နေပြည်တော် ဇူလိုင် ၂၀
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၌ ဇူလိုင် ၁၉ ရက်က ဆီဘောက်ဆာယာဉ် တိမ်းမှောက်၍ ကလေးငယ်နှစ်ဦးအပါအဝင် အမျိုးသားငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၁၉ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၂၀ တွင် ကျိုက်ထိုမြို့နယ် ရန်ကုန် -မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် ၉၈ မိုင် ၇ ဖာလုံနှင့် ၈ ဖာလုံအကြား အင်္ဂဘိုကျေးရွာ ဘုန်းကြီးကျောင်းအနီး၌ ဆီဘောက်ဆာယာဉ်တစ်စီး တိမ်းမှောက်ကြောင်း သတင်းအရ အမှတ် (၇၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ ရေသယ်ယာဉ်တစ်စီးတို့ဖြင့် သွားရောက်စစ်ဆေးခဲ့ရာ ဘားအံမြို့နယ် လှကဒေါင်ကျေးရွာနေ စိန်သန်းဦး (၃၂) နှစ်မောင်းနှင်ပြီး သထုံမြို့ ဘင်လှိုင်ရပ်ကွက်နေ သန်းထွန်းဦး (၂၆) နှစ်နှင့် သာယာဝတီမြို့ အမှတ် (၃) ရပ်ကွက်နေ ဇင်မျိုးဇော် (၂၄) နှစ်တို့ လိုက်ပါလာသည့် KYN-4 2C---- NISSAN ခဲရောင် (၂၂) ဘီး ဆီဘောက်ဆာယာဉ်သည် ရန်ကုန်မြို့ဘက်မှ ဘားအံမြို့ဘက်သို့ မောင်းနှင်လာစဉ် အခင်းဖြစ်နေရာအရောက်၌ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့သဖြင့် ယာဉ်မောင်း စိန်သန်းဦးပါအမျိုးသားသုံးဦးနှင့် လမ်းဘေးတွင် လမ်းလျှောက်နေသော အင်္ဂဘိုကျေးရွာနေသူများဖြစ်ကြသည့် မောင်ထက်ပြည့်စုံဝင်း (၁၄) နှစ် နှင့် မောင်ရဲပိုင်ထွေး (၁၅) နှစ်တို့တွင် ဒဏ်ရာများရရှိခဲ့သဖြင့် စိန်သန်းဦးအား ကျိုက်ထိုမြို့မရဲစခန်းယာဉ် (ပ) ၉/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲပြန်ကြား


