ရန်ကုန်မြို့ရှိ ခရီးသွားပြည်သူများ စိတ်ချမ်းမြေ့စွာဖြင့် အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် ခေတ်မီ Diesel Electric Multiple Unit (DEMU) ရထားတွဲဆိုင်းသစ်များဖြင့် စတင်ပြေးဆွဲခြင်း ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၂၉ ရက်နေ့က ရန်ကုန်ဘူတာကြီး၌ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပေးကာ DEMU ရထားတွဲဆိုင်းသစ်တွင် လိုက်ပါ စီးနင်းပြီး ခရီးသွားပြည်သူများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့သည်။
DEMU ရထားတွဲဆိုင်းသစ်များဖြင့် စတင်ပြေးဆွဲခြင်းသည် မြန်မာနိုင်ငံ မီးရထားသမိုင်းတွင် ထူးခြား ဆန်းသစ်သည့် နေ့တစ်နေ့အဖြစ် မှတ်တမ်းတင်ရမည်ဖြစ်သည်။ ခရီးသွားပြည်သူများ စိတ်ချမ်းမြေ့မှုကို ဖြည့်စွမ်းပေးနိုင်သဖြင့် မင်္ဂလာအပေါင်းနှင့်ပြည့်စုံသည့် ထူးခြားသည့်နေ့တစ်နေ့ ဖြစ်သည်။ မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် အစိုးရများက ပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် ရထားပို့ဆောင်ရေးတွင် ရထားစက်ခေါင်းသစ်များ၊ တွဲဆိုင်းသစ်များ၊ ဘူတာနှင့် ပတ်ဝန်းကျင်၊ ရထားလမ်းပိုင်း တစ်လျှောက်တို့အား စဉ်ဆက်မပြတ် ပြုပြင်မွမ်းမံတည်ဆောက်ပေးလျက်ရှိသော်လည်း စည်းကမ်းလိုက်နာ ပါဝင်ဆောင်ရွက်မှု မရှိသောကြောင့် ရထားကဏ္ဍ၌ အမြင်မတင့်ဖွယ်ရာတို့ကို ကြုံတွေ့ခဲ့ရသည်။
DEMU ရထားတွဲဆိုင်းသစ်များဖြင့် စတင်ပြေးဆွဲခြင်း ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က “မိမိတို့အစိုးရအနေဖြင့် ယခုကဲ့သို့ မီးရထားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ပေးနေသကဲ့သို့ မိဘပြည်သူများအနေဖြင့်လည်း စည်းကမ်းတကျ လိုက်နာစီးနင်းပြီး ရထားလမ်းပိုင်းများနှင့် ဘူတာများသန့််ရှင်းသပ်ရပ်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် လိုကြောင်း၊ မီးရထားလမ်းပန်းဆက်သွယ်ရေးလုံခြုံမှု ပိုမိုကောင်းမွန်လာစေရေးအတွက် ပြည်သူလူထုက ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း၊ ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများအနေဖြင့် ယနေ့စတင်ပြေးဆွဲ သည့် ခေတ်မီ DEMU ရထားတွဲဆိုင်းများကို အသုံးပြုပြီး ရထားလမ်းနှင့် ဆက်စပ်ပစ္စည်းများ ရေရှည်တည်တံ့အသုံးပြုပြေးဆွဲနိုင်စေရေးတို့အတွက် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန် မေတ္တာရပ်ခံလိုကြောင်း” ပြောကြားခဲ့သည်။
