ပရီမီယာလိဂ်ပွဲစဉ် (၃)မှ စက်တင်ဘာ ၁ ရက် နံနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် အက်စ်တွန်ဗီလာနှင့် ခရစ္စတယ်ပဲလေ့စ်အသင်းပွဲစဉ်တွင် ခရစ္စတယ်ပဲလေ့စ်အသင်းက တိုက်စစ်ခြေစွမ်းပြကာ သုံးဂိုးပြတ်အနိုင်ရရှိခဲ့သည်။
ပွဲကစားချိန် ၂၁ မိနစ်တွင် ခရစ္စတယ်ပဲလေ့စ်အသင်းအတွက် တိုက်စစ်ကစားသမား မာတီတာက ပယ်နယ်တီမှတစ်ဆင့် အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူပေးနိုင်ခဲ့သည်။
အက်စ်တွန်ဗီလာအသင်းသည် ဦးဆောင်ဂိုးခွင့်ပြုပေးလိုက်ရပြီးနောက် ချေပဂိုးရရှိရေး ကြိုးပမ်းလာသော်လည်း ပြိုင်ဘက်အသင်းခံစစ်နှင့် ဂိုးသမားတို့ကို ကျော်ဖြတ်နိုင်စွမ်းမရှိသည့်အတွက် အခက်တွေ့ခဲ့ရသည်။ ခရစ္စတယ်ပဲလေ့စ်အသင်းအတွက် ဒုတိယဂိုးနှင့် တတိယဂိုးကို ပွဲကစားချိန် ၆၈ မိနစ်နှင့် ၇၈ မိနစ်တို့တွင် ဂေဟီနှင့် ဆားရ်တို့က သွင်းယူပေးခဲ့သည်။
ခရစ္စတယ်ပဲလေ့စ်အသင်းသည် ယခုပွဲစဉ် နိုင်ပွဲရရှိခဲ့သည့်အတွက် ပရီမီယာလိဂ် သုံးပွဲကစားပြီး တစ်ပွဲနိုင်၊ နှစ်ပွဲသရေ ရလဒ်ရရှိထားသည်။ ပြိုင်ဘက် အက်စ်တွန်ဗီလာအသင်းက သုံးပွဲကစားပြီး နိုင်ပွဲရရှိထားခြင်းမရှိသေးဘဲ တစ်ပွဲသရေနှင့် နှစ်ပွဲရှုံးရလဒ်ရရှိထားသည်။
အောင်ဇော်


