ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတို့နေ့တိုင်းဆုတောင်းမိနေနိုင်တာက ဘေဘီလေး ကျန်းမာဖွံ့ဖြိုးပြီး ဉာဏ်ကောင်းစေဖို့ဟုတ်။ ဒီတစ်ခေါက်တော့ ကျန်းမာဖွံ့ထွားပြီး ဉာဏ်ကောင်းတဲ့ ဘေဘီလေး မွေးဖွားလာစေနိုင်ယ့် အစားအသောက်လေးတစ်ခုအကြောင်း ပြောပြပေးပါရစေ။
ကိုယ်ဝန်ဆောင်မေမေ နွားနို့သောက်လို့ရလား………
ကိုယ်ဝန်ဆောင်ချိန်မှာ လိုအပ်တဲ့အာဟာရတွေပြည့်စုံဖို့ စားသုံးပေးသင့်တဲ့ အစားအစာတွေထဲမှာ နွားနို့ကလည်း တစ်ခုအပါအဝင်ပါ။ နွားနို့က ပရိုတင်း၊ ကယ်လ်ဆီယမ် အပါအဝင် ကိုယ်ဝန်ဆောင် ချိန်မှာ မေမေရော ဘေဘီလေးကိုပါ ကျန်းမာစေနိုင်တဲ့ အာဟာရဓာတ်တွေ ပြည့်ဝစွာပါဝင်နေပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်နေချိန်မှာ မေမေရော ဗိုက်ထဲက ဘေဘီလေးပါကျန်းမာစေဖို့အတွက် နွားနို့သောက်ပေးလို့ရပါတယ်။
ကိုယ်ဝန်ဆောင်မေမေ နွားနို့သောက်ပေးသင့်တဲ့ အကြောင်းအရင်း
ကိုယ်ဝန်ဆောင်ချိန်မှာ နွားနို့သောက်ပေးတာက အရိုးနဲ့သွားတွေကို သန်မာစေနိုင်တယ် နွားနို့က ကယ်လ်ဆီယမ်ကြွယ်ဝတာကြောင့် အရိုးနဲ့သွားတွေကို သန်မာစေနိုင်တယ်ဆိုတာ ထွေထွေထူးထူး ပြောနေစရာ မလိုအောင်ပါ။ ကယ်လ်ဆီယမ်လိုအပ်ချက်က ကိုယ်ဝန်ဆောင်မေမေတွေမှာ ပိုများပါတယ်။ အကြောင်းကတော့ ကိုယ်တိုင် အရိုးနဲ့သွားတွေ သန်မာစေဖို့အတွက်ရော ဗိုက်ထဲက ဘေဘီလေး အရိုးနဲ့သွားတွေ အကောင်းဆုံးဖွံ့ဖြိုးစေဖို့အတွက်ပါ အရေးပါပါတယ်။
ဗီတာမင် ကြွယ်ဝစေနိုင်တယ်
နို့နဲ့နို့ထွက်ပစ္စည်းတွေမှာ ဗီတာမင် B၊ ဗီတာမင် Dတို့လိုမျိုး ဗီတာမင်တွေ ကြွယ်ဝစွာပါဝင်နေပြီး အရိုးသန်မာစေဖို့အတွက် လိုအပ်တဲ့ ကယ်လ်ဆီယမ်လည်း ပြည့်ဝစွာပါဝင်နေပါတယ်။ ဗီတာမင် D ကခန္ဓာကိုယ်က ကယ်လ်ဆီယမ် စုပ်ယူမှုကောင်းစေဖို့လည်း အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ရောကလေးပါ ကျန်းမာစေဖို့နဲ့ ကိုယ်ဝန်ပျက်ကျနိုင်ခြေကို နည်းစေဖို့ဆိုရင် ဗီတာမင် D ကြွယ်ဝစွာပါဝင်နေဖို့လိုပါမယ်။
ရင်ပူတာကို သက်သာစေနိုင်တယ်
ကိုယ်ဝန်ဆောင်ချိန်မှာ ရင်ပူတာက ကိုယ်ဝန်ဆောင်မိခင်တော်တော်များများ ခံစားရလေ့ရှိတဲ့ ကျန်းမာရေးပြဿနာတစ်ရပ်ပါ။ ဒါပေမယ့် ဒီပြဿနာက ဖြေရှင်းလို့မရတာတော့မဟုတ်ပါဘူး။ သဘာဝနည်းလမ်းလေးတွေသုံးပြီး သက်သာအောင်လုပ်လို့ရပါတယ်။ ဒီနည်းလမ်းတွေထဲက တစ်ခုက နွားနို့သောက်တာပါ။ နွားနို့က အစာအိမ်တွင်းကအက်ဆစ်ပမာဏကို ညီညွတ်မျှတစေနိုင်တာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တတ်တဲ့ ရင်ပူတာကို သိသိသာသာ သက်သာစေနိုင် ပါတယ်။
