စည်သူကျော်

မကြာသေးခင်က ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုဗိုစီဗစ်မြို့၌ ဇူလိုင် ၁၁ ရက်မှ ၁၃ ရက်အထိ ကျင်းပ သည့် အစားအစာနှင့် ခရီးသွားပြပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြုခရီးသွားမြှင့်တင်ရေးပြခန်း ပါဝင်ပြသ ခဲ့သည့်သတင်းကို ဖတ်ရှုလိုက်ရသည်။ ပြခန်းတွင် မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသနှင့် ခရီးသွားဆွဲဆောင် မှုများ၊ အစားအစာပြပွဲဆိုသည့်အတွက် မြန်မာ့ရိုးရာ အစားအစာများ ထည့်သွင်းပြသမှုအပြင် အခြား သော မြန်မာ့ရိုးရာအကအလှနှင့် တင်ဆက်မှုများကို မြိုင်မြိုင်ဆိုင်ဆိုင်ပြုလုပ်ခဲ့ရာ ပြခန်းသို့ လာရောက်လေ့လာကြည့်ရှုသူများ အထူးစိတ်ပါဝင်စား နှစ်ခြိုက်ခဲ့ကြကြောင်း သိရှိရပါသည်။

ယနေ့ကာလတွင် ခရီးသွားလုပ်ငန်းသည် ကမ္ဘာတစ်ဝန်းတွင် အရေးပါသော စီးပွားရေးလုပ်ငန်း တစ်ခုဖြစ်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးတို့သည် ခရီးသွားလုပ်ငန်းမှတစ်ဆင့် အကျိုးရလဒ်များ ရရှိစေရန် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ခရီးသွားလုပ်ငန်းသည် တိုင်းပြည်အတွက် အခွန်ဘဏ္ဍာနှင့် နိုင်ငံခြားဝင်ငွေကိုရရှိစေပြီး အစိုးရနှင့် ဒေသခံများအတွက် ဝင်ငွေကို တိုးတက်ရရှိစေပါသည်။

ခရီးသွားဧည့်သည်များ ဝင်ရောက်လာခြင်းဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများအပါအဝင် ဒေသ၏ စီးပွားရေး လုပ်ငန်းစုများကို သက်ဝင်လှုပ်ရှားလာစေပြီး ဟိုတယ်နှင့် တည်းခိုနေထိုင်ရေးလုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေးနှင့် ဧည့်လမ်းညွှန်လုပ်ငန်း များ၊ အစားအစာနှင့် အဖျော်ယမကာထုတ်လုပ်ရောင်းချရေးလုပ်ငန်းများ၊ ဖျော်ဖြေရေးနှင့် အမှတ်တရပစ္စည်း ထုတ်လုပ်ရောင်းချရေး လုပ်ငန်းများအထိ အလုပ်အကိုင်အခွင့်အလမ်းများစွာကို ဖန်တီး ပေးနိုင်ပါသည်။

ယင်းသို့ စီးပွားရေးအခန်းကဏ္ဍအပြင် ခရီးသွား ဧည့်သည်များနှင့် ဒေသခံများအကြား ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများ ဖလှယ်နိုင်ခြင်း၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးသောဒေသများ၌ လမ်း၊ တံတား၊ ရေ၊ လျှပ်စစ်မီးနှင့်ဆက်သွယ်ရေးစသော အခြေခံအဆောက်အအုံများ၊ လိုအပ်ချက်များ ဖွံ့ဖြိုး တိုးတက်လာခြင်း၊ ရှေးဟောင်းယဉ်ကျေးမှုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး တို့၌ အသိပညာဗဟုသုတများ တိုးပွားလာစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေပါသည်။ သို့ဖြစ်ရာ ခရီးသွားလုပ်ငန်းသည် စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးကျေးဇူးများစွာကို ဖြစ်ထွန်းစေသော အရေးပါသည့် ကဏ္ဍတစ်ခု ဖြစ်ပါသည်။

