ကန့်ဘလူ ၁၄  ဖေဖော်ဝါရီ 
     

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက် ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် ချပ်သင်းတောရိုင်း တိရစ္ဆာန်ဘေးမဲ့တောသို့ လာရောက်လည်ပတ်မည့်ခရီးသွားဧည့်သည်များ တည်းခိုနားနေနိုင်ရန် ဧည့်ရိပ်သာဆောက်လုပ်မှု ပြီးစီးသွားပြီဖြစ်ကြောင်း ဘေးမဲ့တောအုပ်ချုပ်ရေးမှူး ဦးမင်းဆွေ ထံမှ သိရသည်။
     

ဘေးမဲ့တောအတွင်း အချိန်ယူ၍ သဘာဝအတိုင်းကျက်စားမှုများကို လေ့လာကြည့်ရှုလိုသည့်ခရီးသွားဧည့်သည်များ တည်းခိုနားနေနိုင်ရန်အတွက် ဧည့်သည် ၁၆ ဦး တည်းခိုနိုင်မည့် ရှစ်ခန်းတွဲတစ်ထပ်သစ်လုံးအိမ်ဧည့်ရိပ်သာ ဆောက်လုပ်ုပြီးစီးခဲ့ခြင်းဖြစ်သည်။ အဆိုပါ အဆောက်အဦကို ရွှေမြေပဒေသာကုမ္ပဏီက ဆောက်လုပ်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
     

ဆက်လက်၍ Myanmar Hydro Power Development(MHPD) ကုမ္ပဏီ၏လှူဒါန်းမှုဖြင့် ယင်းအဆောက်အအုံတွင် အဲယားကွန်းတပ်ဆင်ခြင်း၊ ဗီရို၊စားပွဲ၊ ကုလားထိုင်၊ ခုတင် စသည့်ပရိဘောဂပစ္စည်းများထားရှိနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။


ထို့ပြင် ဘေးမဲ့တောသို့ လာရောက်လေ့လာသည့် ခရီးသွားဧည်သည်များ အနေဖြင့်တောတွင်းသဘာဝအတိုင်း ကျင်လည်ကျက်စားနေသည့် မြန်မာ့ရွှေသမင်များကို လိုက်လံကြည့်ရှုရန်အချိန်မရပါက မြန်မာ့ရွှေသမင်များကိုအလွယ်တကူ လေ့လာကြည့်ရှုနိုင်ရန် သမင်ခြံ ငါးဧက ဆောက်လုပ်ထားရှိပြီး ခြံအတွင်းစုစုပေါင်း ရွှေသမင်(အထီး၊အမ ) ၁၅ ကောင်ထည့်သွင်းပြသသွားမည်ဖြစ်ပြီး ယခုအခါ ရွှေသမင် သုံးကောင် ထည့်သွင်းထားပြီးကြောင်း သိရသည်။
 

သမင်ခြံနှင့်ဆက်စပ်၍ စမ်းမြောင်စခန်းတွင်ဖွင့်လှစ်ပြသထားသော သဘာဝသမိုင်းပြတိုက်၌ ချပ်သင်းဘေးမဲ့တော၏ နေရင်း သဘာဝတောကောင်များ၊ လိပ်ပြာနှင့်အင်းဆက်များ၊ကုန်းနေ၊ရေနေတွားသွားသတ္တဝါများ၊ငှက်မျိုးစိတ်များ စသည်တို့ကို အချက်အလက် မှတ်တမ်းများ၊ ဓာတ်ပုံများ၊ ရုပ်လုံးသွင်းအကောင်များ၊ ဆေးစိမ်အကောင်များ အစရှိသဖြင့် လေ့လာကြည့်ရှုနိုင်မည်ဖြစ်
ကြောင်း သိရသည်။
     

