Quarantine ထားမယ့်သူတွေကိုကူညီဖို့ စေတနာ့ဝန်ထမ်းအလုပ်ကို ရွေးချယ်ခဲ့တာပါ။
ကိုသိန်းထိန်
တွေ့ဆုံမေးမြန်း
သီသီမင်း၊ မင်းသစ်(MNA)
ယနေ့အချိန်အခါသည် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကူးစက်မြန် အဆုတ်ရောင်ရောဂါ၏ ကူးစက်ပြန့်ပွားမှုနှုန်း မြင့်တက်လာမှုနှင့်အတူ လူ့အသက်ဆုံးရှုံးမှုများကို ခုခံကာကွယ်နိုင်ရန် အပြင်းအထန် ရုန်းကန်ရင်ဆိုင်နေရသည့် အချိန်အခါပင်ဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါရှိသူ ၁၆ ဦး စစ်ဆေးတွေ့ရှိလာပြီဖြစ်သည့် မြန်မာနိုင်ငံတွင်လည်း ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်နေသည့် နိုင်ငံတော်အစိုးရနှင့်အတူ ကျရာနေရာ၊ ကျရာအခန်းကဏ္ဍမှ ပါဝင်ကာ တစ်ဖက်တစ်လမ်းမှ အားဖြည့်ကူညီဆောင်ရွက်ပေးလျက်ရှိသူများနှင့် တွေ့ဆုံမေးမြန်းထားသည်များကို ရေးသားဖော်ပြလိုက်ရပါသည်။

ဦးညီညီ (လွှတ်တော်ကိုယ်စားလှယ်၊ ရန်ကုန်တိုင်းဒေသကြီး)
တောင်ဒဂုံမြို့နယ် စိုက်မွေးရပ်ကွက်မှာရှိတဲ့ သီရိဂုဏ်ရည် ဓမ္မရိပ်သာမှာ Community Quarantine အနေနဲ့ကတော့ ၁၇၈ ဦးရှိပြီး Home Quarantine အနေနဲ့ ၁၄၃ ဦး ရှိပါ တယ်။
ဒဂုံမြို့သစ်တောင်ပိုင်းမြို့ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးကော်မတီကနေပြီးတော့ လွှတ်တော်ကိုယ်စား လှယ်တွေက စီမံခန့်ခွဲပြီး သက်ဆိုင်ရာဌာနဆိုင်ရာတွေ၊ NGO တွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ စိုက်မွေးရပ်ကွက် ဓမ္မရိပ်သာ Quarantine မှာ ရပ်ကွက်အုပ်ချုပ်ရေးပိုင်းတွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်တွေ ရှိပါ တယ်။ ပြောရမယ်ဆိုရင် အကုန်လုံး စုစုစည်းစည်း ဆောင်ရွက်ထားပါတယ်။ အစားအသောက်အတွက်က တော့ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ကိုဗစ် -၁၉ ကာကွယ် ထိန်းချုပ်ရေး ကော်မတီကနေပြီးတော့ ကျွေးမွေးနေပါ တယ်။ တစ်ရက်ကို ရှစ်သိန်းကျော်လောက်ကုန်ကျပါတယ်။ တောင်ဒဂုံမြို့နယ် အတွင်းမှာရှိတဲ့ ၃၂ ရပ်ကွက်ကိုလည်း ကျန်းမာရေး အသိပညာပေးမှုတွေ ဆောင်ရွက်နေပါတယ်။ Quarantine မှာ လုပ်အားပေး ဆောင်ရွက်နေသူတွေကို လည်း ရောဂါကူးစက်ခံရမှုမရှိအောင် တစ်ကိုယ်ရေကာကွယ် ရေး ဝတ်စုံတွေကိုလည်း အလုံအလောက် ဆောင်ရွက်ပေး ထားပါတယ်။ အားလုံးကတော့ အန္တရာယ်ကင်းရှင်းပြီး Quarantine ထားရှိတဲ့ သူတွေလည်း ကျန်းမာရေးကောင်း ပါတယ်။ အခုဆိုရင် Quarantine ထားရှိမှုအနေအထားက ရက်ပိုင်းသာ လိုပါတော့တယ်။ အလှူရှင်တွေအနေနဲ့ကလည်း ဝိုင်းဝန်း ပြီး ပံ့ပိုးကူညီကြပါတယ်။
တောင်ဒဂုံမြို့နယ်မှာနေထိုင်ပြီး ပြည်ပကိုသွားရောက် လုပ်ကိုင်ကြတဲ့ တောင်ဒဂုံမြို့နယ်သူ မြို့နယ်သားတွေ ထပ်မံရောက်ရှိလာမယ်ဆိုရင်လည်း အဆင်သင့် ဖြစ်အောင် Quarantine ထားဖို့ နေရာ (၂) နဲ့ (၃)ကိုလည်း စီစဉ်ထားပါ တယ်။ Quarantine (၂)ကို အထက(၂)မှာ စီစဉ်ထားရှိပြီး Quarantine (၃)ကို ရွှေဝါဝင်းဝိပဿနာရိပ်သာမှာ စီစဉ် ထားပါတယ်။ နောက်တစ်ခု သတင်းစကားပေးချင်တာက Quarantine ထားရှိတဲ့သူတွေဟာ လူနာတွေမဟုတ်ပါဘူး။ ရောဂါသည်တွေမဟုတ်ပါဘူးဆိုတာ ပြောချင်ပါတယ်။

ဦးဇော်သက်ထွေး (တာဝန်ခံ၊ Hlaing Quarantine Center ရန်ကုန်မြို့)
ကျွန်တော်တို့ကတော့ ရန်ကုန်မှာ Hlaing Quarantine Center ဆိုပြီး ပထမဆုံး လူ ၃၅၀ လောက် ထားရှိဖို့ စီစဉ်ခဲ့ပါတယ်။ အဲဒီလို စီစဉ်တဲ့နေရာမှာ တစ်ခြမ်းချင်း လူတွေက တစ်ယောက်နဲ့တစ်ယောက်မတွေ့ဘဲနဲ့ အခန်းတွေ ရွေးချယ်ထားတာ ဖြစ်ပါတယ်။ ဒီအခန်းတွေက တစ်ချိန်မှာ ပညာရေးဝန်ကြီးဌာနက ဆရာ ဆရာမတွေ နေဖို့ တည်ဆောက်ထားတဲ့ အခန်းတွေပါ။ ကွန်ဒိုလိုမျိုး ဆောက်ထားတဲ့ အဲဒီအခန်းတွေမှာ အိမ်သာ၊ ရေချိုးခန်း နှစ်ခု ပါတယ်။ အခန်းနှစ်ခန်းပါတယ်။ ဒီလိုအခန်းမှာ လူနှစ်ယောက်ကို သီးခြားစီထားပေးထားတယ်။ ဒီလိုအခန်း ပေါင်း ၁၆၄ ခန်းရှိတယ်။ လူတွေအားလုံးကို တစ်ယောက် တစ်ခန်းစီ ထားပေးထားတယ်။
