စိုက်ပျိုးမွေးမြူရေးနှင့် ဆက်စပ်တက္ကသိုလ်များတွင် မိုးလေဝသပညာ၏အရေးပါမှု(အပိုင်း - က)
ဒေါက်တာမျိုးကြွယ် (ပါမောက္ခချုပ်-ငြိမ်း)
ထပ်မံပြီး စာရေးသူကြုံတွေ့ခဲ့ရသော နိုင်ငံတကာတက္ကသိုလ်၊ ကောလိပ်၊ အသက်မွေးပညာသင် ကျောင်းများနှင့် ထိုနိုင်ငံများရှိ စိုက်ပျိုး၊ မွေးမြူ၊ ဆက်စပ်တက္ကသိုလ်များတွင် အရေးပါလှသော မိုးလေဝသပညာသင်ကြား၊ သုတေသနပြုနေမှု အခန်းကဏ္ဍကို ဆက်လက်ဆွေးနွေးပါမည်။
ဤဘာသာရပ်က မိမိတို့နိုင်ငံတွင် ဘာသာရပ်ပေါင်းစုံ၊ ဌာနပေါင်းစုံ လိုအပ်နေသော ဘာသာရပ် ကြီးဖြစ်ပါသည်။ မိုးခေါင်၊ ရေကြီး၊ မုန်တိုင်းတိုက်၊ အချိန်ခါမဟုတ် မိုးရွာသွန်းမှု စသည်တို့သည် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများအပြင် ပြည်သူ အားလုံးသိသင့်သော ပညာရပ်ဖြစ်ပါသည်။
လက်တွေ့မိုးလေဝသပညာအရေးပါမှုနှင့် စီးပွားရေးဆိုင်ရာဆက်စပ်မှု
စိုက်ပျိုးမွေးမြူရေး။ မြန်မာနိုင်ငံသည် စိုက်ပျိုးမွေးမြူရေးနိုင်ငံဖြစ်သဖြင့် မိုးရေချိန်၊ မုန်တိုင်း အခြေအနေ၊ မိုးခေါင်ခြင်း၊ ရေလွှမ်းခြင်းများကို ကြိုတင်ခန့်မှန်းနိုင်ခြင်းသည် စိုက်ပျိုးမွေးမြူ ရေးသမားများအတွက် အသက်သွေးကြောပင် ဖြစ်ပါသည်။ ကောက်ပဲသီးနှံ စိုက်ပျိုးချိန်၊ ရိတ်သိမ်းချိန်တို့ကို ရာသီဥတုအခြေအနေအရ ညှိပေးနိုင်ပါသည်။
ကူးသန်းသွားလာရေးနှင့် ရေကြောင်းခရီး။ လေကြောင်းခရီးစဉ်များ၊ ရေကြောင်းသွားလာ ရေးအတွက် မိုးလေဝသခန့်မှန်းချက်များသည် အလွန်အရေးကြီးပါသည်။ ဆိုးရွားသော ရာသီ ဥတုဒဏ်မှ ရှောင်ရှားကာ လုံခြုံရေးနှင့် စီးပွားရေး ဆုံးရှုံးမှုကို လျှော့ချနိုင်ပါသည်။
ဘေးအန္တရာယ်ကာကွယ်ရေး။ ဆိုင်ကလုန်းမုန်တိုင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်သတိပေးနိုင်ခြင်းဖြင့် လူ့အသက်ပေါင်းများစွာကို ကယ်ဆယ်နိုင်ပြီး ပစ္စည်းဥစ္စာ ဆုံးရှုံးမှုကို လျှော့ချနိုင်ပါသည်။
