အချိန်လေးစားမှုနှင့် စာကြည့်တိုက်အသုံးပြုမှုများ
ဒေါက်တာမျိုးကြွယ်(ပါမောက္ခချုပ်-ငြိမ်း)
ဒီတစ်ခါတော့ စာရေးသူကြုံတွေ့ခဲ့ရသည့် နိုင်ငံတကာကျင့်သုံးနေသော အချိန်မှန်မှု၊ အချိန် လေးစားမှုအကြောင်းကို ပထမဆွေးနွေးပါမည်။
ပထမဆုံး စာရေးသူဂျာမနီနိုင်ငံတွင် စိုက်ပျိုးရေး ပါရဂူသင်တန်းတက်ရောက်စဉ်က စာမေးပွဲဖြေဆို အပြီး ဘူတာဆင်းချိန်ဖြစ်ပါသည်။ အိတ်တွေပါလို့ ဆရာက ကားဖြင့်လိုက်ပို့မည်ပြော၍ အဆောင်ရှေ့ မှ စောင့်နေပါသည်။ သူတို့ဆီက ရထားများမှာ ဒေသဆိုင်ရာ ရထားဖြစ်သော်လည်း အမြဲတမ်း အချိန်မှန်ပါသည်။ ဂူတင်ဂန် (Goettingen) နှင့် ကတ်ဆယ်မြို့ (Kassel) ပြေးဆွဲရာ တစ်နာရီ တစ်စီး ရှိပြီး အမြဲတမ်းနာရီတိုင်း၏ ၁၅ မိနစ်ဆိုလျှင် စာရေးသူတို့ တက္ကသိုလ်ရှိရာ မြို့ကလေး ဝတ်ဆင်း ဟော့ဆင် (Witsenhausen) သို့ ရောက်လာပါသည်။ ထိုနေ့က ၉ နာရီ ၅ မိနစ်ရှိပြီ ဖြစ်သော်လည်း စာရေး သူ၏ ဆရာကရောက်မလာသေး။ စာရေးသူက စိတ်ပူတတ်သည့်လူ၊ စိတ်ပူနေပါပြီ။ ထိုရထားလွဲ ပါက ဖရန့်ဖွတ်လေဆိပ် (Frankfurt Airport) ရှိ လေယာဉ်လည်း မီမည်မဟုတ်တော့ပါ။ ခဏနေတော့ ပျာပျာယာယာဖြင့် ဆရာရောက်လာပြီး ဘူတာသို့ လိုက်ပို့ပါတော့သည်။ မြို့ကလေးကသေးတော့ ဘူတာရုံကလည်း သေး၊ စာရေးသူတို့လည်း အရောက် ရထားလည်းအဝင် ကွက်တိပါပဲ။ (ကံကောင်းလို့ပေါ့။)
နောက်တစ်ခါ အချိန်တိကျမှုက စာရေးသူ ပါမောက္ခချုပ်ဘဝ ၂၀၁၆ ခုနှစ် ဂျပန်နိုင်ငံ တိုကျို စိုက်ပျိုးရေးတက္ကသိုလ် (TUA – Tokyo University of Agriculture/Tokyo Nodai) မှ မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနား (Fresher Welcome) ဖိတ်ပွဲ မှာပါ။ ဤတိုကျိုပုဂ္ဂလိကစိုက်ပျိုးရေးတက္ကသိုလ် (Tokyo Nodai – TUA Tokyo University of Agri-culture)က ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှင့် ဆရာ၊ ကျောင်းသားအချင်းချင်း လေ့လာရေး၊ သုတေသနပူးတွဲလုပ်ဆောင်ရေး စသည့် နားလည်မှု စာချွန်လွှာ (MoU) လက်မှတ်ရေးထိုးထားသဖြင့် နှစ်စဉ်နိုင်ငံတကာ စိုက်ပျိုးမွေးမြူရေးတက္ကသိုလ်များမှ ပါမောက္ခချုပ်/အကြီးအကဲများကို ဖိတ်ကြား ပြီး မိတ်ဆက်စကားပြောကြားခိုင်းပါသည်။ သူတို့ အချိန်တိကျပုံမှာ စာရေးသူအပါအဝင် ကျောင်း အုပ်ချုပ်ရေးအဖွဲ့က နံနက် ၉ နာရီမထိုးခင် ၁၀ မိနစ်အလို (၈ နာရီ မိနစ် ၅၀ )ခန့်တွင် ခန်းမကြီး၏ စင်မြင့်ပေါ်၌ ကြိုတင်နေရာယူထားကြပါသည်။ အခမ်းအနားမှူးလုပ်သူက နာရီတကြည့်ကြည့်။ ဘာလုပ်နေသလဲဆိုတော့ ၉ နာရီတိတိ အချိန်မှာ မိနစ်စက္ကန့်မလွဲဘဲ အခမ်းအနား စပါတော့သည်။ အဲဒီလောက်အထိ အချိန်လေးစား၊ တိကျသူများပါ။
