ဇာဂရက် နိုဝင်ဘာ ၂၃
ခရိုအေးရှားနိုင်ငံ၌ နိုဝင်ဘာ ၂၂ ရက်က ဆီးနှင်းများ ထူထပ်စွာကျဆင်းမှုကြောင့် လမ်းများ၊ တံတားများနှင့် ဖယ်ရီလိုင်းများ ပိတ်ထားရပြီး ယာဉ်အသွားအလာများရပ်ဆိုင်းသွားခဲ့ရသည်။
လေပြင်း တိုက်ခတ်မှုကြောင့် နိုင်ငံအနောက်ဘက်ပိုင်းရှိ ကာ့ခ်တံတားအနီး ကားပါကင်တွင် ရပ်နားထားသည့် စခန်းချကားတစ်စီး တိမ်းမှောက်ခဲ့ပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည်။ နိုင်ငံ၏ မိုးလေဝသဌာနသည် အနီရောင်အဆင့် သတိပေးချက်ထုတ်ပြန်ခဲ့သည်။
မလိုအပ်ဘဲ ခရီးမသွားကြရန်နှင့် ခရီးသွားပါက ဆောင်းတွင်းကိရိယာအပြည့်အစုံနှင့် လမ်းအခြေအနေပေါ်လိုက်၍ အမြန်နှုန်း ထိန်းညှိကြရန်၊ တရားဝင်သတင်းလိုင်းများမှတစ်ဆင့် ယာဉ်ကြောအခြေအနေကို ပုံမှန်စောင့်ကြည့်ကြရန် ခရိုအေးရှား မော်တော်ကားအသင်းက ယာဉ်မောင်းများကို သတိပေးချက်ထုတ်ပြန်ခဲ့သည်။
နိုင်ငံတစ်ဝန်း ဆီးနှင်းများကျဆင်းနေစဉ် ခရိုအေးရှားနိုင်ငံအနောက်ပိုင်း ဒယ်လ်နစ်မြို့တွင် နှင်းထု အထူမှာ ၉ စင်တီမီတာရှိသည်ဟု ခရိုအေးရှားရေဒီယိုရုပ်သံက ဖော်ပြခဲ့သည်။
နိုင်ငံတစ်ဝန်း နှင်းများနှင့် လေပြင်းများတိုက်ခတ်မှုကြောင့် လမ်းများနှင့် အများပြည်သူဆိုင်ရာနေရာများတွင် သစ်ပင်များလဲခြင်း၊ နေအိမ်ခေါင်မိုးများ ပျက်စီးခြင်း၊ တယ်လီဖုန်းနှင့် ဓာတ်အားလိုင်းတိုင်များ ပြိုကျခြင်းတို့ ဖြစ်ပေါ်ခဲ့သည်ဟု ခရိုအေးရှား ရေဒီယိုရုပ်သံသတင်းတွင် ဖော်ပြ ထားသည်။
ဆင်ဟွာ


