နေပြည်တော် နိုဝင်ဘာ ၂၈

မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုများနှင့် အွန်လိုင်းလောင်းကစားမှုများ အများဆုံးအခြေချလုပ်ကိုင်လျက်ရှိကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်းတာဝန်ရှိသူများအပါအဝင်  အဖွဲ့စုံပါဝင်သည့် ပူးပေါင်းစစ်ဆင်ရေးအဖွဲ့များဖြင့်   တရားမဝင်အဆောက်အအုံများအတွင်း  ဝင်ရောက်ရှင်းလင်းခြင်း၊ အွန်လိုင်းလိမ်လည်  လောင်းကစားမှုလုပ်ငန်းစဉ်များတွင်အသုံးပြုခဲ့သည့်  သိမ်းဆည်းရမိပစ္စည်းများနှင့် တရားမဝင် အဆောက်အအုံများအား  စနစ်တကျ  ဖြိုချဖျက်ဆီးခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ သည်။

ထိုသို့  အွန်လိုင်းလိမ်လည်မှု များနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြဝတီ-မဲ့ထော် သလေး(KK Park)    နယ်မြေအတွင်းရှိ   အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့်  အဆောက်အအုံများကို အပိုင်းသုံးပိုင်းခွဲ၍ စနစ်တကျ ဖြိုချဖျက်ဆီးခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် အပိုင်း(နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံ ခုနစ်လုံးကို ထပ်မံဖြိုချဖျက်ဆီးခဲ့သဖြင့် အပိုင်း()နယ်မြေအတွင်းရှိ အဆောက်အအုံ ၄၂၅ လုံးအနက်  ယနေ့အထိ ၁၁၅ လုံး ဖြိုချဖျက်ဆီးခဲ့ကြောင်းနှင့် KK Park နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံ စုစုပေါင်း ၆၃၅ လုံးအနက် ၂၆၃ လုံးကို ဖြိုချဖျက်ဆီးပြီးဖြစ် ကြောင်း သိရသည်။

အလားတူ ရွှေကုက္ကိုလ်နယ်မြေအတွင်း၌လည်း ရှင်းလင်းဖော်ထုတ်မှုများကို နိုဝင်ဘာ ၁၈ ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ ယနေ့တွင်လည်း ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ လူနေအဆောက်အအုံများ၊  ဂိုဒေါင်များ၊  ဈေးဆိုင်ခန်းများ၊ ဟိုတယ်များနှင့် ကေတီဗွီများဖြစ်သော  တစ်ထပ်အဆောက်အအုံ ၁၄ လုံး၊ နှစ်ထပ်အဆောက်အအုံ ၄၂ လုံး၊ သုံးထပ်အဆောက်အအုံ  ၁၀၃ လုံး၊ လေးထပ်အဆောက်အအုံ ၆၃ လုံး၊ ငါးထပ်အဆောက်အအုံရှစ်လုံး၊ ခုနစ်ထပ်အဆောက်အအုံတစ်လုံး စုစုပေါင်း တရားမဝင် အဆောက်အအုံ  ၂၃၁ လုံးတို့ကို  ထပ်မံစစ်ဆေးခဲ့ရာ အွန်လိုင်းလိမ်လည်မှုနှင့်   လောင်းကစားမှုလုပ်ငန်းများလုပ်ကိုင်နေသူများကို တွေ့ရှိရခြင်းမရှိဘဲ လက်ကိုင်ဖုန်းနှင့် အသုံးအဆောင်ပစ္စည်းများကို   တစ်ပါတည်းဖြုတ်သိမ်းယူဆောင်သွားခဲ့ကြောင်း သိရသည်။

ထို့ပြင်   ရွှေကုက္ကိုလ်နယ်မြေအတွင်း၌   အွန်လိုင်းလိမ်လည်မှုများ ဆောင်ရွက်ရာတွင် အသုံးပြုခဲ့သည့်   အဆောက်အအုံများအား   နိုဝင်ဘာ   ၁၈    ရက်မှ စတင်စစ်ဆေးခဲ့ရာ ယနေ့အထိ တရားမဝင်အဆောက်အအုံ ၁၀၉   လုံးကိုတွေ့ရှိရပြီး  အဆိုပါ အဆောက်အအုံများအား  ပြန်လည်အသုံးပြုမှုမရှိစေရေးအတွက် သိမ်းဆည်းချိပ်ပိတ်ခြင်းများကို ဆက်လက်ဆောင်ရွက်ခဲ့ရာ ယနေ့တွင်လည်း အဆောက်အအုံ ၄၃   လုံးကို ချိပ်ပိတ်နိုင်ခဲ့ရာ စုစုပေါင်း  ၆၄ လုံးအထိ ချိပ်ပိတ်သိမ်းဆည်းပြီးဖြစ်ကြောင်း  သိရ သည်။

ရွှေကုက္ကိုလ်နယ်မြေအတွင်း စုစုပေါင်း  ဖော်ထုတ်ရှင်းလင်းမှုများအရ ယနေ့အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်သည့်   ပြည်ပနိုင်ငံသား စုစုပေါင်း ၂၀၄၂ ဦးနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင်   အသုံးပြုသည့် ကွန်ပျူတာ အလုံး ၃၃၁၀၊ မိုဘိုင်းဖုန်း အလုံး ၂၁၈၇၀၊  star Link ဘန်း ၁၀၂ လုံး၊ Router ၂၂ လုံးနှင့် လုပ်ငန်းသုံးပစ္စည်းအများအပြားကိုစိစစ်တွေ့ရှိ  ဖမ်းဆီးရမိခဲ့ပြီး သိမ်းဆည်းရမိပစ္စည်းများအား စနစ်တကျ   ဖျက်ဆီးရှင်းလင်းခဲ့ကြောင်းနှင့် ဖော်ထုတ်ရှင်းလင်း ခြင်းများကို   ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း   သိရသည်။

ထို့ပြင်   အဆိုပါနယ်မြေများ၌ ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည့် ပြည်ပနိုင်ငံသားများအား   မြဝတီမြို့နယ်  ပူလွဲပူကျေးရွာအုပ်စု ရွှေကုက္ကိုလ်မြိုင်ကျေးရွာအတွင်း လုံထင်းဝန်းရှိ  အဆောက်အအုံ၌ ထိန်းသိမ်းထားရှိပြီး  သက်ဆိုင်ရာနိုင်ငံများသို့  အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးနိုင်ရေးအတွက် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက လိုအပ်သည့်   ကိုယ်ရေးအချက်အလက်များနှင့်   မှတ်တမ်းများ စာရင်းကောက်ယူခြင်း လုပ်ငန်းများကို  ဆောင်ရွက်ပေးလျက်ရှိသည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ နိုဝင်ဘာ ၂၈ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့   တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း   ၁၂၈၈၂   ဦး ထိန်းသိမ်းနိုင်ခဲ့ကြောင်းနှင့် ယင်းနိုင်ငံသားအားလုံးကို စစ်ဆေးပြီးစီးခဲ့ပြီး ၎င်းတို့အနက်မှ ၁၀၀၂၉ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်   အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေး ခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၂၈၅၃ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့်  ၎င်းတို့ကို ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားရှိကြောင်း သိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်မှုများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူကာ မြန်မာနိုင်ငံအတွင်း  လုံးဝအခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။   

သတင်းစဉ်