နိုင်ငံတကာတွင် တက္ကသိုလ်အချို့၌ မိုးလေဝသ ပညာသီးသန့် (B.Sc. Meteorology) အနေဖြင့် ဘွဲ့ပေးပါသည်။ သီးသန့်ဘွဲ့မပေးသော်လည်း မိုးလေဝသ၊ ရာသီဥတုပညာ၊ စိုက်ပျိုးရေးမိုးလေဝသ (Agro-meteorology) စသည်တို့မှာ ဘာသာရပ် သီးခြားအနေဖြင့် သင်ကြားပေးလျက်ရှိနေပါသည်။ စာရေးသူ ဩစတြေးလျနိုင်ငံ ကွင်းစလန်တက္ကသိုလ် ၌ မဟာစိုက်ပျိုးရေးပညာ သင်တန်းတက်တုန်းက ဇီဝရာသီဥတုပညာ (Bioclimatology) ဘာသာရပ်ကို သီးသန့်ဘာသာရပ်အနေဖြင့် တက်ခဲ့ရဖူးပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သစ်တောတက္ကသိုလ်များအတွက် ဇီဝဖြစ်စဉ်နှင့်ဆိုင်သော ရာသီဥတု ပညာ (Bioclimatology)၊ စိုက်ပျိုးရေးမိုးလေဝသပညာ (Agro-meteorology) တို့နှင့် သက်ဆိုင်လိမ့် မည်ထင်ပါသည်။ ဤဘာသာရပ်ကို ဌာနသီးသန့် မဟုတ်သည့်တိုင် ဘာသာရပ်တစ်ခုအနေဖြင့် သီးသန့် သင်ကြားသုတေသနပြုပေးနိုင်ပါက အကျိုးရှိမည်ဟု ထင်မြင်မိပါသည်၊
မိုးလေဝသပညာ(Meteorology) ၏ အဓိပ္ပာယ်
မိုးလေဝသပညာ ဆိုသည်မှာ ကမ္ဘာ့လေထုနှင့် မိုးလေဝသဖြစ်စဉ်များကို သိပ္ပံနည်းဖြင့် လေ့လာသည့် ဘာသာရပ်ဖြစ်သည်။ (The scientific study of the Earth's atmosphere, its physical processes, and phenomena, with a particular focus on understanding and forecasting the weather)။ ဤဘာသာရပ်သည် အနာဂတ်အတွက် မိုးလေဝသ အခြေအနေများကို ခန့်မှန်းကြည့်ရှုရန် အဓိကထားသည်။ လေ့လာသောအရာများ/အချက်အလက်များမှာ အပူချိန်၊ မိုးရွာမှု၊ လေအရှိန်၊ စိုထိုင်းဆ၊ မိုးကြိုး၊ လျှပ်စီးလက်သံများစသည်တို့ဖြစ်ပါသည်။
ရည်ရွယ်ချက်။ နေ့စဉ် သို့မဟုတ် သီတင်းပတ်အတွင်း မိုးလေဝသခန့်မှန်းချက် ပြုလုပ်ခြင်း ဖြစ်ပါသည်။
ရာသီဥတုပညာ(Climatology)၏ အဓိပ္ပာယ်
ရာသီဥတုပညာ ဆိုသည်မှာ တစ်ဒေသ ဒေသအလိုက် ရာသီဥတုပုံစံများကို ရာစုနှစ်အထိ တာရှည်ကြာမြင့်စွာ လေ့လာသည့် ဘာသာရပ်ဖြစ်သည်။ ယင်းသည် ရှည်လျားသော အချိန်အတွင်း (အနည်းဆုံး နှစ် ၃၀) တည်ရှိနေသော ရာသီဥတုပုံစံများကို သိပ္ပံနည်းဖြင့် ဆန်းစစ်လေ့လာသောပညာ ဖြစ်ပါသည်။
ပါဝင်သောအရာများ။ တာရှည်အပူချိန်ပြောင်းလဲမှုများ၊ ပျမ်းမျှမိုးရွာနှုန်းများ၊ မိုးခေါင်မှုနှင့် ရေကြီးမှုဒဏ်များ၊ ရာသီဥတုခွဲခြားထားသောဒေသများ (Climate Zones)၊ ကမ္ဘာကြီးပူနွေးလာမှု (Global Warming) စသည်တို့ဖြစ်ပါသည်။
