ကိုယ်ဝန်ဆောင် မိခင်တိုင်း အာထရာဆောင်း မရိုက်ဖူးတဲ့သူ ရှားမှာပါ။ ကိုယ်ဝန်နဲ့အာထရာဆောင်းဆိုတာ ခွဲခြားလို့မရအောင်ကို ကိုယ်ဝန်ရှိပြီဆိုတာနဲ့ အာထရာဆောင်းရိုက်လေ့ရှိပါတယ်။ ဒါဆို ဘယ်လို အကျိုးကျေးဇူး အကြောင်းအရာတွေရှိလို့ ကိုယ်ဝန်ဆောင်တွေ အာထရာဆောင်း ရိုက်ကြတာလဲ ။ ။ အာထရာဆောင်းရိုက်လိုက်ရင် ဘယ်လို အကြောင်းအရာတွေသိနိုင်လဲဆိုတဲ့ အကြောင်းလေးကို ဒီဆောင်ပါးထဲမှာ ပြောပြပေးတော့မှာပါ။ ။
ကိုယ်ဝန်နဲ့ အာထရာဆောင်း ။ ။
အာထရာဆောင်းဆိုတာ အသံလှိုင်းကို အသုံးပြုပြီး ပုံရိပ်ဖော်တာဖြစ်လို့ ကလေးနဲ့မိခင်အတွက် လုံးဝကို အန္တရာယ်မပေးနိုင်တဲ့ အရာတစ်ခုပါ။
• ကိုယ်ဝန်သက်တမ်းကိုသိဖို့
• သားသားလေးလား မီးမီးလေးလားသိဖို့နဲ့
• အခြား အကြောင်းအရာတွေ အများကြီးသိရဖို့အတွက် အာထရာဆောင်းကို အသုံးပြုကြတာဖြစ်ပါတယ်။ ဒါဆို အခြား အကြောင်းအရာတွေက ဘာတွေများလဲ။ ။
ကိုယ်ဝန်သက်အလိုက် အာထရာဆောင်းက အဖြေထုတ်ပေးနိုင်သည့်အရာများ ။ ။
ကိုယ်ဝန် ပထမ ၃ လ (ကိုယ်ဝန် ၁ပတ်ကနေ ၁၂ပတ် အတွင်း) မှာအာထရာဆောင်းရိုက်ရင် သိရမယ့်အကြောင်းအရာတွေကတော့
• ကိုယ်ဝန်ရှိမရှိ အဖြေထုတ်ပေးခြင်း
• ကိုယ်ဝန်သက်တမ်း ဘယ်လောက်ရှိပြီလဲဆိုတာနဲ့ မွေးမယ့်ရက်ကို တွက်ချက်နိုင်ခြင်း
• ကလေး နှလုံးခုန်နှုန်းကို စစ်ဆေးသိရှိနိုင်ခြင်း
• အမြွှာကိုယ်ဝန်ရှိမရှိ သိနိုင်ခြင်း
• အချင်း၊ သားအိမ်၊ သားဥအိမ်နဲ့ သားအိမ်ခေါင်းတို့ ပုံမှန် ဟုတ်မဟုတ် သိနိုင်ခြင်း
• နေရာမှား သန္ဓေတည်တာကို သိနိုင်ခြင်း (သားအိမ်ပြင်ပ သန္ဓေတည်ခြင်း)
• သန္ဓေသားမှာ တစ်စုံတစ်ရာ ချို့ယွင်းချက် ရှိမရှိ သိနိုင်ခြင်း တို့ဖြစ်ပါတယ်။
ကိုယ်ဝန်သက် ဒုတိယ၃လ (၁၂ပတ်မှ ၂၄ပတ် ) နှင့် တတိယ ၃ လ ( ၂၄ပတ်မှာ အပတ် ၄၀ )အတွင်း အာထရာဆောင်း ထုတ်ပေးနိုင်တဲ့ အဖြေတွေကတော့
• ကလေးက ခေါင်းပိုင်းနဲ့ဖွားမှာလား၊ တင်ပဆုံပိုင်းနဲ့ ဖွားမှာလား၊ ကန့်လန် အနေအထားဖြစ်နေလားဆိုတာကို ကြိုသိနိုင်ခြင်း
• သားသားလေးလား မီးမီးလေးလားဆိုတာကို သေချာကွဲပြားစွာသိနိုင်ခြင်း
• အမြွှာကိုယ်ဝန်တွေဆိုရင် အချင်းတစ်ခုတည်းလား၊ အချင်းတစ်ခုစီနဲ့လားဆိုတာကို သေချာသိရခြင်း
• အချင်းရှေ့ရောက်နေလား၊ အချိန်မတိုင်ခင် အချင်းကွာကျတာမျိုးရှိနေလားဆိုတာကို အဖြေထုတ်ပေးနိုင်ခြင်း
• ကိုယ်ဝန်သက် ၁၃ ပတ် ၁၄ ပတ်လောက်ဆို အာထရာဆောင်းရိုက်လိုက်တာနဲ့ ခရိုမိုဇုန်း ပုံမှန်မဟုတ်တဲ့ Down syndrome ရောဂါ မွေးလာမယ့်ကလေးမှာ ဖြစ်နေကြောင်း သိနိုင်ခြင်း