ဘေဘီလေးကို ကျန်းမာစေနိုင်တယ်
လေ့လာမှုတွေအရ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေက နွားနို့ပုံမှန်သောက်ပေးမယ်ဆိုရင် မွေးလာမယ့် ကလေးက ကျန်းမာစေနိုင်ပြီး အသက်အရွယ်ရလာတဲ့အထိလည်း ရောဂါကင်းပြီးကျန်းမာတယ်လို့ တွေ့ရှိခဲ့ရပါတယ်။ ကလေးကို အရပ်ပိုရှည်၊ ဉာဏ်ပိုကောင်းပြီး အမျိုးအစား (၂) ဆီးချိုအပါအဝင် ရောဂါတော်တော်များများကို ကင်းစေဖို့ဆိုရင် ကိုယ်ဝန်ဆောင်ချိန်မှာ မေမေက နွားနို့ သောက်ပေးဖို့လိုပါမယ်။ နွားနို့က ကလေးကြီးထွားဖွံ့ဖြိုးမှုကို အကောင်းဆုံးအားဖြည့်ပေးနိုင်သလို ရောဂါကင်းပြီး ကျန်းမာတဲ့ ကလေးတစ်ယောက်အဖြစ်ကြီးပြင်းလာစေမှာပါ။
ဦးနှောက် ဖွံ့ဖြိုးစေနိုင်တယ်
ဘေဘီလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အိုင်အိုဒင်းက အရေးပါပါတယ်။ ဗိုက်ထဲမှာ ကတည်းက ဘေဘီလေးရဲ့ ဦးနှောက်နဲ့ အာရုံကြော စနစ်ဖွံ့ဖြိုးစေဖို့ဆိုရင် မေမေက အိုင်အိုဒင်းဓာတ် ပြည့်ဝအောင် စားသုံးဖို့လိုပါမယ်။ အိုင်အိုဒင်းပါဝင်တဲ့ အစားအစာကလည်း တော်တော်လေးတော့နည်းပါးပါတယ်။ ဒီတော့ မေမေတို့အနေနဲ့ ဘေဘီလေးအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေပြည့်ဝစေဖို့ဆိုရင် အလွယ်ကူဆုံးနည်းလမ်းက နွားနို့သောက်တာပါ။
အကောင်းဆုံး ဖွံ့ဖြိုးစေနိုင်တယ်
ပရိုတင်းက ဘေဘီလေးကို အကောင်းဆုံးဖွံ့ဖြိုးစေဖို့ မရှိမဖြစ်လိုအပ်တဲ့ အာဟာရပါ။ ကိုယ်ဝန်ဆောင် ကာလမှာ မေမေက ပရိုတင်းလုံလောက်ပြည့်ဝစွာစားသုံးမှ မေမေလည်း ကျန်းမာတဲ့ ကိုယ်အလေးချိန် ရရှိပြီး ဗိုက်ထဲက ဘေဘီလေးလည်း အကောင်းဆုံးဖွံ့ဖြိုးလို့ ပေါင်မပြည့်ဘဲ မွေးဖွားမှုကနေ ကင်းဝေးမှာပါ။ ဒါ့အပြင် နွားနို့မှာ ဘေဘီလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အားပေးတဲ့ အာဟာရဓာတ် တစ်မျိုးဖြစ်တဲ့ amino acid ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒါကြောင့် မေမေရော ဘေဘီလေးပါ ကျန်းမာဖွံ့ထွားစေဖို့ နွားနို့သောက်ပေးသင့်ပါတယ်။
ဗိုက်ထဲက ဘေဘီလေးရော မေမေပါကျန်းမာစေဖို့အတွက် တစ်နေ့ကို ပိုးသတ်သန့်စင်ပြီး သေချာကျိုချက်ထားတဲ့ နွားနို့ကို တစ်ခွက်ကနေ ၃ ခွက်လောက်အထိသောက်သုံးပေးလို့ရပါတယ်။
ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”