အခမ်းအနားစတင်တော့ ကျောင်းသားကြီးတစ်ဦးက နိုင်ငံတော်သီချင်းကို ဦးဆောင်သီဆိုရင်း ကျောင်းသား ကျောင်းသူ၊ ဆရာ ဆရာမ၊ ဧည့်သည်တော်များအားလုံး သီဆိုပါသည်။ ပြီးလျှင် ပါမောက္ခချုပ်က အဖွင့်မိန့်ခွန်းပြောပြီးသည်နှင့် စာရေးသူက ဧည့်သည်တော်အနေဖြင့် ဟောပြောရပါသည်။ အခမ်းအနားက တစ်နာရီခန့်သာ ကြာမြင့်ပြီး ကျောင်းသား ကျောင်းသူနှင့် မိဘများ တက္ကသိုလ် အတွင်း လှည့်လှည်ပြသကာ နေ့လယ်စာပါ ကျွေးမွေးပါသည်။ တိုကျိုမြို့ပေါ်ရှိ ဆက်တာဂါယနယ်မြေ (Satagaya Campus, Tokyo) နှင့် ဟော့ကိုင်းဒိုးကျွန်းရှိ အဘာရိရှိမြို့ အုပ်ဆုနယ်မြေ (Okhotsk Campus, Abashiri, Hokkaido) နှစ်နေရာစလုံး သွားရောက်ခဲ့ရပါသည်။
ဆရာကြီးတစ်ယောက်က ပြောဖူးပါသည်။ လူကြီးတစ်ယောက် အချိန်မီရောက်မလာလို့ တစ်မိနစ် နောက်ကျသွားလျှင် အခမ်းအနား တက်ရောက်သူ ၅၀၀ ရှိပါက မိနစ် ၅၀၀ (အချိန်အ လဟဿ) ဖြစ်သွားတာပဲဟု ဆိုပါသည်။ ထို့ကြောင့် စာရေးသူက အချိန်နှင့် ပတ်သက်လာလျှင် အစား အသောက် တွေ့ဆုံဖို့ချိန်း (Appointment for Restaurant) သည်မှအစ အွန်လိုင်းမှ ဟောပြောပွဲ သင်တန်းများ (Online Training, Webinars) အဆုံးအချိန်ကို တတ်နိုင်သလောက် အတိအကျစပါသည်။ တစ်ခါတလေ စာရေးသူက စောနေပါက စီစဉ်သူများမှာ အဆင်သင့်မဖြစ်သေး၍ အားနာနေရပါသည်။ မိတ်ဆွေတချို့က ‘ဒါမြန်မာစံတော်ချိန် မဟုတ်ဘူး လေ’ ပြောပြီးတော့စကြ၊ နောက်ကြပါသည်။ ဘာပဲပြောပြော လူကြီးလုပ်သူက အချိန်ကို လေးစားလျှင် အားလုံးလေးစားသွားပါလိမ့်မည်။ တချို့ သုတေသနစာတမ်းဖတ်ပွဲများတွင်လည်း မေးခွန်းမေးတာကို တိုတိုတုတ်တုတ်ဆိုလိုရင်းကိုသာ မေးသင့်ပါသည်။ တချို့က မေးခွန်းမေးနေတာလား၊ ထိုဘာသာရပ်ကို မိမိကဘယ်လောက်တော်ကြောင်း၊ ဘာတွေလုပ်ခဲ့ကြောင်း ရှင်းပြနေတာလား မသဲကွဲဘဲ ဆွေးနွေးပွဲ အချိန်တော်တော်များများကို သူတစ်ဦးတည်းက ယူသွားလေ့ရှိ၍ သတ်မှတ်အချိန် မပြီးကြတော့ဘဲ ကော်ဖီချိန်၊ နေ့လယ်စာစားချိန်များ နောက်ကြကုန် ကြပါသည်။ ဖုန်းဆက်လျှင်လည်း တချို့ဆို နာရီ ဝက်ကျော်ကျော်လောက်အထိ ပြောနေသည်ကို တွေ့ဖူးပါသည်။ စာရေးသူကတော့ လိုရင်း၊ တိုရှင်း အများဆုံး ၂ - ၃ မိနစ်လောက်ပါပဲ။ (တစ်ခါတလေ တစ်ဖက်သား စကားပြောမပြီးခင် ဖုန်းချပစ်မိ၍ သတိထားရပါသည်။)