မြန်မာ့မီးရထားဝန်ထမ်းများအနေဖြင့်လည်း နိုင်ငံတော်က ဖြည့်ဆည်းပေးထားသည့် ရထားဆိုင်ရာတို့ကို ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းစောင့်ရှောက်၍ ရထားစီးခရီးသွားပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းပြီး လိုရာခရီးကို အဆင်ပြေစိတ်ချမ်းမြေ့စွာ သွားလာနိုင်ရေးနှင့် ပြည်သူကို ကောင်းမွန်သည့် ဝန်ဆောင်မှုများ ပေးနိုင်ရေးအတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်သည်။ ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းများအတွက် အကြိုအင်ဂျင်နီယာ လုပ်ငန်းများကို ၂၀၁၅-၂၀၁၆ ခုနှစ်တွင် ဆောင်ရွက်ခဲ့ပြီး တည်ဆောက်ရေးကာလကို ၂၀၁၇ ခုနှစ်တွင် စတင်ဆောင်ရွက်နိုင်ခဲ့သည်။
ယခုအခါ တည်ဆောက်ထားခဲ့သည့်လုပ်ငန်းများနှင့် တစ်ဆက်တစ်စပ်တည်းဖြစ်သည့် စီမံကိန်းများတွင် စပိန်နိုင်ငံမှ ဝယ်ယူရောက်ရှိလာသည့် ခေတ်မီ DEMU လေအေးပေးစက်ပါ ရထားတွဲဆိုင်းသစ်များကို အသုံးပြုပြီး မြို့ပတ်ရထားစီးခရီးသွားပြည်သူများ ပိုမိုအဆင်ပြေကောင်းမွန်သည့် ဝန်ဆောင်မှုများအဖြစ် တိုးမြှင့် ဆောင်ရွက်ပေးနေပြီဖြစ်သည်။ အဆိုပါခေတ်မီမြို့ပတ်ရထားပြေးဆွဲမှုစနစ်တွင် အလိုအလျောက် မီးရောင်ပြောင်း အချက်ပြနှင့် ဆက်သွယ်ရေးစနစ်များ တပ်ဆင်ထားပြီး ယခင်က မြို့ပတ်ရထားပြေးဆွဲမှု တစ်နာရီလျှင် ကီလိုမီတာ ၄၀ နှုန်းမှ ယခုအခါ ကီလိုမီတာ ၆၀ နှုန်းဖြင့် တိုးမြှင့်ပြေးဆွဲပေးနေပြီဖြစ်သည်။ နေ့စဉ် ယခင် RBE ရထားအစင်း ၂၀ နှင့် DEMU ရထား ၁၅ စင်းအသုံးပြုပြီး ဖြည့်စွက်ပြေးဆွဲပေး သွားမည်ဖြစ်၍ ခရီးသွားပြည်သူများ မြို့ပတ်ရထားများကို ယခင်ကထက် ပိုမို မြန်ဆန်အဆင်ပြေချောမွေ့စွာဖြင့် လိုရာခရီးသို့ စီးနင်းလိုက်ပါနိုင်မည်ဖြစ်သည်။
အခြေခံလူတန်းစား ပြည်သူအများစု နေ့စဉ်နှင့်အမျှ အဓိကအားထားအသုံးပြု နေရသည့် ရထား သယ်ယူပို့ဆောင်ရေးလုပ်ငန်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအကျဆုံးနှင့် အရေးအကြီးဆုံး ဖြစ်သည်ကို တွေ့ရမည်ဖြစ်သည်။ စရိတ်စကသက်သာပြီး ခရီးသည်အများအပြားကို လိုရာခရီးသို့ သက်သောင့်သက်သာ ချောင်ချောင်ချိချိ ပို့ဆောင်ပေးနိုင်သည်။ ထို့အပြင် ကုန်စည်အမြောက်အမြားကိုလည်း ရထားလမ်းကွန်ရက်ရှိရာ ဒေသအသီးသီးသို့ ကုန်ကျစရိတ်ကျဉ်းကျဉ်းနှင့် အချိန်တိုအတွင်း ပို့ဆောင်ပေးနိုင်ခြင်းတို့သည် ရထားပို့ဆောင်ရေး၏ အားသာချက်များ ဖြစ်သည်။ ရထားသည် မော်တော်ကားနှင့် နှိုင်းယှဉ်ပါက ကုန်စည်နှင့်ခရီးအကွာအဝေးအလိုက် လောင်စာဆီလေးပုံတစ်ပုံမှ ခြောက်ပုံတစ်ပုံခန့်သာ ကုန်ကျပြီး လေထု ညစ်ညမ်းမှုနှင့် ယာဉ်ကြောကျပ်တည်းမှု ပြဿနာများကို လျော့နည်းစေသည်။
သို့ဖြစ်ရာ ခရီးသည်ပို့ဆောင်ရေးနှင့် ကုန်စည်ပို့ဆောင်ရေး စသည့်အဘက် ဘက်တွင် အားသာချက်များရှိသည့် ရထားပို့ဆောင်ရေးစနစ်ကို ပိုမိုကောင်းမွန်ခေတ်မီအောင် တည်ဆောက်ပေးထားခြင်းနှင့်အတူ တာဝန်ရှိသူများနှင့် အသုံးပြု စီးနင်းသူများက နိုင်ငံကြီးသားပီသစွာဖြင့် စည်းကမ်းတကျ စီးနင်းလိုက်ပါခြင်း နှင့် ဝိုင်းဝန်းထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ပါရန် တိုက်တွန်းအပ်ပါကြောင်း။
ကြေးမုံ