• ကလေးမှာ မွေးရာပါ ချို့ယွင်းချက်တွေ ရှိမရှိ နဲ့ ကိုယ်လက်အဂါင်္စုံမစုံ ဗိုက်ထဲမှာရှိနေစဉ်တည်းက ကြိုသိနိုင်ခြင်း
• ရေမြွှာရေ နည်းနေလား၊ များနေလားဆိုတာကို သိရခြင်း
• အချင်းဆီကနေ ကလေးက အောက်ဆီဂျင် အပြည့်အဝရရဲ့လား ဆိုတာကို သိနိုင်ခြင်း
• ကိုယ်ဝန်ကို စမ်းသပ်ရင်းနဲ့ မိခင်ရဲ့ သားအိမ်တို့၊ သားဥအိမ်တို့မှာ ကင်ဆာ အလုံးအကျိတ် တွေရှိမရှိ တစ်ခါတည်း သိနိုင်ခြင်း
• သားအိမ်ခေါင်းအရှည်ကို သိနိုင်ခြင်းနဲ့
• ဗိုက်ထဲက သန္ဓေသား အသက်ရှိမရှိကို အတည်ပြုပေးနိုင်ခြင်း တို့ဖြစ်ပါတယ်။ ။
ကိုယ်ဝန်ဆောင်တွေ ရိုက်နိုင်တဲ့ အာထရဆောင်း အမျိုးအစား ဘယ်နှစ်မျိုးရှိသလဲ ။ ။
Transvaginal ultrasound (မိန်းမကိုယ်တွင်း ထည့်သွင်းရိုက်သော အာထရာဆောင်း)
• ကိုယ်ဝန်သက်တမ်းနုစဉ် ကာလမှာ မိန်းမကိုယ်တွင်းကို ပစ္စည်းတစ်ခုထည့်ပြီး ရိုက်တဲ့ အာထရာဆောင်းဖြစ်ပါတယ်။ ကိုယ်ဝန်ရှိမရှိ အဖြေထုတ်ပေးတဲ့နေရာမှာ သူကဆရာကြီးပါ။
3- D အာထရာဆောင်း
• ရိုးရိုး 2 D အာထရာဆောင်းတွေလို မဟုတ်ဘဲ 3-D အာထရာဆောင်းမှာဆိုရင် သန္ဓေသားလေးရဲ့ ကိုယ်လုံးကိုယ်ထည်နဲ့ သင့်ကိုယ်တွင်းက ကလီစာတွေကို ရှင်းရှင်းလင်းလင်း မြင်နိုင်တဲ့အတွက် ကိုယ်ဝန်မှာ ပြဿနာတစ်စုံတစ်ခုရှိလို့ကတော့ ဒီ 3-D အာထရာဆောင်းက သေချာတဲ့အဖြေကို တိတိကျကျထုတ်ပေးနိုင်မှာပါ။
4- D အာထရာဆောင်း
• dynamic 3-D ultrasound လို့လည်းခေါ်ကြတဲ့ ဒီ 4- D အာထရာဆောင်း ဟာဆိုရင် သန္ဓေသားလေးရဲ့ ကိုယ်လုံးကိုယ်ထည်သာမက သူ့ရဲ့ လှုပ်ရှားမှုကိုပါ တွေ့မြင်ရစေတဲ့ အဆင့်မြင့် အာထရာဆောင်းတစ်ခုပါ။
Fetal echocardiography
• သန္ဓေသားလေးမှာ မွေးရာပါ နှလုံးရောဂါရှိတယ်လို့ ဆရာဝန်တွေ သံသယရှိတဲ့အခါ သုံးတဲ့ ပုံရိပ်ဖော်တဲ့ နည်းတစ်မျိုးပဲ ဖြစ်ပါတယ်။ ဗိုက်ထဲက ကလေးရဲ့ နှလုံး ဖွဲ့စည်းပုံ၊ နှလုံး အရွယ်အစား၊ နှလုံးမှာ အပေါက်တွေပါမပါနဲ့ နှလုံး ပုံမှန် အလုပ်လုပ်ရဲ့လား ကြိုသိနိုင်တဲ့ ပုံရိပ်ဖော်နည်းပဲ ဖြစ်ပါတယ်။
ဒါတွေကတော့ ကိုယ်ဝန်ဆောင်တွေကို ဆရာဝန်တွေ ဘာကြောင့် အာထရာဆောင်းရိုက်ပေးလဲ အာထရာဆောင်းကနေ ဘယ်လိုအကြောင်းအရာတွေကို သိနိုင်သလဲဆိုတာနဲ့ အာထရာဆောင်း ဘယ်နှစ်မျိုးရှိလဲဆိုတဲ့ အကြောင်းလေးတွေပဲ ဖြစ်ပါတယ်။
ရေးသားသူ -Dr. Thin Yadanar @ Frances
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ -Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”