လက်ရှိ Quarantine ၃၃၄ ဦး ထားထားတယ်။ ပြီးတော့ ဆရာဝန်၊ဆရာမ၊ ဆေး ကျောင်းသားနဲ့ စေတနာ့ဝန်ထမ်းလုပ်အားပေး စုစုပေါင်း အားလုံး ၈၀ ရှိတယ်။ အပြင်စည်းလုံခြုံရေးအတွက် ရဲတပ်ဖွဲ့ ရှိတယ်။ အရန်မီးသတ်တပ်ဖွဲ့ ရှိတယ်။ ပရဟိတအဖွဲ့ တွေရှိတယ်။ အဓိက လူပေါင်း ၄၂၅ ဦးလောက်ကို ထားရှိတဲ့ အခါ ထွက်လာတဲ့အမှိုက်တွေ သူတို့ကို နံနက်၊ နေ့လယ်၊ ည ထမင်းကျွေးဖို့အတွက်ကို စည်ပင်သာယာကနေ ၁၄ ရက် အပြင်မထွက်ဘဲ ဆောင်ရွက်မယ့် သန့်ရှင်းရေးဝန်ထမ်းတွေ လည်းရှိတယ်။ ဆက်ပြီးတော့ လေဆိပ်နဲ့ တခြားနေရာကနေ Quarantine ထားဖို့ အရေးပေါ် Hlaing Quarantine Center (၂)နဲ့ (၃)ကိုလည်း ပြင်ဆင်ထားတယ်။ (၂) နဲ့ (၃) ကို RC2 ထဲက အဆောင်တွေကို လူ ၂၇၀ လောက် နေနိုင်အောင် ပြင်ဆင်ထားတယ်။ အရေးပေါ်ဖြစ်လာရင် ပြင်ဆင် ထားတာပါ။ အဲဒီမှာလည်း ၁၄ ရက်နေပြီး လုပ်အားပေးမယ့် စေတနာရှင် လုပ်အားပေးတွေကို အရန်သင့် ပြင်ဆင်ထား တယ်။ အဲဒီမှာရှိတဲ့လူတွေ စားသောက်ဖို့အတွက် စေပိုင်ကုမ္ပဏီအပြင် Quarantine ထားသူတွေအတွက် တခြားစေတနာရှင် အလှူရှင်တွေကလည်း ရေသန့်ဘူး၊ ဆေးဝါး၊ လက်သန့်ဆေးရည်၊ နှာခေါင်းစည်းနဲ့ စာပေဖတ်ရှု နိုင်ဖို့ စာအုပ်စာတမ်း စတာတွေ နေ့စဉ်လာရောက် လှူဒါန်း လျက်ရှိပါတယ်။ အဲဒါတွေအားလုံးကို စီမံခန့်ခွဲရေးကနေ စနစ်တကျ လက်ခံပြီးတော့ ဆောင်ရွက်ပေးပါတယ်။
Quarantine ထားတဲ့ အခန်းတွေကိုသွားတဲ့အခါ တစ်ကိုယ်ရေကာကွယ်ရေး ဝတ်စုံတွေဝတ်ပြီး ထမင်းဟင်းတွေ ပို့ပေးရတယ်။ ပြန်လာရင် တစ်ကိုယ်ရေကာကွယ်ရေးဝတ်စုံတွေကိုချွတ်ကာ တစ်ခါတည်း အမှိုက်တောင်းထဲ ထည့်ပြီး မီးရှို့ဖျက်ဆီးပါတယ်။ အဓိက ရေရှည်မှာလိုအပ်တာက ဝန်ထမ်းတွေနဲ့ စေတနာရှင်လုပ်အားပေးတွေအတွက် တစ်ကိုယ်ရေကာကွယ်ရေးဝတ်စုံကလိုအပ်တယ်။ အဲဒီဝတ်စုံက အမြောက်အမြား ကုန်ဖို့ရှိတယ်။ လောလောဆယ်မှာ Hlaing Quarantine Center မှာတော့ ကိုယ်အပူချိန်မြင့်တက်ပြီး အဖျားတက်၊ ချောင်းဆိုးတဲ့လူ တစ်ဦးတစ်ယောက်မျှတော့ မတွေ့ရသေးပါဘူး။

ကိုသိန်းထိန် (မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့ )
ကျွန်တော်က Hlaing Quarantine Center မှာ လုပ်အားပေး ဆောင်ရွက်နေပါတယ်။ ကျွန်တော် စေတနာ့ဝန်ထမ်း လုပ်လာတာကြာပြီ။ လက်ရှိမှာ ရန်ကုန် နာရေးကူညီမှု အသင်းမှာလည်း စေတနာ့ဝန်ထမ်းအဖြစ် တာဝန် ထမ်းဆောင်နေပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ဒီရောဂါကပ်ဆိုး ကြီး အစတုန်းကတော့ မရောက်လာနိုင်ဘူးဆိုပြီး အားလုံးက တွေးထားကြတယ်။ တကယ်ရောက်လာပြီ ဆိုလာတဲ့အချိန်မှာ နဖူးတွေ့၊ ဒူးတွေ့ ဘယ်လိုရင်ဆိုင်ကြမလဲ။ ရင်ဆိုင်ကြ တဲ့အခါမှာ ကိုယ်ကိုယ်တိုင်ကလည်း ပြည်ပက ပြန်လာတဲ့ သူဆိုရင် ဘယ်လိုစိတ်နှလုံးသွင်းမလဲ၊ လူတစ်ဖက်သားကို ဘယ်လိုကူညီမလဲ၊ အဲဒီအချိန်မှာ ဆရာမကြီး ဒေါ်သန်းမြင့် အောင်ကနေပြီးတော့ ပရဟိတလုပ်ဖို့အတွက် လူတွေ ခေါ်တဲ့အချိန်မှာ ကျွန်တော်တို့ သေသေချာချာ စဉ်းစားရမှာက ဒီအလုပ်က တစ်ရက်နှစ်ရက်တည်း လုပ်အားပေးရမယ့် အလုပ်မဟုတ်ဘူး။ ကိုယ်ကိုယ်တိုင်လည်း ပိုးရှိတဲ့လူနာနဲ့ တွေ့တဲ့အခါ ဖြစ်သွားရင် ကိုယ်တိုင်လည်း စောင့်ကြည့်ခံရတဲ့ ပုံစံမျိုး ရောက်သွားနိုင်တယ်။ ရောက်သွားနိုင်တဲ့အတွက် ကိုယ်ကိုယ်တိုင် ဒီအလုပ်ကိုလုပ်နိုင်ပြီလား၊ ပိုးရှိတဲ့လူနာနဲ့ ကိုယ်ကိုယ်တိုင်တွေ့ခဲ့ရင်၊ အကူးခံရရင်၊ ဘယ်လိုစိတ်မျိုး ထားမလဲ၊ အကုန်လုံး အဆုံးစွန်ထိ ရင်ဆိုင်ပြီး Quarantine ထားမယ့်သူတွေကို ကူညီဖို့ ဒီစေတနာ့ဝန်ထမ်း အလုပ်ကို ရွေးချယ်ခဲ့တာပါ။
ကိုယ်တိုင်လည်း ရောဂါကူးစက်မခံရအောင် ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနက ညွှန်ကြားထားတဲ့အတိုင်း ဘာပစ္စည်းကိုပဲကိုင်ကိုင် ကိုင်ပြီးတိုင်း လက်ကို လက်သန့် ဆေးရည်နဲ့ဆေးတယ်။ ဆေးလွန်းအားကြီးတော့ လက်တွေ တောင်ပူလို့ နောက်ပိုင်း ရေနဲ့ဆပ်ပြာနဲ့ပဲ ဆေးတယ်။ ရေနဲ့ ဆပ်ပြာကတော့ အကောင်းဆုံးပဲမြင်တယ်။ Quarantine ထားတဲ့သူတွေနဲ့တွေ့တိုင်း တစ်ကိုယ်ရေကာကွယ်ရေး ဝတ်စုံတွေဝတ်ရတယ်။ ပြောမယ်ဆိုရင်တော့ မကူးစက်အောင် အတတ်နိုင်ဆုံး ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းရပါတယ်။

မမိုးမြင့်မာန် (ရန်ကုန်မြို့)