လာရောက်လေ့လာသူ ဧည့်သည်များအနေဖြင့် စမ်းမြောင်စခန်းဧည့်ရိပ်သာတွင် တည်းခိုးပြီး ပြတိုက်၊သမင်ခြံတို့မှတစ်ဆင့် ဘေးမဲ့တောအတွင်း အထူးထိန်းသိမ်းရေးဇုန်၌ တည်ရှိသည့်ကင်းစမ်းစခန်းဧရိယာသို့လည်းကောင်း၊ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဇုန်အတွင်း တည်ရှိသည့် တံခွန်တိုင်စခန်းနှင့် ကျေးအင်းရေပြင် ဧရိယာသို့လည်းကောင်း သွားရောက်ပြီး မြန်မာ့ရွှေသမင်များနှင့် တောရိုင်း တိရစ္ဆာန်များ၊ ဒေသရင်းငှက်မျိုးများနှင့် ဆောင်းခိုငှက်မျိုးစိတ်များ၊ ကျေးအင်းအတွင်း ပေါက်ဖွားနေသောရေ နေသတ္တဝါမျိုးစိတ်များနှင့် ကုန်းနေ၊ ရေနေသတ္တဝါမျိုး စိတ်များ၊ သစ်ခွအမျိုးမျိုးနှင့် ဆေးဖက်ဝင်အပင်များ၊ အင်တိုင်းတော ဂေဟစနစ်မှ လူသားတို့အကျိုးအတွက် အထောက်အပံ့ပြုမည့် အသေးစား သစ်တောထွက်ပစ္စည်းအမျိုးမျိုးနှင့် သစ်ပင်မျိုးစိတ်များကိုလည်း လေ့လာနိုင်မည်ဖြစ်ကြောင်း သိရသည်။ ဘေးမဲ့တော၌ ပေါက်ရောက်သော အပင်များအနေဖြင့် သစ်ပင်မျိုးစိတ် ၃၀၄ မျိုးပေါက်ရောက်ကြောင်း သိရသည်။
 

ချပ်သင်းတောရိုင်း တိရစ္ဆာန်ဘေးမဲ့တောအတွင်း သားငှက်တိရစ္ဆာန်များအနေဖြင့် သမင်၊ ချေ၊ခွေးအ၊ တောကြောင်၊ မျောက်စပ်၊ လိပ်ဝါ၊ ရှဉ့် စသည့် နို့တိုက်သတ္တဝါများ၊ မြွမျေိုးစိတ်များ၊ နဖားကြူး၊ စွေ့၊ ဆောင်းခိုငှက်များနှင့် ဒေသရင်းငှက်မျိုးစိတ် ၂၄၁ မျိုး၊ ကုန်းနေ၊ ရေနေတွားသွားသတ္တဝါ ၅၄ မျိုး၊ လိပ်ပြာမျိုးစိတ် ၆၅ မျိုးနှင့်အင်းဆက်ပိုးမွှားများကို လေ့လာနိုင်ကြောင်းသိရသည်။
     

ချပ်သင်းဘေးမဲ့တောကို မျိုးသုဉ်းမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် မြန်မာ့ရွှေသမင်နှင့် ယင်းတို့မှီခိုသည့် တောများကို ကာကွယ်ထိန်းသိမ်းရန်၊ သဘာဝပတ်ဝန်းကျင် ရေမြေအပါအဝင် အခြားဇီဝမျိုးစုံမျိုးကွဲများအား ရေရှည်တည်တံ့နိုင်ရေးနှင့် အင်တိုင်းတောဂေဟစနစ်ကို ကာကွယ်ထိန်းသိမ်းသွားရန်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ပညာပေးဌာနတစ်ခုအဖြစ် ရပ်တည်ဆောင်ရွက်သွားရန်၊ သဘာဝပတ်ဝန်းကျင် သိပ္ပံပညာရပ်မြှင့်တင်နိုင်ရန်၊ သုတေသနလုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်သွားရန်၊ ဒေသန္တရဖွံ့ဖြိုးရေးနှင့်သဘာဝအခြေခံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးဆောင်ရွက်သွားရန် ရည်ရွယ်ချက်များဖြင့် ထိန်းသိမ်းကာကွယ်လျက်ရှိကြောင်း အုပ်ချုပ်ရေးမှူး ဦးမင်းဆွေက ပြောကြားသည်။


အောင်ဝင်းငြိမ်း(ကန့်ဘလူ)

 

123