ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး စာတမ်းဖတ်ပွဲကျင်းပ

 

 

နေပြည်တော် နိုဝင်ဘာ ၉ 

 

ခရီးသွားလုပ်ငန်း၊ ဖွံ့ဖြိုးတိုးတက်ရေးစာတမ်းဖတ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Hotel Max ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ ဌာနဆိုင်ရာအရာရှိကြီးများ ဆက်စပ် ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ မန္တလာတက္ကသိုလ် နှင့် အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်တို့မှ ကျောင်းအုပ်ကြီး၊ ပါမောက္ခ၊ ဒုတိယ ပါမောက္ခနှင့် ဆရာ/ ဆရာမများ၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန တိုင်းဒေသကြီး/ ပြည်နယ်ရုံးခွဲများမှ တာဝန်ရှိသူများနှင့်  မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ယနေ့ စာတမ်းဖတ်ပွဲသည် ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်းခရီးသွား လုပ်ငန်းဖွံ့ဖြိုးရေး၊ ခရီးသွားလုပ်ငန်းစီမံခန့်ခွဲမှုဆိုင်ရာ မူဝါဒရေးရာများချမှတ်ရေး၊ ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလုပ်ငန်း၏ လားရာပြောင်းလဲမှုနှင့် အကျိုးသက်ရောက်မှုများ စသည့် ခရီးသွားလုပ်ငန်းနယ်ပယ်အသီးသီးကို လေ့လာထားသည့် စာတမ်းများ ပါဝင်သည်ကို တွေ့ရှိရပါကြောင်း၊ စာတမ်းဖတ်ပွဲမှ ထွက်ပေါ်လာမည့် ပညာရပ်ပိုင်းဆိုင်ရာ ထောက်ခံ အကြံပြုချက်များကို  လက်တွေ့လုပ်ငန်းခွင်တွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်ဆောင်ရာ၌ တွေ့ကြုံရသည့် အခက်အခဲများ ဖြေရှင်းရာတွင် အသုံးချဆောင်ရွက် နိုင်မည်ဖြစ်ပါကြောင်း။

 

ခရီးသွား လုပ်ငန်းဖွံ့ဖြိုးရေးအတွက် စီမံကိန်းများ၊ စီမံချက်များရေးဆွဲချမှတ်ရာ၌ အချက်အလက်များ မှန်ကန်မှုရှိစေရေးအတွက် သုတေသနပြုလုပ်ခြင်းသည် လိုအပ်ချက်တစ်ရပ် ဖြစ်သည့်အတွက် တက္ကသိုလ်/ကောလိပ်များမှ ပညာရှင်ဆရာ/ ဆရာမများအနေနှင့် ခရီးသွားကဏ္ဍ၌ သုတေသနလုပ်ငန်းများကိုလည်း  ကူညီဆောင်ရွက် ပေးကြစေလိုပါကြောင်း၊ ယနေ့ကျင်းပပြုလုပ်သည့် စာတမ်းဖတ်ပွဲသည် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာစေရေးနှင့် စနစ်တကျ ရေရှည်ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ကောင်းမွန်သည့် အထောက်အပံ့ဖြစ်လာမည်ဟု ယုံကြည်ပါ ကြောင်း ပြောကြားသည်။

 

ယင်းနောက် စာတမ်းဖတ်ပွဲကို ဆက်လက်ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ စီးပွားရေးတက္ကသိုလ် (ရန်ကုန်)၊ မန္တလာတက္ကသိုလ်၊ အမျိုးသားစီမံခန့်ခွဲမှု ပညာဒီဂရီကောလိပ်နှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်တို့မှ စာတမ်းရှင်များက ခရီးသွားကဏ္ဍဆိုင်ရာ စာတမ်းများကို ဖတ်ကြားတင်သွင်းကြပြီး တက်ရောက်လာ ကြသူများက သိလိုသည်များကို မေးမြန်းကြသည်။

 

ဆက်လက်၍ သဘာပတိများဖြစ်ကြသည့် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာမကြီးတို့က  ဖတ်ကြားခဲ့ကြသည့် စာတမ်းများအပေါ် ပြန်လည်သုံးသပ် ဆွေးနွေးကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားပြီး စာတမ်းရှင်များအား ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်သည်။

 

ကိုဗစ်အလွန် ခရီးသွားလုပ်ငန်းများ ပြန်လည်ဦးမော့လာရေး ကြိုးပမ်းဆောင်ရွက်ရာတွင် အားသာချက်၊ အားနည်းချက်၊ အခွင့်အလမ်းနှင့် စိန်ခေါ်မှုများကို လေ့လာသုံးသပ် ဖော်ထုတ်ပြီး အစိုးရ၊ ပုဂ္ဂလိကနှင့် ခရီးသွားလုပ်ငန်းတွင် ဆက်စပ်ပါဝင်သူများ အားလုံး ပူးပေါင်းညှိနှိုင်းကာ အကောင်းဆုံး နည်းလမ်းများကို ဖော်ထုတ်သွားရန် ရည်ရွယ်၍ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနက ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး စာတမ်း ဖတ်ပွဲကို ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်