ရည်ရွယ်ချက်။ လေထု၏ ရာသီဥတုဆိုင်ရာ ရေရှည်ဖြစ်ပေါ်၊ ကျရောက်နိုင်သည့် ပုံစံများကို နားလည်ရန် ဖြစ်သည်။
မိုးလေဝသဘာသာရပ်များနှင့် ဆက်စပ်ဘာသာရပ်များ
(က) မိုးလေဝသပညာ (Meteorology)
(ခ) ရာသီဥတုပညာ (Climatology)
(ဂ) ဇလဗေဒ (Hydrology) ဥပမာ - မြစ်ချောင်းများ ရေကြီးနစ်မြုပ်မှု၊ ရေခန်းခြောက်၍ ရေကြောင်း ပို့ဆောင်ရေးအား စနစ်တကျ ညွှန်ကြားမှုကို လေ့လာခြင်း
(ဃ) ကမ္ဘာ့လေထုဆိုင်ရာသိပ္ပံပညာ (Atmospheric Science)
(င) ပထဝီပညာ (Geography)
(စ) ရူပဗေဒ (Physics)
(ဆ) သင်္ချာ (Mathematics) စသည့် ဘာသာရပ်များ ဖြစ်ပါသည်။
ထို့အပြင် မြေ၊ ရေ သိပ္ပံနှင့် အသုံးချဘာသာကြီးများ (Earth, Water Sciences and Applied Sciences) ဖြစ်သော-
(ဇ) ဘူမိဗေဒ (Geology)
(ဈ) သမုဒ္ဒရာပညာ (Oceanography)
(ည) နက္ခတ္တဗေဒပညာ (Astronomy) တို့ကိုလည်း ဆက်စပ်လေ့လာရမည်ဖြစ်ပါသည်။
မိုးလေဝသနှင့် ရာသီဥတုကြိုတင်ခန့်မှန်းချက် (Weather’s Forcasting) ကြောင့် စစ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ လေကြောင်းပို့ဆောင်ရေးနှင့် ဆက်စပ်အရာများ၊ ဆောက်လုပ်ရေး၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုများနှင့် နောက်ဆုံး စိုက်ပျိုး မွေးမြူရေးပညာအထိ ထိရောက်စွာ အသုံးချနိုင်မှုက အရေးပါလာပါသည်။
ထိုမှတစ်ဆင့် အသေးစိတ်၍ ဇီဝရာသီဥတုပညာ/ ဇီဝမိုးလေဝသပညာ ဘာသာခွဲ (Bio-climatology/Biometeorology)၊ စိုက်ပျိုးရေးမိုးလေဝသ ပညာဘာသာခွဲ (Agro-meteo rology/Agricultural Meteorology) စသည်တို့ လေ့လာသင်ယူ၊ သုတေသနပြုရန် လိုအပ်လာပါသည်။
စာရေးသူ၏အတွေးတစ်စ
လက်ရှိမိမိတို့ စိုက်ပျိုးမွေးမြူရေးတက္ကသိုလ်များ၌ ရှိနေသော အခြေခံသိပ္ပံဘာသာရပ်များ (Basic Sciences in Agriculture Universities)၏ သင်ကြား၊ သုတေသနပြုနေမှုကို အဆင့်မြှင့်တင်ရန် လိုအပ်မည်ဟူ၍ အကြံပြုလိုပါသည်-
(က) ပထမဦးဆုံး မိုးလေဝသဘာသာနှင့် ဆက်စပ် ဘာသာရပ်တစ်ခုဖြစ်သော ရူပဗေဒ ဖြစ်ပါသည်။ စာရေးသူတို့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ စိုက်ပျိုးရေး သုတေသန တက္ကသိုလ် (IARI – Indian Agricultural Research Institute)သို့ လေ့လာရေးခရီးသွား ရောက်ခဲ့စဉ်က တွေ့ရှိခဲ့ရသော စိုက်ပျိုးရေးဆိုင်ရာရူပဗေဒဌာနကြီး (Division of Agricultural Physics) ဖြစ်ပါသည်။ ၁၉၄၈ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့သော ဤဌာနကြီးသည် အထူးပြု ဘာသာရပ်လေးခုကို သင်ကြား၊ လေ့လာ၊ သုတေသန ပြုလျက်ရှိပါသည်။ ယင်းတို့မှာ -
(က-၁) မြေဆီလွှာရူပဗေဒ (Soil Physics)
(က-၂) အပင်ဇီဝရူပဗေဒ (Plant Biophysics)
(က-၃) ပတ်ဝန်းကျင်ဆိုင်ရာရူပဗေဒ (En-vironmental Physics)နှင့်
(က-၄) စိုက်ပျိုးမွေးမြူရေးဆိုင်ရာ မိုးလေဝသပညာ (Agricultural Meteorology) တို့ ဖြစ်ပါသည်။
သုတေသနနယ်ပယ်များမှာ - စိုက်ပျိုးရေးဆိုင်ရာ ရူပဗေဒ၊ ရာသီဥတုပြောင်းလဲမှု၊ သီးနှံရာသီဥတု ဆက်စပ်မှု၊ သီးနှံကြီးထွားပုံ- ပုံစံငယ်ပြုလုပ်ခြင်း နည်းပညာ၊ ဇီဝနှင့် အပင်ရူပဗေဒ၊ မြေဆီလွှာဆိုင်ရာ အချက်အလက်များ၊ ပထဝီအချက်အလက်နည်းစနစ်၊ အပင်များကိုအဝေးမှ အာရုံခံခြင်းနည်းပညာ၊ သဘာဝဘေးဒဏ်စီမံခန့်ခွဲမှု၊ သီးနှံအထွက် ခန့်မှန်း စနစ် ပုံစံနည်းပညာ၊ အလွန်အသေးစိတ်သော မိုးလေဝသပညာ၊ နာနိုနည်းပညာ၊ ဒရုန်းနည်းပညာ၊ ဇီဝအာရုံခံနည်းပညာများ စသည်ဖြင့် ဘာသာရပ် ပေါင်းစုံလင်လှပါသည်။
ဆိုလိုသည်မှာ စိုက်ပျိုးရေးဆိုင်ရာ ရူပဗေဒ ပညာရှင်ပေါင်းစုံက စိုက်ပျိုးရေးပညာ ဖွံ့ဖြိုး တိုးတက်ရေးအတွက် တစ်နည်းတစ်လမ်းအားဖြင့် ထောက်ပံ့ကူညီနေကြခြင်းဖြစ်ပါသည်။ ဤ တက္ကသိုလ်တွင် စိုက်ပျိုးရေးအင်ဂျင်နီယာဌာနကြီး (Division of Agricultural Engineering) ကလည်း အင်ဂျင်နီယာပေါင်းစုံ ဌာနကြီးဖြစ်နေ၍ မိုးလေဝသ ပညာအတွက် အထောက်အကူပြုပေးနေပါသည်။ စိုက်ပျိုးရေးတက္ကသိုလ်အပါအဝင် မြန်မာနိုင်ငံ တက္ကသိုလ် အများစုတွင် ဘာသာရပ်စုံသင်ကြားပေးသောတက္ကသိုလ်များဖြစ်ရန် ဖွဲ့စည်းပုံ ပြင်ဆင် ဆောင်ရွက်ရပါဦးမည်။
(မိုးလေဝသဆိုင်ရာဘာသာရပ်များအကြောင်း နောက်ဆောင်းပါးများတွင် ဆက်ပါဦးမည်။)


