အီတလီစီးရီးအေ   ပွဲစဉ်(၁၃) အဖြစ် ဒီဇင်ဘာ ၂ ရက် နံနက် ၂ နာရီ ၁၅ မိနစ်က ယှဉ်ပြိုင်ကစားခဲ့သည့် ဘိုလော့ဂ်နာနှင့် ခရီမွန်းနိစ်အသင်းပွဲစဉ်တွင် ခရီမွန်းနိစ်အသင်းက တိုက်စစ်ကစားသမား ဗာဒီ၏ သွင်းဂိုးများနှင့်အတူ သုံးဂိုး- တစ်ဂိုးဖြင့် နိုင်ပွဲရရှိခဲ့သည်။

စက်တင်ဘာလက စီးရီးအေကလပ် ခရီမွန်းနိစ်အသင်းသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့်  ရောက်ရှိလာသော တိုက်စစ်ကစားသမား ဗာဒီသည် စီးရီးအေ ကိုးပွဲတွင် သွင်းဂိုး လေးဂိုးရှိလာပြီဖြစ်သည်။

ဘိုလော့ဂ်နာအသင်းသည် ခရီမွန်းနိစ်အသင်းထက် ပိုမိုကောင်းမွန်သည့် ကစားဟန်၊ သာလွန်သည့် ဂိုးပေါက်ကန်သွင်းချက်များဖြင့် ပွဲချိန်အများစု ထိန်းချုပ်ကစားနိုင်ခဲ့သော်လည်း ပြိုင်ဘက်အသင်း ခံစစ်နှင့် ဂိုးသမားတို့    အကောင်းဆုံးဟန့်တားကာကွယ်ထားနိုင်သည့်အတွက် ရှုံးပွဲကြုံတွေ့ခဲ့ခြင်း ဖြစ်သည်။

ခရီမွန်းနိစ်အသင်းဂိုးသမား အူဒါရိုသည်  ဘိုလော့ဂ်နာအသင်း၏ ဂိုးရရှိနိုင်သည့် အခွင့်အရေးများစွာကို လက်စွမ်းပြကာကွယ်ထားနိုင်သည်။  ဘိုလော့ဂ်နာအသင်းအတွက် သွင်းဂိုးကို အော်ဆိုလီနီက  သွင်းယူပေးပြီး  ခရီမွန်းနိစ်အသင်းအတွက် သွင်းဂိုးများကို ပါယာရိုနှင့် ဗာဒီတို့က သွင်းယူပေးခဲ့သည်။

ခရီမွန်းနိစ်အသင်းသည် ယခုအနိုင်ပွဲကြောင့် စီးရီးအေ ၁၃ ပွဲကစားပြီး ရမှတ် ၁၇ မှတ်ဖြင့်  အမှတ်ပေးဇယား အဆင့် (၁၁) တွင် ရပ်တည်နိုင်ခဲ့သည်။

အောင်ဇော်