လှည်းကူး မဇ္ဈိမဂုဏ်ရည်ဘုန်းတော်ကြီးကျောင်း မှာဖွင့်ထားတဲ့ Quarantine စင်တာမှာ စေတနာ့ဝန်ထမ်းအဖြစ် လုပ်အားပေးဆောင်ရွက်နေပါတယ်။ ကျွန်မက အသင်းအဖွဲ့ က မဟုတ်ပါဘူး။ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးကနေ လုပ်အားပေးခေါ်တာကို အွန်လိုင်းမှာတွေ့လို့ စာရင်းပေးပြီး ဒီမှာ လုပ်အားလာပေးတာပါ။ ဒီမှာ ကျွန်မလို စေတနာ့ဝန်ထမ်း လုပ်အားပေး ၂၀ လောက် ရှိပါတယ်။
အိမ်ကတော့စိတ်ပူတာပေါ့။ ဒါပေမယ့် ခွင့်ပြုပါတယ်။ တွေးပြီး ကြောက်နေတာထက်စာရင် အခုလိုလာပြီး ပူးပေါင်း ဆောင်ရွက်တာက အတွေ့အကြုံလည်းရတယ်။ ဒီလိုအခြေ အနေမှာ အစိုးရချည်းပဲမဟုတ်ဘဲနဲ့ ကိုယ်တတ်နိုင်တဲ့ဘက်က တစ်ဖက်တစ်လမ်းကနေ အကူအညီပေးရမယ်ဆိုတာ တွေးမိပြီး လာခဲ့တာပါ။ ဒီရောက်တာ ငါးရက် ရှိပါပြီ။
ဒီမှာတော့ Quarantine ထားမယ့်သူတွေကို ထမင်းပို့ပေးတာတွေ သူတို့ လိုအပ်တာတွေ ဆောင်ရွက်ပေးရပါ တယ်။ အတွေ့အကြုံတွေကတော့ အများကြီးရတယ်။ ဒီမှာ Quarantine ထားတဲ့သူတွေကတော့ ကျန်းမာရေးကောင်းကြ ပါတယ်။ ကိုယ့်ကိုယ်ကိုယ်တော့ နည်းနည်းစိတ်ပူမိတယ်။ အိမ်ပြန်ရင် မိသားစုရှိတယ်လေ။
ဒီ Quarantine စင်တာမှာ လုပ်အားပေးတာ လူငယ်တွေ များပါတယ်။ အားလုံးကလည်း ဆန္ဒပြုပြီးလာခဲ့ကြတာပါ။ ကျွန်မတို့ကလူငယ်တွေလေ။ မတော်တဆကူးခဲ့ရင်တောင် ကိုယ်ခံအားကောင်းတော့ ပြန်ကောင်းနိုင်တယ်။ သူတို့ကို ကူညီမယ့်သူတွေမလာရင် ဘယ်သူတွေကကူညီမှာလဲ။ ဒါက အားလုံးနဲ့ဆိုင်တဲ့ကိစ္စပါ။ လူငယ်တွေအနေနဲ့ ဒီလိုမျိုး အားလုံးနဲ့ဆိုင်တဲ့ကိစ္စတွေမှာပါဝင်တာ နိုင်ငံအတွက် လည်းကောင်းပါတယ်။ ဒီလိုတွေးပြီး ပါဝင်ခဲ့တာပါ။

ဒေါက်တာပိုင်ခန့် (အတွင်းရေးမှူး၊ မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး Mobile Team ဆပ်ကော်မတီ)
