ကိုဗစ်နှင့်အတူ နှစ်သစ်ကူးကြဖို့

၂၈  ဒီဇင်ဘာ

ခရစ်တော်၏မွေးနေ့ကို အကြောင်းပြု၍ ဆင်နွှဲသည့် ခရစ္စမတ်ပွဲတော်ကို တစ်နိုင်ငံလုံးက အေးချမ်းစွာ ကျော်ဖြတ်ခဲ့ပြီ ဖြစ်ပါသည်။ မကြာမီရောက်လာတော့မည့် နှစ်သစ်ကူးကာလကိုလည်း ယခုကဲ့သို့ပင် အေးချမ်းတည်ငြိမ်စွာ ဖြတ်သန်းနိုင်ကြမည်ဟု မျှော်လင့်ယုံကြည်ပါသည်။ ငြိမ်းချမ်းပျော်ရွှင်ဖွယ်နှစ်သစ် ဖြစ်စေကြောင်းကိုလည်း ဆုတောင်းရပါသည်။ ။

ယခုအခါတွင် ကိုဗစ်ရောဂါ၏ ခြိမ်းခြောက်မှုက ကမ္ဘာတစ်ဝန်းတွင် ရှိနေဆဲဖြစ်သော်လည်း မြန်မာနိုင်ငံအတွင်း ကူးစက် ပြန့်ပွားမှုနှုန်းက တဖြည်းဖြည်းချင်း ကျဆင်းလာနေသည်ဟု ကြေညာချက်များအရ သိနေရပါသည်။ ဒီဇင်ဘာ ၂၆ ရက် ထုတ်ပြန်သော သတင်းများအရဆိုလျှင် စစ်ဆေးသူနှင့် ရောဂါပိုးတွေ့ရှိသူ ရာခိုင်နှုန်းမှာ ၃ ဒသမ ၆ ရာခိုင်နှုန်းအထိ တရွေ့ရွေ့ဆင်းလာနေပြီ ဖြစ်ပါသည်။

ဤသည်မှာ မြန်မာနိုင်ငံသား ပြည်သူတို့ကျန်းမာရေးဆိုင်ရာ သိနားလည်မှုနှင့် သတိပြုဂရုထားထိန်းချုပ်မှုတို့၏ ရလဒ်ဟု ဆိုရပါမည်။ ယင်းသို့သော အခြေအနေတိုးတက်ကောင်းမွန်လာ မှုကို ဆက်လက် ထိန်းသိမ်းထားကြခြင်းဖြင့်ငြိမ်းချမ်းပျော်ရွှင်ဖွယ် နှစ်သစ်ကူးကို ကြိုဆိုကြရန် လိုပါမည်။

ထို့ထက်ပို၍ မျှော်လင့်နေကြသည်ကား ကိုဗစ်ကာကွယ်ဆေး ဖြစ်မည်ဟု ထင်ပါသည်။ ယခုအခါ မြန်မာနိုင်ငံသား ၁၅ သန်းစာအတွက် ကာကွယ်ဆေးဝယ်ယူရန် အဆင်သင့်ဖြစ်နေပြီဟုလည်း သိရပါ၏။ ကာကွယ်ဆေးများ မြန်မာနိုင်ငံသို့ ဝယ်ယူရရှိပြီး အဆင်သင့်ဖြစ်သည်နှင့်တစ်ပြိုင်နက် နိုင်ငံသားများကို ကာကွယ်ဆေးထိုးနှံရန် အစီအစဉ်များစတင်တော့မည် ဖြစ်ပါသည်။

ကိုဗစ်တိုက်ပွဲတွင် ရှေ့တန်းက တိုက်ပွဲဝင်နေကြရသည့် ကျန်းမာရေးဝန်ထမ်းများကို ဦးစားပေး ထိုးနှံပြီးသည့်နောက် နိုင်ငံအတွက်ရော၊ ပြည်သူလူထုအတွက်ရော လိုအပ်ချက်အရ အဆင့်ဆင့် ကာကွယ်ဆေး ထိုးနှံမှုများ ပြုလုပ်သွားမည်ဟုလည်း သိရပါသည်။ မည်သို့ဆိုစေ၊ နိုင်ငံတစ်ခုလုံး လွှမ်းမိုးလုံခြုံနိုင်သည့် အနေအထားရောက်ရေးမှာမူ လနှင့်ချီ၍ စီမံဆောင်ရွက်ရမည် ဖြစ်ပါသည်။ ယင်းသို့ စိတ်ချလုံခြုံသည့် ကာလတစ်ခုသို့မရောက် မချင်း နိုင်ငံသားတို့အားလုံး သတိဖြင့် စောင့်ထိန်းနေကြရန် လိုအပ်နေဦးမည် ဖြစ်ပါ၏။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ မှာကြားချက်အရဆိုရပါမူ ပန်းတိုင်ကိုမြင်ရသည့်အချိန်တွင် ခလုတ်တိုက် လဲရသည့်အဖြစ်မျိုး မဖြစ်ကြစေလိုပါ ဟူ၏။ ပြည်သူအားလုံးကို လွှမ်းခြုံနိုင်သည့် အနေအထားရောက်သည့်တိုင် ကာကွယ်ဆေးထိုးနှံပြီးသည်ထိ သတိကြီးကြီးထားကြဖို့ ဖြစ်ပါသည်။

အရေးကြီးသည်မှာ နိုင်ငံတွင်းရောဂါကူးစက်မှု များပြားတိုးမြင့်မလာရေးပင်။ မိမိကို ဗိုင်းရပ်စ်ပိုး ကူးစက်မခံရရေးနှင့် မိမိထံမှတစ်ဆင့် တစ်ပါးသူကို ကူးစက်မခံရရေးသည် ဦးစားပေးသတိပြုရမည့် အရေးကြီးရည်မှန်းချက်အဖြစ် သဘောထားကြရန် ဖြစ်ပါသည်။ ယခုအခါ နိုင်ငံအတွင်း ပိုးကူးစက်မှု ဖြည်းဖြည်းချင်း နည်းပါးကျဆင်းလာရာမှ များများကျဆင်းလာရေးကိုတစ်ဦးချင်း ဝိုင်းဝန်းသတိထား စောင့်ရှောက်ကြရမည်သာ။

ယခု နှစ်သစ်ကူးချိန်နီးလာနေပြီဖြစ်ပါသည်။ လူစုလူဝေးများ ကိုလည်း ကြိုးစားရှောင်ရှားရင်း၊ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကိုလည်း လိုက်နာရင်း၊ ကိုဗစ်ရောဂါဆိုင်ရာ အခြေခံကျန်းမာရေး ကာကွယ်မှုများဖြစ်သည့် လူစုလူဝေးရှောင်၊ လက်ကိုစနစ်တကျနှင့် မကြာခဏဆေး၊ အိမ်တွင်းတွင်နေ၊ မဖြစ်မနေထွက်ရမည်ဆိုလျှင် နှာခေါင်းနှင့် ပါးစပ်စည်းများကို ဝတ်ဆင်၊ လူချင်းခွာ ပြောဆိုဆက်ဆံကြ စသည်တို့ကို စောင့်ထိန်း ကျင့်ကြံရင်း နှစ်သစ်ကို ရွှင်လန်းစွာကြိုဆိုကြပါစို့ဟု နှိုးဆော် လိုက်ရပါကြောင်း။ ။

မြန်မာ့အလင်း