ထိုထိုသော အကြောင်းအရာများကြောင့် နိုင်ငံများက ခရီးသွားလုပ်ငန်းမြှင့်တင်ရေးကို နည်းလမ်း အသွယ်သွယ်အသုံးပြု၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြသည်ကို တွေ့မြင်နေရပါသည်။ ယင်းသို့ ခရီးသွားမြှင့်တင်ရေး ဆောင်ရွက်နေမှုများကို နတ်ကရာကျီးမော့ရင်း လွန်ခဲ့သော ၁၀ နှစ် ခန့်က ခရီးသွားလုပ်ငန်းစီမံခန့်ခွဲမှုဘာသာရပ်ကို လေ့လာသင်ယူခဲ့စဉ် ဆရာသမားတစ်ဦးပြောကြားသည့် စကားတစ်ခုကို အမှတ်ရမိသည်။ ဆရာသမားက ခရီးသွားလုပ်ငန်းလုပ်ဆောင်ရာမှာ “သိအောင်လုပ်၊ လာအောင်လုပ်၊ အဆင်ပြေအောင်လုပ်” ဟူ၍ ဖြစ်ပါသည်။

သိအောင်လုပ်ဆိုသည်မှာ မိမိနိုင်ငံ၊ မိမိခရီးစဉ် ဒေသကို ကမ္ဘာကသိအောင်လုပ်ရမည်။ သိပြီးနောက် လာအောင်လုပ်ဆိုသည်မှာ မိမိနိုင်ငံသို့ လာနိုင်အောင် ဖန်တီးလုပ်ဆောင်ပေးရမည်။ လာပြီးနောက် လာရောက်လည်ပတ်သည့် ဧည့်သည်ကို အဆင်ပြေအောင် ဆောင်ရွက်ပေးရမည်ဟူသော အပိုင်းဖြစ်သည်။ ယနေ့ ခရီးသွားလုပ်ငန်းဆိုင်ရာ သီအိုရီများကို လက်လှမ်းမီသလောက် ရှာဖွေ ဖတ်ရှုလေ့လာခဲ့ရာမှ ဆရာသမား ပြောကြားသည့် သိအောင်လုပ်ဆိုသည်မှာ ခရီးသွားမြှင့်တင်ခြင်း (Promotion)၊ လာအောင်လုပ်ဆိုသည်မှာ (mar-keting)၊ အဆင်ပြေအောင်လုပ်ဆိုသည်မှာ (Mana-ging) သဘောတရားများဖြစ်သည်ကို ဆက်စပ်စေ့ငုမိပါသည်။

ယခင်က ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ဆောင်ရွက်ရာတွင် ခရီးစဉ်ဒေသဆိုင်ရာဆွဲဆောင် မှုများဖြစ်သည့် ရေမြေတောတောင်သဘာဝ အလှအပများ၊ ဘုရားစေတီပုထိုးများ၊ တိုင်းရင်းသား များ၏ ဝတ်စားနေထိုင်မှုပုံစံများ၏ ဓာတ်ပုံများကို ဆိုင်ရာအချက်အလက်များ၊ Storytelling ပုံစံရေးသားဖော်ထုတ်ချက်များဖြင့် စာအုပ် (Booklet)၊ လက်ကမ်းစာစောင် (Pamphlet) များရိုက်နှိပ်၍ ထုတ်ဝေဖြန့်ချိရသည်။ ပြည်ပနိုင်ငံရှိ သံရုံးများသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပို့ဆောင်၍ ဖြန့်ဝေရသည်။ ပြည်ပနိုင်ငံများသို့ အလုပ်ရုံ ဆွေးနွေးပွဲ၊ အစည်းအဝေးသွားရောက်သူများနှင့်ထည့်ပေး၍ ကိုယ့်နိုင်ငံရှိ ခရီးသွားဆွဲဆောင်မှုများ ကိုသိရှိရန် ဆောင်ရွက်စေရသည်။ ထို့နောက် နိုင်ငံတကာတွင် ကျင်းပပြုလုပ်သော ခရီးသွား ပြပွဲများတွင် သွားရောက်ပါဝင်ပြသရသည်။ ကိုယ်ဈေးကွက်ရှာဖွေဖိတ်ခေါ်လိုသော နိုင်ငံများမှ ခရီး သွားလုပ်ငန်းဆောင်ရွက်သူများ၊ မီဒီယာများကို မိမိနိုင်ငံသို့ ရင်းနှီးကျွမ်းဝင်မှုရှိစေရေးအတွက် အလည်အပတ်ခရီးစဉ်ခေါ်ဆောင်ခြင်း (Famili-arization Trip)တို့ကို လုပ်ဆောင်ရသည်။ သိအောင် လုပ်ခြင်း (Promotion) ဖြစ်ပါသည်။