ကျေးလက်ကျန်းမာရေးဌာန ၃၁ ခုမှာ Facility Quarantine ထားရှိတဲ့ စာသင်ကျောင်းပေါင်း ၁၀၁ ခုမှာ Quarantine ထားတဲ့သူ ၆၅၇ ဦး ရှိပါတယ်။ မြဝတီကနေ မကွေးကို ကားနဲ့ပြန်လာတဲ့သူတွေကို မကွေးတိုင်းဒေသကြီးအစိုးရနဲ့ ကရင်ပြည်နယ်အစိုးရချိတ်ဆက်ပြီး သက်ဆိုင်ရာမြို့နယ် တွေကို ပြန်ပြီးတော့ ဘယ်မြို့နယ်က ဘယ်နှယောက်ဆိုပြီး စာရင်းပေးတယ်။ အဲဒီစာရင်းအတိုင်း သက်ဆိုင်ရာ မြို့နယ်တွေကို ပြန်လွှတ်တယ်။ ပြန်လာတဲ့သူတွေကို ကျန်းမာရေးဌာနနဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနပေါင်းပြီးတော့ သူတို့ကိုခေါ်ပြီး ကျောင်းဆောင်တွေမှာ ထားတယ်။ သူတို့အတွက် နေရေး၊ ထိုင်ရေး၊ စားရေး၊ သောက်ရေးအတွက် စီစဉ်ပေးထားတယ်။ Quarantine ထားဖို့ ၁၄ ရက် စီစဉ်ပေးရတယ်။
Quarantine ထားတဲ့သူတွေအတွက် ကူညီဆောင်ရွက် ပေးဖို့ မင်းလှမြို့မှာရှိတဲ့ ဌာနဆိုင်ရာတွေအပြင် ပရဟိတ အဖွဲ့တွေကလည်း ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြ ပါတယ်။ လိုအပ်တာတွေကိုကူညီဖို့၊ စောင့်ကြည့်ဖို့အတွက် လည်း ပရဟိတအဖွဲ့တွေက ကူညီပေးကြပါတယ်။
ပြည်ပကနေ ပြန်လာတဲ့သူတွေကို ကျန်းမာရေးဌာနနဲ့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနပေါင်းပြီးတော့ Quarantine ထားမယ့်နေရာ ရောက်တဲ့အချိန်မှာ သူတို့ကို အပူချိန်တိုင်း တာလုပ်တယ်။ ဘယ်လိုနေထိုင်ရမယ်၊ ဘယ်လိုဆင်ခြင်ရမယ်၊ ဘယ်လိုဂရုစိုက်ရမယ်ဆိုတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ရှင်းပြတယ်။ သူတို့နဲ့ထိတွေ့ဆက်ဆံတဲ့အဖွဲ့တွေကိုလည်း ရောဂါဖြစ်တဲ့သူပါလာရင် ကူးစက်မှုတွေမရှိအောင် ခြောက်ပေအကွာကနေ လိုအပ်တာတွေဆောင်ရွက်ပေးဖို့၊ ပြည်ပကနေ ပြန်လာတဲ့သူအချင်းချင်းကိုလည်း သီးခြား တစ်ယောက်ကို ခြောက်ပေ အနည်းဆုံးထားပြီး သီးခြားနေဖို့ ဆောင်ရွက်ပေးထားပါတယ်။ ဒီမှာတာဝန်ထမ်းဆောင်နေတဲ့ ဌာနဆိုင်ရာတွေနဲ့ စေတနာရှင် လုပ်အားပေးတွေကိုလည်း နှာခေါင်းစည်းတွေတပ်ဖို့၊ ထိတွေ့ကိုင်တွယ်ပြီးတိုင်း လက်ကိုစင်ကြယ်စွာဆေးဖို့၊ လက်နဲ့မျက်နှာတွေ၊ ပါးစပ်တွေ ကို မထိတွေ့ဖို့ ပညာပေးတာတွေ လုပ်ထားပါတယ်။
