ကျိုက်ထီးရိုး - ဘားအံ - ရန်ကုန် အပျော်စီးလေယာဉ်ခရီးစဉ် ဆက်လက်ပြေးဆွဲနိုင်ရေး ခွင့်ပြုချက် တောင်းခံထား

ရန်ကုန်၊  ၂၅  ဒီဇင်ဘာ

 

အပျော်စီးလေယာဉ်ခရီးစဉ် (Non Landing Sightseeing Flight Tour) ဆက်လက်ပြေးဆွဲနိုင်ရေး ခွင့်ပြုချက် တောင်းခံထားကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန် က ပြောသည်။

 

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၀ ရက်က မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် အပျော်စီးလေယာဉ်ခရီးစဉ် (Non Landing Sightseeing Flight Tour) ကို Myanmar National Airlines ရှိ ATR  72 မှ  ရန်ကုန် - ကျိုက်ထီးရိုး - ဘားအံ - ရန်ကုန်သို့ အနိမ့်ပျံသန်းမှုဖြင့် ကျိုက်ထီးရိုးဘုရားကို ဖူးမြော်ပြီး ဘားအံမြို့၏ ပတ်ဝန်းကျင် ရှုခင်းအလှတရားများကိုလည်း ဝေဟင်မှ ကြည့်ရှုပျံသန်းခဲ့ကာ ရာခိုင်နှုန်းပြည့် အောင်မြင်ခဲ့ကြောင်း၊ ထို့ကြောင့် ယင်းခရီးစဉ်အား ဆက်လက်ပျံသန်းနိုင်ရေး ထပ်မံခွင့်ပြုချက် တောင်းခံထားကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။

 

“ကျွန်တော်တို့က ထပ်ပြေးဆွဲဖို့အတွက် ထပ်မံခွင့်ပြုချက် တောင်းထားတယ်၊ အခုကတော့ သွားချင်တဲ့ ခရီးသည်တွေ များနေတယ်၊ ဒီရဲ့နောက်မှာ ထပ်မံပြီးတော့ သွားချင်တယ်ဆိုပြီး စာရင်းပေးထားတဲ့လူ တော်တော်များနေပြီ” ဟု ဦးနောင်းနောင်းဟန် က ပြောသည်။

 

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များ အသင်းအနေဖြင့် အပျော်စီးလေယာဉ်ခရီးစဉ် (Non Landing Sightseeing Flight Tour) တွင် လေယာဉ်၏ တင်ဆောင်နိုင်မှု ပမာဏသည် ၇၂ ဦး ဖြစ်သော်လည်း  ပြည်တွင်းလေကြောင်း ပို့ဆောင်ရေး၏ သတ်မှတ်ချက်များနှင့်အညီ အများဆုံး ၅၀ ကျော်သာ လိုက်ပါ ခွင့်ပြုမည်ဖြစ်သည်။

 

အပျော်စီးလေယာဉ်ခရီးစဉ်(Non Landing Sightseeing Flight Tour) ၏ လက်မှတ်ခနှုန်းထားများမှာ လေယာဉ်ပြတင်းပေါက် ဘေးထိုင်ခုံ ထိုင်လျှင်  ငွေကျပ် ၉၀၀၀၀ ဖြစ်ပြီး အတွင်းခုံမှာ ငွေကျပ် ၆၀၀၀၀ ဖြစ်သည်။

 

ထို့ပြင် အပျော်စီးလေယာဉ်ခရီးစဉ် (Non Landing Sightseeing Flight Tour ) ကို လိုက်ပါစီးနင်းမည့် ခရီးသည်များသည် ကိုဗစ် - ၁၉ ရောဂါ ရှိ / မရှိ မိမိအစီအစဉ်ဖြင့် စစ်ဆေးရမည်ဖြစ်ပြီး Negative ဖြစ်မှသာ လေယာဉ်ပေါ် တက်ခွင့်ရမည်ဖြစ်ကြောင်း၊ လေယာဉ်မှာလည်း ရန်ကုန်လေဆိပ်က တက်၍ ရန်ကုန်လေဆိပ်တွင် ပြန်ဆင်းမည်ဖြစ်သောကြောင့် Quarantine  ဝင်ရန်မလိုကြောင်း သိရသည်။

 

လက်ရှိ ကိုဗစ် - ၁၉ ကပ်ရောဂါကြောင့် ခရီးသွားလုပ်ငန်းများ ကိုးလခန့် ရပ်ဆိုင်းနေပြီး တချို့မှာ အပြီးပိတ်သိမ်းသည်အထိ ရှိကြောင်း၊ ထို့ကြောင့် နိုင်ငံတကာ ခရီးသွားများ မမျှော်လင့်နိုင်သေးသည့် ကာလတွင် ပြည်တွင်းခရီးသွားများနှင့် ခရီးသွားလုပ်ငန်းများကို ကောင်းကောင်းလည်ပတ်နိုင်ရန် လိုအပ်ကြောင်း ၎င်းက ဆက်ပြောသည်။

 

“အခုလောလောဆယ် ဒီခရီးစဉ်လေး ပြန်ရဖို့ နောက်ထပ်တစ်ခါ ထပ်ပြီး ခွင့်ပြုချက်ပေးဖို့အတွက် ကြိုးစားနေတုန်းပါ၊ လေကြောင်းနဲ့ကျတော့ ပျံသန်းရတာ ကန့်သတ်ချက်တွေရှိတယ်၊ အနိမ့်ပျံတယ်ဆိုရင် သူရဲ့ ကန့်သတ်ချက်တွေ ရှိတယ်၊ ဒါ့ကြောင့်မလို့ ခွင့်ပြုချက်ရအောင် ကြိုးစားနေပါတယ်” ဟု ဦးနောင်းနောင်းဟန် က ပြောသည်။

 

ဆက်လက်၍ အဆိုပါ ခရီးစဉ်အပေါ် မူတည်ကာ ဈေးကွက်အရ တုန့်ပြန်မှု ကောင်းပါကထပ်မံပြီး ခရီးစဉ်အသစ်များကို တိုးချဲ့ပြေးဆွဲသွားမည်ဖြစ်ကြောင်း  မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။

 

မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်းအနေဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် အပျော်စီးလေယာဉ်ခရီးစဉ် (Non Landing Sightseeing Flight Tour) သာမက ရန်ကုန်မြစ်တွင်း အပျော်စီး  သင်္ဘောခရီးစဉ်၊ ကုန်းတွင်းခရီးစဉ်များ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မြန်မာနိုင်ငံတွင် ကိုဗစ် - ၁၉ ပိုးတွေ့လူနာ စတင်တွေ့ရှိခဲ့သည့် ၂၀၂၀ ပြည့်နှစ် မတ်လ နောက်ပိုင်းကစ၍  ခရီးသွားလုပ်ငန်းများ ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။

 

ငြိမ်းငြိမ်း