ယနေ့ကာလတွင် နည်းပညာပိုင်းဆိုင်ရာ တိုးတက်ဖြစ်ထွန်းလာသည်နှင့်အတူ ခရီးသွား မြှင့်တင်ခြင်းသည်လည်း သမားရိုးကျလုပ်ငန်းစဉ် များမှ ဖောက်ထွက်ကာ အပြိုင်အဆိုင်ဖြစ်လာ သည်ကို တွေ့ရှိလာရသည်။ ထင်ရှားကျော်ကြားသူများအား ခရီးစဉ်ဒေသများသို့ သွားရောက်လည်ပတ်စေကာ လူမှုကွန်ရက်မှ မြှင့်တင်ကြော်ငြာကြသည်။ ခရီးသွားဝက်ဘ်ဆိုက်များ တည်ထောင်၍ ဘာသာစကားမျိုးစုံဖြင့် ဖတ်ရှုနိုင်စေရန် လုပ်ဆောင်ကြသည်။ မိမိဝက်ဘ်ဆိုက် ပိုမိုလူသိများစေရန် Search Engine Optimization (SEO) ပြုလုပ်ကြသည်။

ခရီးသွားလုပ်ငန်းမြှင့်တင်မှုမီဒီယံ (Medium) သည် သိသာထင်ရှားစွာ ပြောင်းလဲသွားသည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။ ထိတွေ့ကိုင်တွယ်နိုင် သော ခရီးသွားမြှင့်တင်ရေး(Tangible) မှသည် ထိတွေ့ကိုင်တွယ်မရသော ခရီးသွားမြှင့်တင်ရေး (Intangible) အသွင်သို့ ပြောင်းလဲသွားခြင်း ဖြစ်ပါ သည်။ အကျိုးရလဒ်မှာ ရွှေ့ပြောင်းသယ်ဆောင်ရမှု ဝန်ထုပ်ဝန်ပိုးလျော့ကျ၍ ပိုမိုမြန်ဆန် ထိရောက်မှုရှိလာသည့် သဘောဖြစ်ပါသည်။ သို့သော် များပြားလှသော ဒစ်ဂျစ်တယ်ပရိုမိုးရှင်း များကြားတွင် မိမိ၏ထုတ်ကုန်သည် စွဲထင်ကျန်ရစ်စေရန် ခက်ခဲလာသည်။ ထိတွေ့ကိုင်တွယ်၍မရသော (Intangible Promotion) များသည် ပျောက်ကွယ် လွယ်သော (Perishable) စိန်ခေါ်မှုအခက်အခဲ ရှိသည်။ ထို့ကြောင့် ဆန်းသစ်သော စိတ်ကူးဉာဏ် (Innovative Thinking) တီထွင်ဖန်တီးမှုများဖြင့် ယှဉ်ပြိုင်ထုတ်ဖော်လာကြသည်ကို တွေ့ရှိရမည် ဖြစ်ပါသည်။

ခရီးသွားမြှင့်တင်သည်ဟုဆိုရာတွင် မည်သို့မြှင့်တင်သည်ကိုဖော်ပြပြီးသော် ခရီးသွားလုပ်ငန်းသည် ကျယ်ပြန့်သော သဘောသဘာဝရှိသည့် အလျောက်မည်သည်ကို မြှင့်တင်ရပါမည်နည်း ဟူသော မေးခွန်းသည် ဆက်လက်ပေါ်ပေါက်လာခဲ့သည်။ ရိုးရှင်းစွာတင်ပြရပါလျှင် ခရီးသွားလုပ်ငန်း မြှင့်တင်ခြင်းသည် ခရီးသွားထုတ်ကုန်များ (Touri-sm Products)များကို မြှင့်တင်ခြင်းပင် ဖြစ်ပါသည်။