နိုင်ငံခြားတိုင်းပြည်များတွင် အချိန်ကိုသာ မဟုတ် ရေ၊ မီးကိုလည်း ချွေတာပါသည်။ ဂျာမနီတွင် စာရေးသူအဆောင်၌ ထမင်းစားပြီး ပန်းကန်များ ဆေးကြောနေရာ တစ်ချပ်ပြီးမှတစ်ချပ် ဆပ်ပြာနှင့် ဆေး၊ ပြီးမှရေဆေးလုပ်နေရာ ဂျာမန်ကျောင်းသား တစ်ယောက်က ‘ပန်းကန်တွေအားလုံး ရေဆေး ဇလုံခွက်/ဘေစင် (Basin) ထဲမှာစိမ်ထား၊ ဆပ်ပြာ နဲ့ ဆေးပြီး အဝတ်ခြောက်နဲ့ သုတ်ကွ၊ ရေချွေတာ ရမယ်ဆိုပြီး သင်ပေးပါသည်။ တဖန်လျှပ်စစ်မီးဆိုလျှင်လည်း စင်္ကြံလမ်း (Corridor) မီး၊ လမ်းမီး တချို့မှာ လူအရိပ်မြင်မှ မီးလင်းပါသည်။ လူမရှိပါက အလိုလိုပိတ်သွားသော ပရိုဂရမ်ထည့်ထား၍ မီးကို အလိုအလျောက် ချွေတာပြီးဖြစ်နေပါသည်။
နောက်စာကြည့်တိုက်အကြောင်း ဆက်ဆွေးနွေးရအောင်ပါ။ စာရေးသူက စိုက်ပျိုးရေး ဆိုင်ရာ ပညာပေးဆောင်းပါးများကို သတင်းစာ၊ လယ်ယာစီးပွားသတင်း (Agribusiness News)၊ အစိမ်းရောင်လမ်း (Greenway App.) တို့တွင် ရေးသားနေရာ ကုန်ကြမ်းအဖြစ် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်၊ စာကြည့်တိုက်မှ စာအုပ်၊ စာတမ်းများ ငှားရမ်းဖတ်ရှုလေ့ရှိပါသည်။ သတိထားမိသည်မှာ နိုင်ငံတကာတက္ကသိုလ် ကျောင်းသား ကျောင်းသူများနှင့် နှိုင်းယှဉ်ကြည့်လျှင် မိမိတို့ စာကြည့်တိုက်သို့ လာရောက်မှု၊ ငှားရမ်းမှုနည်းပါးနေပါသည်။ အခြေအနေအရ အင်တာနက်ခေတ်၊ ဒစ်ဂျစ်တယ်ပညာရေး ခေတ် (Digital Education Era) ဖြစ်နေ၍ မိမိအိမ်၊ အဆောင်မှာပဲ နေကြသလားဟု ထင်မြင်မိရာ စာရေးသူ ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့သို့ ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းက ခေတ္တအလည်အပတ်သွားခဲ့ရာ စာရေးသူ၏ တပည့်ဟောင်းအချို့နှင့်အတူ ဆစ်ဒနီမြို့အတွင်း လေ့လာရေး သွားရောက်ခဲ့ပါသည်။ သူတို့နိုင်ငံအတွင်း လမ်းဘေး၊ ပန်းခြံဘေး၊ နောက် ဆုံး ဈေးဝယ်နေရာကြီးများရှိ အများသုံးအိမ်သာ ဘေးမှအစ စာကြည့်တိုက်ကလေးများ ရှိနေပြီး ငှားရမ်းဖတ်ရှုနိုင်ရန် စီစဉ်ပေးထားပါသည်။
ထို့အတူ တက္ကသိုလ်နယ်မြေအတွင်း စာကြည့်တိုက်များတွင်လည်း ငြိမ်သက်စွာ လေ့လာ၊ စာဖတ် နေသော ကျောင်းသား ကျောင်းသူများစွာကို တွေ့ခဲ့ရပါသည်။
စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များတွင်လည်း ရပ်ကွက်/ မိသားစုစာကြည့်တိုက် (Community Library) များတွင် ကလေးစာဖတ်ခန်း၊ လူငယ် စာဖတ်ခန်း၊ လူကြီးများအတွက်နေရာ စသည်ဖြင့် သတင်းစာမှအစ၊ ကွန်ပျူတာဖြင့် အီလက်ထရွန်နစ် စာရွက်များ (e-documents)ကို ဖတ်ရှုနိုင်ရန် အခန်းများတွင် ပြည်သူလူထုအားလုံး ဖတ်ရှု လေ့လာနေသည်ကို လေးစားဖွယ် မြင်တွေ့ခဲ့ရပါသည်။
စာရေးသူ၏အတွေးတစ်စ
(၁) စာကြည့်တိုက်များသည်
(က) ပညာရေးအတွက် လိုအပ်မှု၊ သတင်းစာများ၊ ဂျာနယ်များ၊ အီလက်ထရောနစ်စာအုပ်များ (eBooks)၊ ပုံနှိပ်စာအုပ်များအား အခမဲ့လေ့လာနိုင်သည့်နေရာဖြစ်ပါသည်။ ကျောင်းသား၊ ဆရာ၊ သုတေသနပညာရှင်များအတွက် လေ့လာသင်ယူမှုများကို အထောက်အကူပြုပါသည်။ စာဖတ်ခန်းများ၊ သုတေသနများအတွက် တိတ်ဆိတ်သောနေရာများ ပံ့ပိုးပေးပါသည်။
(ခ) သတင်းအချက်အလက် စုဆောင်းမှု၊ ကျေးလက်ဒေသ၊ နည်းပညာအားနည်းသည့် ဒေသများတွင် သတင်းအချက်အလက်ရယူနိုင်စွမ်း တိုးတက်စေသည်။ ကွန်ပျူတာ၊ အင်တာနက်၊ ဒေတာဘေ့စ်/အချက်အလက်များ (Data-base)ကို အခမဲ့အသုံးပြုခွင့်ပေးသည်။
(ဂ) ယဉ်ကျေးမှုထိန်းသိမ်းမှု၊ စာပေ၊ သမိုင်းမှတ်တမ်း၊ ရိုးရာဗဟုသုတများကို ထိန်းသိမ်းပေး ပါသည်။ တိုင်းရင်းသားဘာသာစကားများ၊ မိမိဒေသတွင်း နည်းပညာများကို မြှင့်တင်ပါသည်။
(ဃ) အဖွဲ့အစည်းဖွံ့ဖြိုးရေး၊ အများပြည်သူအတွက် သင်တန်းများ၊ ဆွေးနွေးပွဲများ ပြုလုပ်နိုင်ပါသည်။ မည်သူမဆို ဝင်ရောက်သုံးစွဲနိုင်သည့် နေရာများ ဖြစ်ပါသည်။
(င) စာဖတ်မှုချစ်ခြင်းဓလေ့ (Book reading lovers/habits) တိုးတက်စေရန်၊ မူလတန်းအရွယ်မှ စပြီး လူကြီးများအထိ စာဖတ်အလေ့အထများ ဖွံ့ဖြိုးစေပါသည်။ စာဖတ်စာကြည့်နိုင်သော အစီအစဉ် များ၊ စာအုပ်ဝယ်ယူရန် မတတ်နိုင်သူများအတွက် စာဖတ်နိုင်ရေး၊ စာတတ်နိုင်ရေး အားပေးပါသည်။
(၂) နိုင်ငံခြားတက္ကသိုလ်များတွင် စာရေးသူတို့ လက်တွေ့ဆောင်ရွက်ခဲ့ရသလို စာကြည့်တိုက်နှင့် ပတ်သက်၍ စာရေး/စာဖတ် လုပ်ငန်းတာဝန်/လေ့ကျင့်ခန်း (Reading/Writing Assignments/Exercises) များကို ပေးခြင်း၊ စာအုပ်များကို ဖတ်၍ စာရေးသားခြင်း၊ ဟောပြောခြင်းပြိုင်ပွဲ (Reading/Writing Contests)များ ပြုလုပ်ပေးခြင်းဖြင့် မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး စာကြည့်တိုက်တွင် ငှားရမ်း/စာဖတ်ခြင်းအလေ့အထ ယခုထက် ပိုမို တိုးတက်လာနိုင်ကာ စာဖတ်ခြင်း ဗဟုသုတများမှသည် မျိုးချစ်စိတ်ရှိသူ လူငယ်များစွာ ပေါ်ထွန်းလာ နိုင်ပါကြောင်း ရေးသားလိုက်ရပါသည်။ ။