အခက်အခဲ တချို့တော့ရှိပါတယ်။ Quarantine မှာ နေတဲ့ တချို့ကျတော့ နားမထောင်တာတွေ၊ စည်းကမ်း မလိုက်နာတာတွေရှိတယ်။ သူတို့ကို နားလည်အောင် ရှင်းပြရပါတယ်။ ပြီးတော့ ရပ်ရွာဒေသခံတချို့ကျတော့ စိုးရိမ်စိတ်ရှိတယ်။ ပြန်လာတဲ့သူတွေကို ဒီနေရာတွေမှာ ထားရင်၊ ပတ်ဝန်းကျင်မှာ ဒီလိုမျိုးဖြစ်ခဲ့ရင်၊ ရောဂါတွေပါ လာရင် ငါတို့ကို ကူးမှာလားဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ ကန့်ကွက်တာတွေ ရှိတယ်။ အဲဒီအခက်အခဲတွေလည်း ကျော်လွှားရတာပေါ့။ သူတို့ကိုလည်း ပညာပေးရှင်းပြ ရပါတယ်။

ကိုဝေလင်းအောင် (မြောင်းမြ)
မြောင်းမြမြို့ ပရိယတ္တိစွမ်းအားတောရကျောင်းမှာ ဖွင့်လှစ်ထားတဲ့ Quarantine စင်တာမှာ စေတနာ့ဝန်ထမ်း ဆောင်ရွက်နေပါတယ်။ Quarantine စင်တာက ၂၇ ရက်နေ့ က စဖွင့်တယ်။
ကျန်းမာရေးဌာနကို ကူညီရာလည်းရောက်၊ ကိုယ့်မြို့ကိုလည်း ကာကွယ်ရာရောက်အောင် ကိုယ်တတ်နိုင်သလောက် ပါဝင်ကူညီတာပါ။
ကိုယ့်ကိုယ်ကိုယ်လည်း ကူးစက်မခံရအောင် Quarantine ထားတဲ့ သူတွေနဲ့ အတတ်နိုင်ဆုံး ခြောက်ပေလောက်ခွာပြီး သူတို့လိုအပ်တာတွေ ဆောင်ရွက်ပေးတယ်။ သူတို့အတွက် စားစရာ၊ သောက်ဖို့ရေသန့်ပို့တာ တွေ ဆောင်ရွက်ပေးရတယ်။ သူတို့အသုံးပြုပြီးတဲ့ စွန့်ပစ်ပစ္စည်းတွေ ဖျက်ဆီးပေးရတာတို့ ဆောင်ရွက်ပေးရပါတယ်။ သူတို့ကိုလည်း ပူးပေါင်း ဆောင်ရွက်ဖို့ ညှိနှိုင်းရတာတွေရှိတယ်။ နားလည်အောင် ပြောပြရတာ တွေရှိပါတယ်။
ကျွန်တော်တို့အဖွဲ့က မြောင်းမြမှာ ကရုဏာရှင်လူငယ်များအသင်း ဆိုပြီး ဖွဲ့ထားပါတယ်။ ကိုဗစ်-၁၉ကိစ္စမှာ တစ်မြို့လုံးမှာရှိတဲ့ ပရဟိတ အသင်းတွေကလည်း ဝိုင်းဝန်းပါဝင် လုပ်ကိုင်ကြပါတယ်။ မြောင်းမြမှာ ရှိတဲ့ ပရဟိတအသင်းတွေဆိုရင် ပြည်ပက ပြန်လာတဲ့သူတွေကို မြို့ဝင် ဂိတ်ကနေ လူနာတင်ကားနဲ့ မြို့အပြင် တစ်ဖက်ခြမ်းမှာရှိတဲ့ Quarantine Camp အထိ ပို့ဆောင်ပေးတာတွေရှိတယ်။ ပရိယတ္တိစွမ်းအား တောရ ကျောင်း Quarantine စင်တာမှာ လုပ်အားပေးတာ ကျွန်တော်တို့ မြောင်းမြ ကရုဏာရှင်လူငယ်များအသင်းသားရယ်၊ တက်ကြွလှုပ်ရှားသူ ပရဟိတ သမားအချို့ရယ် ရှိနေပါတယ်။ ကူညီရာလည်းရောက်၊ ကိုယ့်မြို့ကိုလည်း ကာကွယ်ရာရောက်အောင် ကိုယ်တတ်နိုင်သလောက် ပါဝင်ကူညီတာပါ။