Tourism Product နှင့်ပတ်သက်၍ ခရီးသွားလုပ်ငန်းနယ်ပယ်အတွင်းမှ မိတ်ဆွေတော်တော် များများက စာရေးသူထံ ဆွေးနွေးမေးမြန်းမှုများ ရှိခဲ့ပါသည်။ ခရီးသွားလုပ်ငန်းနယ်ပယ်မှ မဟုတ် သော မိတ်ဆွေအချို့လည်း လှမ်းဆက်သွယ် မေးမြန်းကြတာရှိပါသည်။ အချို့က မုန့်ဟင်းခါးသည် Tourism Product ဟုတ်ပါသလားဟု မေးမြန်း သည်ပင် ရှိပါသည်။ မြန်မာ့ခရီးသွားလုပ်ငန်းနယ်ပယ် တွင် Tour Operation လုပ်သောပုဂ္ဂိုလ်၊ အဖွဲ့အစည်း များမှလွဲ၍ Tourism Product နှင့် စပ်လျဉ်း၍ ထဲထဲဝင်ဝင် သုံးသပ်ဆွေးနွေးမှုမျိုး များစွာမရှိလှသည်ကို သတိပြုခဲ့မိပါသည်။ မိမိအနေဖြင့် မိမိ နားလည်လက်ခံထားသော အသိပညာဗဟုသုတ အနည်းငယ်အတွင်းမှပင် လက်လှမ်းမီသလောက် ပြန်လည်ရှင်းလင်း ဆွေးနွေးဖြစ်ခဲ့ပါသည်။

Tourism Product ကို ခရီးသွားလုပ်ငန်း ထုတ်ကုန်ဟု မြန်မာမှုပြုကြသည်ကို တွေ့ရလေ့ရှိရာ ထုတ်လုပ်မှုထုတ်ကုန် (A product of a manufacturing) နှင့် ရောထွေးနားလည်ကြဟန် တူပါသည်။ ဤနေရာတွင် Product ထုတ်ကုန်ဟု ခေါ်ဝေါ်သုံးစွဲရသည်မှာ ခရီးသွားလုပ်ငန်းသည် နိုင်ငံတစ်နိုင်ငံ၏ ဝန်ဆောင်မှုပို့ကုန်ကဏ္ဍ Export Sector တစ်ခုအဖြစ် သတ်မှတ်ကြသောကြောင့် ဖြစ်ပါသည်။ မိမိသိမှတ်နားလည်ထားမှုအရမူ Tourism Product ဆိုသည်မှာ ပြည်တွင်း၊ ပြည်ပ ဧည့်သည်များ ခရီးစဉ်ဒေသသို့ လာရောက်လေ့လာ လည်ပတ်စားသုံးသော အရာကို Tourism Product ဟု ခေါ်ဆိုနိုင်သည်ဟု သုံးသပ်ပါသည်။ ဥပမာ- မုန့်ဟင်းခါးသည် မြန်မာ့ရိုးရာအစားအစာ တစ်မျိုး ဖြစ်ပါသည်။ ပြည်တွင်း(သို့မဟုတ်) ပြည်ပဧည့်သည်များသည် (ဒေသတစ်ခုသို့) အဆိုပါ မုန့်ဟင်းခါးကို မြည်းစမ်းစားသုံးရန် သွားရောက်လည်ပတ်သည် ဆိုလျှင် မုန့်ဟင်းခါးသည် ခရီးစဉ်ဒေသ၏ ခရီးသွား လုပ်ငန်းထုတ်ကုန် (Tourism Product) ပင် ဖြစ်ပါသည်။
 
