မန္တလေး စက်တင်ဘာ ၁၃
ပြည်တွင်းပြည်ပ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍတစ်ခုအနေဖြင့်မန္တလေးဇုန် အပါအဝင် ပြည်တွင်းခရီးစဉ်ဒေသများသို့ အပြန်အလှန် အလည်အပတ်ခရီးစဉ် (Fun Trips) များ စီစဉ် ဆောင်ရွက်သွားရန်ရှိကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။
အဆိုပါ အပြန်အလှန် အလည်အပတ်ခရီးစဉ် (Fun Trips) များ စီစဉ်ဆောင်ရွက်သွားနိုင်ရန်အတွက် တရုတ်နိုင်ငံ တက်ဟုန်ပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်း (မြန်မာနိုင်ငံကိုယ်စားလှယ်ရုံး) ဖြင့် ချိတ်ဆက်ကာ Tourism Promotion ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်း မန္တလေးဇုန် ဒုတိယဥက္ကဋ္ဌ ဦးဝဏ္ဏဇင်က ပြောသည်။
“မန္တလေးမှာရှိတဲ့ တက်ဟုန် ကုန်သည်ကြီးများအသင်းနဲ့ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များ အသင်းတို့ MoU ရေးထိုးဖို့ အစီအစဉ်ရှိပါတယ်။ အဲဒီအစီအစဉ်အရ သူတို့ဘက်ကနေ ကျွန်တော်တို့ ဆီကို ခရီးသွားကိုယ်စားလှယ်တွေ လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပြီး ကျွန်တော်တို့ ဘက်ကလည်း သူတို့ပြည်နယ်တွေကို သွားရောက်လည်ပတ်တဲ့ Fun Trips စီစဉ်ပြီး Tourism Promotion လုပ်ဖို့ MoU လက်မှတ်ထိုးဖို့ စကားပြောထားပါတယ် ”ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဦးဆောင်မှုဖြင့် မန္တလေးဒေသနှင့် ပုဂံဇုန်၊ တောင်ကြီး- အင်းလေးဇုန် စသည်ဖြင့် ပြည်တွင်းမှ သဘာဝအခြေခံ ခရီးသွားဒေသများသို့ လည်ပတ်နိုင်ကြောင်း ကမ္ဘာလှည့်ခရီးသွားများ သိရှိစေရန်ဆောင်ရွက်လျက်ရှိကြောင်း၊ ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ်ခြင်းနှင့် ရှိပြီးဖြစ်သော ခရီးစဉ်ဒေသများကို ထိန်းသိမ်းမှုများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ကျဆင်းခဲ့တဲ့ခရီးသွားလုပ်ငန်းဟာ အခုဆိုရင်ဖွံ့ဖြိုးလာပြီ။ ပြည်တွင်းမှာ လာရောက်လည်ပတ်လို့ရတယ်ဆိုတာ သိရှိအောင်လုပ်ခြင်းဖြင့် ပြန်လည်တိုးတက် လာမှာပါ။ ဒေသအသစ်တွေ ဖော်ထုတ်မယ်၊ ဒေသ အဟောင်းတွေလည်း ထိန်းသိမ်းမှုတွေလုပ်မယ်” ဟု ၎င်းက ပြောသည်။
မန္တလေးမြို့တွင် နိုင်ငံတကာ လေယာဉ်ကွင်းရှိသည့်အတွက် မန္တလေးဇုန်သာမက ပုဂံဇုန်၊ တောင်ကြီး- အင်းလေး ဇုန်ဒေသများရှိ သဘာဝအခြေခံခရီးစဉ်ဒေသများသို့ သွားရောက်လည်ပတ်ရန် Fun Trips အစီအစဉ် ဖြင့် Tourism Promotion ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မင်းထက်အောင် (မန်းကိုယ်ပွား)


