင့်ရှောက်တဲ့အနေနဲ့လည်း သပြုသီးကို စားပေးလို့ရပါတယ်။
ကိုယ်ခံအားကောင်းစေနိုင်တယ်
ဗီတာမင် C ကြွယ်ဝစွာပါဝင်နေတာကြောင့် ကိုယ်ခံအားကို အကောင်းဆုံး တိုးမြှင့်ပေးနိုင်ပါတယ်။ ခန္ဓာကိုယ်ကို အအေးမိဖျားနာတာတွေကနေ အထိရောက်ဆုံးကာကွယ်ပေးပြီး အခြားသောရောဂါတွေ ကူးစက်ဝင်ရောက်မခံရအောင်လည်း အကောင်းဆုံးကာကွယ်ပေးနိုင်မှာပါ။
အသားအရေကျန်းမာစေနိုင်တယ်
အရေပြားကို အိုမင်းရင့်ရော်စေနိုင်တဲ့ free radicals တွေကို တိုက်ထုတ်ပေးတဲ့ ဗီတာမင် C ကြွယ်ဝစွာပါဝင်နေတာကြောင့် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို အကောင်းဆုံး တားဆီးပေးနိုင်ပါတယ်။ အသားအရေကို ကြည်လင်ပြီး အရွယ်တင်နုပျိုစေချင်ရင်တော့ သပြုသီးစားပေးလို့ရပါတယ်။
ခန္ဓာကိုယ်ကို အင်အားပြည့်စေနိုင်တယ်
ဗီတာမင် B ကြွယ်ဝစွာပါဝင်နေတာကြောင့် ခန္ဓာကိုယ်မှာ အားမရှိတာ၊ ခြေကုန်လက်ပမ်းကျတာမျိုးတွေ မဖြစ်အောင် အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ ပင်ပန်းလွယ်သူတွေ စားသုံးပေးသင့်ပါတယ်။ ဦးနှောက်နဲ့ အာရုံကြောဆဲလ်တွေကိုလည်း အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။
သွေးအားနည်းရောဂါမဖြစ်အောင် ကာကွယ်ပေးတယ်
ခန္ဓာကိုယ်ကျန်းမာစေဖို့ လိုအပ်တဲ့ဓာတ်တစ်မျိုးဖြစ်တဲ့ သံဓာတ်ကိုလည်း ပြည့်ဝအောင်ထောက်ပံ့ပေးပါတယ်။ ဒါကြောင့် သံဓာတ်အားနည်းပြီး သွေးအာနည်းရောဂါ မဖြစ်စေဖို့ဆိုရင် သပြုသီးကို စားပေးလို့ရပါတယ်။ သွေးအားကောင်းသလို၊ သွေးကြောလေးတွေကို ကျန်းမာစေပြီး သွေးတွင်းအဆိပ်အတောက်ကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။
ဒါတွေအပြင် သပြုသီးက အစာအိမ်အနာကို သက်သာစေသလို၊ ဆံသားကိုကျန်းမာစေပြီး ဗောက်ပျောက်စေနိုင်ပါတယ်။ နှလုံးနဲ့အသည်းကိုကျန်းမာစေနိုင်သလို ဆီးချိုရောဂါကိုလည်း သက်သာစေနိုင်ပါသေးတယ်။ စမ်းသပ်ဆဲရလဒ်တစ်ခုအရကတော့ ကင်ဆာကိုပါ ကာကွယ်ပေးတယ်လို့ဆိုပါတယ်။
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”