မြန်မာနိုင်ငံ၏ယဉ်ကျေးမှုနှင့် ရေမြေတောတောင် သဘာဝအလှအပများကို တွေ့ထိခံစားလို၍ လာရောက်လည်ပတ်ကြသည်ဆိုပါက အဆိုပါ ရေမြေတောတောင်သဘာဝများနှင့် ယဉ်ကျေးမှုဓလေ့ထုံးစံများသည် Product များ ပင်ဖြစ်ပါသည်။ ဤတွင် တွေ့ထိခံစား လို၍ဟုဆိုရာ Product များသည် ထိတွေ့ကိုင်တွယ်နိုင်သော Tangible များဖြစ်နိုင်သလို ခံစားရုံ သက်သက်ဖြစ်သော Intangible များလည်း ဖြစ်နိုင်သောကြောင့် ဖြစ်ပါသည်။

အကယ်စင်စစ် Tourism Product များသည် ကွဲပြားရှုပ်ထွေးသော သဘောသဘာဝရှိပါသည်။ ခရီးသွားလုပ်ငန်းသဘောသဘာဝအရ များပြားသော စီးပွားရေးလုပ်ငန်းနှင့် ဝန်ဆောင်မှု အစိတ်အပိုင်းများပါဝင်နေခြင်းကပင် Tourism Product များတွင် မတူကွဲပြားသောအရာများ ဟန်ချက် ညီစွာပါဝင်နေသည်ကို သိနိုင်ပါသည်။ Tourism Product များသည် ခရီးသွားဧည့်သည်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးသောအရာများ ဖြစ်ပါသည်။ လူသားများ မိမိနေထိုင်ရာဒေသမှ အခြားဒေသတစ်ခုသို့ ရည်ရွယ်ချက်အမျိုးမျိုးဖြင့် ခရီးသွားလာရာတွင် ၎င်းတို့လိုအပ်သော ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည့်အရာများ ဖြစ်ပါသည်။

ယင်းလိုအပ်ချက်များတွင် ဦးစားပေးလိုအပ်ချက်နှင့် အဖြည့်ခံလိုအပ်ချက်ဟူ၍ နှစ်မျိုး ထပ်မံ ခွဲခြားနိုင်ပါသည်။ ဥပမာအားဖြင့် ကမ္ဘာလှည့် ခရီးသွားတစ်ယောက်သည် ပုဂံသို့ လာရောက် လည်ပတ်ရာတွင် ပုဂံ၏ ရှေးဟောင်းယဉ်ကျေးမှု ဝိသေသလက္ခဏာများကို စူးစမ်းလေ့လာလိုခြင်း သည် ၎င်း၏ ဦးစားပေး ကနဦးလိုအပ်ချက်ဖြစ်ပြီး ပုဂံဒေသသို့ လာရောက်ရာတွင် တည်းခိုနေထိုင် ခြင်း၊ တစ်နေရာမှ တစ်နေရာသို့ သွားလာရေး အတွက် သယ်ယူပို့ဆောင်ရေးယာဉ်အသုံးပြုခြင်း၊ အစားအစာများ ဝယ်ယူစားသောက်ခြင်းတို့သည် အဖြည့်ခံလိုအပ်ချက်များပင် ဖြစ်ပါသည်။ အဆိုပါ ဧည့်သည်၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးသော ပုဂံ၏ ယဉ်ကျေးမှုဝိသေသလက္ခဏာများ၊ ဟိုတယ်၊ စားသောက်ဆိုင်နှင့် သယ်ယူပို့ဆောင်ရေးတို့သည် Tourism Product များပင် ဖြစ်ပါသည်။

Tourism Product များသည် အခြားသော ထုတ်လုပ်မှု ထုတ်ကုန်များကဲ့သို့ ကုန်ထုတ်လုပ်မှု လုပ်ငန်းတစ်ခုတည်းက ထုတ်လုပ်ပေးနိုင်သော အရာများမဟုတ်ပေ။ ခရီးသွားဧည့်သည်တစ်ဦး၏ ပြီးပြည့်စုံသော ခရီးစဉ်အတွေ့အကြုံကို များစွာသော Tourism Product များက ပံ့ပိုးဖြည့်ဆည်း ပေးရပါသည်။ လေကြောင်းလိုင်းများနှင့် မော်တော်ယာဉ်များ၊ ဟိုတယ် အခန်းများ၊ စားသောက်ဆိုင် များ၊ အမှတ်တရပစ္စည်းများနှင့် ခရီးသွားလုပ်ငန်း အေဂျင်စီများမှ ရောင်းချပေးလိုက်သော လှည့်လည် ပြသရေးခရီးစဉ်များသည် ခရီးသွားဧည့်သည်များ၏ ခရီးစဉ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးသော ထုတ်ကုန်များ ဖြစ်ပါသည်။

