ကျိုက်ထို ဒီဇင်ဘာ ၈

 

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၌ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး(HPV) ထိုးနှံရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ဒီဇင်ဘာ ၄ ရက် နံနက်ပိုင်းက ကျိုက်ထိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး (ကိုယ်စား) ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက အမှာစကား ပြောကြားသည်။

 

ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တိုးချဲ့ ကာကွယ်ဆေးထိုး လုပ်ငန်း တာဝန်ခံကျန်းမာရေးမှူး အဆင့် (၃) ဒေါ်ပိုးအိအိစိုးက သားအိမ် ခေါင်းကင်ဆာရောဂါ ကာကွယ် ဆေးထိုးလုပ်ငန်း၏ ရည်မှန်းချက်၊ ကာကွယ်ဆေးထိုးနှံမည့် အသက်အရွယ် သတ်မှတ်ချက်၊ ဆေးထိုးနှံမည့် အစီအစဉ်များကို ပြောကြားရာ တက်ရောက်လာသူများက သိရှိလိုသည်များ ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြသည်။

 

ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ခွန်မောင်အိုးက မြို့နယ် အတွင်း၌ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးငယ်များ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိမှုမရှိစေရေးနှင့် ဒီဇင်ဘာ ၅ ရက်နမှ ၂၀ ရက်အထိ ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်းကို ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြပါရန် ပြောကြားခဲ့ကြောင်း သိရသည်။

 

ကျိုက်ထို(ပြန်/ဆက်)