ကြို့ပင်ကောက်    ၁၃  ဖေဖော်ဝါရီ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ စက်မှုလယ်ယာဦးစီးဌာန၊ အမှတ် (၃၂) စက်မှုလယ်ယာ စခန်းတွင် လယ်ယာသုံး စက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်းကို ယနေ့ စတင်ဖွင့်လှစ် သင်ကြားပေးလျှက်ရှိကြောင်း သိရသည်။

 

mdn

 

သင်တန်းဖွင့်ပွဲတွင် သာယာဝတီခရိုင် သက်မှုလယ်ယာဦးစီးမှူး ဦးဝင်ဇော်က အဖွင့်အမှာစကား ပြောကြားပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကိုမင်းက သင်တန်းသားများအား သင်ထောက်ကူပစ္စည်းများ ပေးအပ်ပေးခဲ့သည်။

“တောင်သူတွေ အနေနဲ့ မိမိတို့ဝယ်ယူထားတဲ့ လယ်ယာသုံးစက်ပစ္စည်းတွေရဲ့ အကြောင်းကိုသိရှိဖို့နဲ့ သတ်မှတ်ထားတဲ့ သက်တမ်းအတိုင်း အသုံးပြုနိုင်ဖို့ အခြေခံထိန်းသိမ်းနည်းတွေကို နားလည်စေဖို့၊ လယ်ယာသုံးစက်ကိရိယာတွေအတွက် ပြင်ဆင်စရိတ် ကုန်ကျစရိတ်သက်သာပြီး စိုက်ပျိုးရေးလုပ်ငန်းတွေ အောင်မြင်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ သင်တန်းဖွင့်လှစ် ဆောင်ရွက်ရတာပါ” ဟု မြို့နယ်စက်မှုလယ်ယာ ဦးစီးမှူး ဦးမင်းဆွေက ပြောကြားသည်။

သင်တန်းကို ဖေဖော်ဝါရီလ ၁၃ ရက်မှ ၂၄ ရက်အထိ မြို့နယ်စက်မှုလယ်ယာဦးစီးမှူး ဦးမင်းဆွေနှင့် စက်မောင်းကျွမ်းကျင် ဝန်ထမ်းများက ကြို့ပင်ကောက်မြို့နယ်အတွင်းမှ ကျေးရွာ (၁၅) ရွာနှင့် ဇီးကုန်းမြို့နယ်အတွင်းမှ ကျေးရွာ (၃) ရွာတို့မှ သင်တန်းသား (၃၀) ဦးအား ပထမတစ်ပတ်တွင် စာတွေ့နှင့် ဒုတိယတစ်ပတ်တွင် လက်တွေ့ပြုပြင် ထိန်းသိမ်းနည်းများကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)

 

mdn