အီးအက်ဖ်အယ်ဖလားပြိုင်ပွဲ စတုတ္ထအဆင့်မှ   အောက်တိုဘာ ၃၀ ရက် နံနက် ၂ နာရီ ၁၅ မိနစ် က ယှဉ်ပြိုင်ကစားခဲ့သည့် လီဗာပူးနှင့် ခရစ္စတယ်ပဲလေ့စ်အသင်းပွဲစဉ်တွင် ခရစ္စတယ်ပဲလေ့စ်အသင်းက သုံးဂိုးပြတ်အနိုင်ရရှိကာ   နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။

လီဗာပူးအသင်းသည် ခရစ္စတယ်ပဲလေ့စ်အသင်းကို ရှုံးနိမ်ခဲ့သည့်အတွက် နောက်ဆုံးပြိုင်ပွဲစုံ ၇ ပွဲတွင် ရှုံးပွဲခြောက်ပွဲအထိ ရှိလာပြီဖြစ်သည်။ ခရစ္စတယ်ပဲလေ့စ်အသင်းသည် ဩဂုတ် ၁၀ ရက်က  ယှဉ်ပြိုင်ကစားခဲ့သည့် ကွန်မြူနတီဒိုင်းလုပွဲတွင် လီဗာပူးအသင်းကို ပယ်နယ်တီအဆုံးအဖြတ်တွင် သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သလို  စက်တင်ဘာ ၂၇ ရက်က  ယှဉ်ပြိုင်ကစားခဲ့သည့် ပရီမီယာလိဂ်ပွဲစဉ်  ၆ တွင်လည်း လီဗာပူးအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ယူထားသည်။

လီဗာပူးအသင်းမှ ခံစစ်ကစားသမား အမရာနယ်လိုသည် ပွဲချိန် ၇၉ မိနစ်တွင် အနီကတ်ပြထုတ်ပယ်ခံခဲ့ရသည်။ ခရစ္စတယ်ပဲလေ့စ်အသင်းကသာ ဂိုးရရှိရန် နီးစပ်သည့်အခွင့်အရေး ဖန်တီးမှုများနှင့်အတူ ပွဲကိုထိန်းချုပ်ကစားနိုင်ခဲ့ပြီး သွင်းဂိုးများရယူကာ အရေးပါသည့်နိုင်ပွဲကို ဖော်ဆောင်နိုင်ခဲ့သည်။

အခြားပွဲစဉ်ရလဒ်များတွင် အာဆင်နယ်က ဘရိုက်တန်ကို နှစ်ဂိုး-ဂိုးမရှိ၊ မန်စီးတီးကဆွမ်ဆီးကို သုံးဂိုး - တစ်ဂိုး၊  ချယ်ဆီးက ဝုဖ်ကို အကြိတ်အနယ်ကစားပြီး လေးဂိုး-သုံးဂိုး၊ နယူးကာဆယ်က စပါးအသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့်  နိုင်ပွဲအသီးသီးရရှိခဲ့သည်။                   

အော်ဇော်