ကျိုက်ထိုနှင့် မင်္ဂလာဒုံမြို့နယ်တို့တွင် ငွေကျပ် ၃ ဒသမ ၉၆ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)၊ စိတ်ကြွရူးသွပ်ဆေးပြားနှင့် ကက်တမင်းများ ဖမ်းဆီးရမိ

နေပြည်တော် ဩဂုတ် ၅

ကျိုက်ထိုနှင့် မင်္ဂလာဒုံမြို့နယ်တို့တွင် ငွေကျပ် ၃ ဒသမ ၉၆ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)၊ စိတ်ကြွရူးသွပ်ဆေးပြားနှင့် ကက်တမင်းများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၂၆ ရက် ည ၉ နာရီခွဲတွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်ပူးပေါင်း စစ်ဆေးရေး စခန်းတွင် ရန်ကုန်မှ ရေးသို့သွားသည့် ခရီးသည်တင်ယာဉ်ပေါ်ပါ အောင်မင်းထွန်း ကို  အိုက်စ်(မက်သ်အဖက်တမင်း) ၃ ကီလိုနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ဇူလိုင် ၂၇ ရက် မွန်းတည့် ၁၂ နာရီတွင် ဖမ်းမိမူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သည့် ညီညီထွန်း(ခ)ညီညီ ကို ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဌ)ရပ်ကွက်ရှိ ၎င်း၏နေအိမ်တွင်လည်းကောင်း၊ ညနေ ၅ နာရီတွင် စံလင်း နှင့် ထွန်းနိုင်မိုး တို့ကို မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃)လမ်းမကြီးတွင် အိုက်စ် ၁ ကီလို၊ Honda Fit မော်တော်ယာဉ် ၁ စီးနှင့် လည်းကောင်း ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး ညနေ ၅ နာရီခွဲတွင် ဖမ်းမိတရားခံ ထွန်းနိုင်မိုး ငှားရမ်းနေထိုင်သည့် မင်္ဂလာဒုံမြို့နယ်၊ ပုလဲ(၁)ရပ်ကွက်၊  ခိုင်ရွှေဝါလမ်းရှိ နေအိမ်တွင် အောင်ကိုဦး နှင့်အတူ အိုက်စ် (မက်သ်အဖက်တမင်း) ၁၁၄ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သိန်း၊ ကက်တမင်း ၆၂၀ ဂရမ် ထပ်မံဖမ်းဆီးရမိခဲ့၍ စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၃ ဒသမ ၉၆ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁၁၈ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သိန်း၊ ကက်တမင်း ၆၂၀ ဂရမ် တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ ၅ ဦးကို ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်