အမေရိကန်စီးပွားရေးနှင့် ဈေးကွက်ပညာရှင် ဖိလစ်ကော့တလာ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ Product များသည် ဈေးကွက်၏ အာရုံစူးစိုက်မှုကိုရရှိပြီး ဝယ်ယူသုံးစွဲမှုနှင့် စားသုံးမှုရရှိစေသော အရာကို ခေါ်ဆိုပါသည်။ ယင်းအရာသည် လိုအင်ဆန္ဒတစ်ခု (သို့မဟုတ်) လိုအပ်ချက်တစ်ခုကို ဖြည့်ဆည်းပေးနိုင်သောအရာများ ဖြစ်ပါသည်။ သို့ဆိုလျှင် Tourism Product များသည် ခရီးသွား ဧည့်သည်များ လာရောက်လေ့လာလည်ပတ်နိုင် စေရန် ဈေးကွက်တွင် တင်သွင်းရောင်းချနိုင်သော အရာများဖြစ်ရပါမည်။ ထိုသို့ဆိုလျှင် ဈေးကွက်သို့ တင်သွင်းရောင်းချခြင်းမပြုနိုင်သော အရာများကို Tourism Product ဟုခေါ်ဆို၍ ရနိုင်မည် မဟုတ်ပေ။

ယနေ့ခေတ်ကာလတွင် လူသားတို့၏ ကွဲပြား ခြားနားသော စရိုက်လက္ခဏာ၊ ရည်ရွယ်ချက်နှင့် ဝါသနာတို့အပေါ်မူတည်၍ ခရီးသွားလုပ်ငန်း အမျိုးအစားများစွာဖြစ်ပေါ်လာခဲ့ရာ Tourism Product များသည်လည်း ပိုမိုကွဲပြားစွာပေါ်ထွက်လာသည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။ ဆေးကုသ မှုပြုလုပ်ရန် ဆောင်ရွက်သော ခရီးသွားလုပ်ငန်း၊ အားကစားနှင့်ပတ်သက်သော ခရီးသွားလုပ်ငန်း၊ ပညာရေး၊ စီးပွားရေးနှင့်ပတ်သက်သော ခရီးသွား လုပ်ငန်းစသည်တို့တွင် Tourism Product များသည် အခြားသော ခရီးသွားလုပ်ငန်းများနှင့် များစွာခြားနားသည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။

 ခရီးသွားလုပ်ငန်းထုတ်ကုန်များကို မြှင့်တင်ခြင်းသည် ခရီးသွားလုပ်ငန်းမြှင့်တင်ခြင်းပင် ဖြစ်ပါ သည်။ ခရီးသွားလုပ်ငန်းထုတ်ကုန် Tourism Product များကို ချဲ့ထွင်ဆောင်ရွက်သော်လည်း မြှင့်တင်ခြင်း (Promotion) လုပ်ငန်းစဉ်ဆောင်ရွက်ချက်မပါဝင်ပါက ပြီးပြည့်စုံသော လုပ်ငန်းကဏ္ဍ အဖြစ်ထွက်ပေါ်လာမည်မဟုတ်ပေ။ ထို့ကြောင့် ခရီးသွားလုပ်ငန်းထုတ်ကုန်နှင့် ခရီးသွားလုပ်ငန်း မြှင့်တင်ရေးဆောင်ရွက်ချက်တို့ ဟန်ချက်ညီညီ ပေါ်ထွက်လာစေရေး ခရီးသွားလုပ်ငန်း အကျိုးမျှော် ၍ နှိုးဆော်ရေးသားလိုက်ရပါသည်။     ။