ကိုဗစ်အလွန်ကာလတွင် ခရီးသွားခွင့်ပြုပါက မန္တလေးတိုင်းအတွင်း နေ့ချင်းပြန်ခရီးစဉ်များ သွားလာနိုင်ရန် တင်ပြထား

မန္တလေး၊ ၂၉ ဒီဇင်ဘာ

ကိုဗစ်အလွန်ကာလတွင် ခရီးသွားခွင့်ပြုပါက မန္တလေးတိုင်းအတွင်း နေ့ချင်းပြန်ခရီးစဉ်များ သွားလာ နိုင်ရန် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြထားကြောင်း မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များ အသင်း (မန္တလေး)မှ  သိရသည်။

လူစုလူဝေးမဖြစ်စေဘဲ သဘာဝပတ်ဝန်းကျင်းကို လေ့လာနိုင်မည့် မန္တလေးမြို့အနီးတဝိုက် စက်ဘီးစီး ခရီးစဉ်၊ ဧရာဝတီမြစ်အတွင်း သင်္ဘောစီးခရီးစဉ်၊ ငှက်ကြည့်ခရီးစဉ်၊ စိန်ခနောက်တောင် တက်ခြင်း၊ မြခနောက်တောင်တက်ခြင်း၊ သုံးထပ်ရေတံခွန် ကဲ့သို့ ခရီးစဉ်များ တင်ပြထားကြောင်း သိရသည်။

“သင်္ဘောခရီးစဉ်ဆိုရင်လည်း ဘယ်ရွာမှ မဆိုက်ဘဲသွားတာမျိုး၊ ပုဂံကို နေ့ချင်းပြန်သွားရောက်တာမျိုး၊ မန္တလေးမြို့အနီးတဝိုက်က သဘာဝပတ်ဝန်းကျင်လှပတဲ့နေရာတွေကို လူစုလူဝေးမဖြစ်စေဘဲ သွားလာ နိုင်ဖို့၊ ထောက်ခံချက်နဲ့ နေ့ချင်းပြန်ခရီးစဉ်လိုမျိုးတွေ ဆောင်ရွက်နိုင်ဖို့ တင်ပြထားပါတယ်” ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း (မန္တလေး)မှ ဦးသန့်ဇော်က ပြောသည်။

ကိုဗစ်-၁၉ ကပ်ရောဂါစတင်ဖြစ်ပွားစဉ်မှ ယခုအချိန်အထိ ခရီးသွားလုပ်ငန်းများ ရပ်နားထားရသည်မှာ တစ်နှစ်နီးပါးခန့်ရှိပြီဖြစ်ပြီး ဒီဇင်ဘာ ၂၆ ရက်က မန္တလေးခရိုင်တခုလုံးအား Stay at Home  သတ်မှတ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

လက်ရှိအချိန်တွင် ခရီးသွားခွင့်အတွက် မည့်သည့်အချိန်တွင်ခွင့်ပြုနိုင်မည်ကို မသိရှိပေမယ့် ခွင့်ပြုခွင့် ကျလာပါက အဆင်သင့်ဖြစ်စေရန် စီစဉ်ထားကြောင်းသိရသည်။

မန္တလေးတိုင်းအတွင်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် Mandalay Tourism Conference-2020 ကိုလည်း ဒီဇင်ဘာ ၂၆ ရက်မှ ၂၈ ရက်အထိ အွန်လိုင်းဆွေးနွေးပွဲများ ကျင်းပခဲ့သည်။

မေသက်ထား