၂၈ ဇန်နဝါရီ
ကိုရိုနာ ဗိုင်းရပ်စ် ကပ်ရောဂါ ကိုင်တွယ်ဖြေရှင်းရာတွင် ကမ္ဘာ့မှာ ဘရာဇီးနိုင်ငံဟာ အညံ့ဖျင်းဆုံး ကိုင်တွယ်တဲ့ နိုင်ငံဖြစ်ပြီး နယူးဇီလန် နိုင်ငံဟာ အကောင်းဆုံး ကိုင်တွယ်တဲ့နိုင်ငံ ဖြစ်တယ်လို့ ဩစတေးလျနိုင်ငံက Lowy Institute သုတေသနဌာနက ဒီနေ့(ကြာသပတေးနေ့)မှာ ထုတ်ပြန်ကြေညာ လိုက်ပါတယ်။
သုတေသန ဌာနက နိုင်ငံပေါင်း ၉၈ နိုင်ငံအား ဗိုင်းရပ်စ်ပိုး ကိုင်တွယ်တုံ့ပြန်ပုံနဲ့ ပတ်သက်ပြီး လေ့လာခဲ့ပါတယ်။ နိုင်ငံတွေ ကိုင်တွယ်ပုံ သတ်မှတ်ရာတွင် ပိုးတွေ့ရှိ အတည်ပြုခြင်း၊ ရောဂါပိုးကြောင့် သေဆုံးသူ စာရင်းပြုစုခြင်း၊ ရောဂါပိုး စစ်ဆေးခြင်း စတဲ့ အချက် ၆ ချက်အပေါ် အခြေခံထားကြောင်း သိရပါတယ်။
နယူးဇီလန် နိုင်ငံနဲ့အတူ ဗီယက်နမ်၊ ထိုင်ဝမ်၊ ထိုင်း၊ ဆိုက်ပရပ်စ်၊ ရဝမ်ဒါ၊ အိုက်စ်လန်၊ ဩစတေးလျ၊ လတ်ဗီးယားနဲ့ သီရိလင်္ကာ နိုင်ငံတို့ဟာ ကပ်ရောဂါပိုးကို အကောင်းဆုံး တုံ့ပြန်နိုင်တဲ့ ပထမ ၁၀ နိုင်ငံ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါပိုး ကိုင်တွယ်ရာတွင် အဆင့် ၂၄ နေရာမှာရှိပြီး ဥရောပနိုင်ငံ နှစ်နိုင်ငံဖြစ်တဲ့ စလိုဗက်ကီးယား (၂၂) နဲ့ ဒိန်းမတ် (၂၃) နိုင်ငံတွေရဲ့ နောက်မှာ ရှိနေတာကို တွေ့ရပါတယ်။
ဘရာဇီးနိုင်ငံက အောက်ဆုံးအဆင့် ၉၈ မှာရှိပြီး မက္ကဆီကို အဆင့် (၉၇)၊ ကိုလံဘီယာ(၉၆)၊ အီရန် (၉၅)နဲ့ အမေရိကန်(၉၄) ဆိုပြီး အသီးသီး ရှိနေပါတယ်။
ယင်းသုတေသနတွင် ကပ်ရောဂါပိုး စတင်ဖြစ်ပွားသည့် တရုတ်နိုင်ငံ မပါဝင်ကြောင်း၊ တရုတ်နိုင်ငံက ရောဂါပိုး စစ်ဆေးခြင်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ထုတ်ပြန်ကြေညာခြင်း မရှိတဲ့အတွက် ပါဝင်ခြင်း မရှိကြောင်း Lowy Institute သုတေသနဌာနက ပြောပါတယ်။
၂၀၁၉ ခုနှစ် ဒီဇင်ဘာလက စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ သန်း ၁၀၀ ကျော်ရှိပြီး သေဆုံးသူဟာ ၂.၂ သန်း ရှိကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP



