ကိုကျော်စွာ(ကျိုက်ပိ)
ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖြစ်ကြသော ကချင်လူမျိုးများသည် မွန်ဂိုမျိုးနွယ်မှ ပေါက်ဖွားဆင်းသက်လာကာ မွန်ခမာအုပ်စု၊ တိဗက်မြန်မာအုပ်စုနှင့် ထိုင်းတရုတ်အုပ်စု စသည်ဖြင့် အုပ်စုသုံးစုခွဲ၍ မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာသည်ဟု ယူဆကြသည်။
ထိုအုပ်စုသုံးစုအနက် တိဗက်မြန်မာအုပ်စုထဲတွင် ကချင်လူမျိုးများပါဝင်လာခဲ့ကြသည်။ ကချင်လူမျိုးများသည် သံလွင်မြစ်နှင့် ဗြဟ္မပုတ္တရမြစ်ဖျားကြားရှိတောင်တန်းများကို ကွေ့ရှောင်ရင်း အာသံပြည်ဘက်မှနေ၍ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့ကြသည်ဟု ဆိုကြသည်။ ကချင်လူမျိုးများသည် အထက်ပါလမ်းကြောင်း အတိုင်း မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ကာ ခန္တီး မြေပြန့်ဒေသကိုဖြတ်ကျော်၍ မေခမြစ်ဝှမ်းနှင့် တြိဂံ နယ်မြေအတွင်းသို့ ဝင်ရောက်အခြေချခဲ့ပေသည်။
ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖြစ်ကြသော ကချင်လူမျိုးအများစုတို့နေထိုင်ရာ ကချင်ပြည်နယ်သည် မြန်မာနိုင်ငံမြောက်ပိုင်းနှင့် အရှေ့ပိုင်းအရပ်တွင် တည်ရှိပေသည်။ တောတောင်ထူထပ်၍ မြင့်မားသောတောတန်းများနှင့် နက်ရှိုင်းသော သစ်တောများလည်းရှိသည်။ အကျယ်အဝန်းမှာ စတုရန်းမိုင်ပေါင်း ၃၃၉၀၃ ခန့်ရှိပြီး မြောက်လတ္တီတွဒ် ၂၃° ၂၇ နှင့် ၂၈° ၂၅'၊ အရှေ့ လောင်ဂျီတွဒ် ၉၆° နှင့် ၉၈° ၄၄' အကြားမှ တည်ရှိ၏။ ကချင်ပြည်နယ်၏ အချို့တောင်ထွတ်များသည် ပေ ၁၀၀၀၀ အထက်ရှိ၍ များသောအားဖြင့် ပေ ၃၀၀၀ မှ ပေ ၇၀၀၀ အထိ မြင့်မားကြသည်။
တောင်တန်းများ၏အနောက်ဘက် မေခနှင့် မလိခ မြစ်အကြားမှာရှိသည့် ရှန်ငေါတောင်တန်းသည် မြန်မာနိုင်ငံ မြောက်ဘက်မှဆင်းလာသော ငလောင်ဘွန်တောင်နှင့် တစ်ဆက်တည်းဖြစ်ကာ တြိဂံနယ်မြေတစ်ခုလုံးကို တောင်ကုန်းဒေသ ဖြစ်လာစေခဲ့သည်။ ကချင်လူမျိုးများသည် ထိုတောင်တန်းများအနှံ့အပြားတွင် အခြေချနေထိုင် လာခဲ့ကြသည်။ ကချင်လူမျိုးများသည် ပထဝီအနေအထား ကိုလိုက်၍ တောင်တန်းဒေသတွင် တချို့၊ မြစ်ဝှမ်းဒေသတွင် တစ်မျိုးနှင့် မြေပြန့်ဒေသများတွင် တစ်ဖုံ ကွဲပြားခြားနားကြသည်။ မြေပြန့်အရပ်များနှင့် မြစ်ဝှမ်းဒေသများတွင် အတည်တကျ အခြေစိုက်နေထိုင်ကြသဖြင့် ထိုဒေသများ တွင် မြို့ကြီးများ၊ ရွာကြီးများ ထွန်းကားလာခဲ့သည်။ တောင်ပေါ်ဒေသများတွင်မူ ယာယီမျှသာအခြေချနေထိုင်ကြသောကြောင့် မြို့ကြီးရွာကြီးများမထွန်းဘဲ မြို့ငယ် ရွာငယ်များသာ ထွန်းကားခဲ့သည်။ ကချင်ပြည်နယ်တွင် နေထိုင်ကြသော တိုင်းရင်းသား ကချင်လူမျိုးတို့၏ ဘာသာစကားကို သေချာစွာဆန်းစစ်လိုက်ပါက ရှေးဟောင်းတိဗက်လူမျိုးတို့၏ ဘာသာစကားမှ ဆင်းသက်ပေါက်ဖွားလာသည်ဟု ဆိုသည်။ လေယူလေသိမ်း အဖြတ်အတောက်နှင့် အဆွဲ အငင်သည် တိဗက်စကားသံ၊ တိဗက်စကားပြောဟန် လေယူလေသိမ်း အဆွဲအငင်အတိုင်းပင်ဖြစ်သည်။ စကားလုံးဝေါဟာရများမှာလည်း လေးပုံတစ်ပုံခန့်မှာ ဧကဝဏ္ဏဝေါဟာရများဖြစ်၍ ကျန်စကားလုံးများမှာ အသံ နှစ်လုံးထွက်ဝေါဟာရများဖြစ်သည်။ ဝါကျအဆုံးတိုင်းတွင်လည်း တိဗက်စကားကဲ့သို့ပင် အသံရှည်ဖြင့် အဆုံးသတ်လေ့ ရှိသည်။ ကချင်လူမျိုးတို့က "အေး" ဟူသော အသံရှည်ဖြင့် အဆုံးသတ်လေသည်။
ကချင်စကားသည် မြန်မာစကားနှင့်လည်း အလွန် နီးစပ်နေပြန်သည်။ အခြေခံစကားလုံးများအနက် လေးပုံတစ်ပုံခန့်မှာ မြန်မာစကားလုံးများနှင့် ကိုက်ညီနေသည့် အပြင် သဒ္ဒါမှာလည်း မြန်မာသဒ္ဒါအတိုင်း ဖြစ်နေပြန်သည်။ ကချင်စကားကိုသုံးစွဲကြသော တိုင်းရင်းသားကချင်လူမျိုးများသည် နေရာဒေသကိုလိုက်၍ မိမိတို့၏ စကားတွင် မိမိတို့နေထိုင်ရာ အိမ်နီးချင်းလူမျိုးတို့၏ စကားများကိုပါ ယူငင်သုံးစွဲခြင်းကြောင့် ယင်းတို့၏ဘာသာစကားဝေါဟာရများမှာ တဖြည်းဖြည်းကြွယ်ဝလာခဲ့သည်။ အနောက်ဘက် အာသံနယ်တွင်စွဲသော ကချင်စကားတွင် နာဂစကားလုံးများနှင့် ကူကီးချင်းစကားလုံးများပါဝင်၍ အရှေ့ဘက် တရုတ်-မြန်မာနယ်စပ် အနီးတစ်ဝိုက်တွင်သုံးသော ကချင်စကားများတွင် တရုတ်စကားများ ရောနှောနေပြန်သည်။ မြေပြန့်အရပ်များတွင်သုံးစွဲသော စကားလုံးများတွင်မူ မြန်မာစကားများနှင့် ရှမ်း-မြန်မာ စကားလုံးများ အသီးသီး ရောနေပြန်သည်။
ကချင်လူမျိုးတို့ ပြောဆိုသုံးနှုန်းသော စကားများမှာ နေရာဒေသအလိုက် လူမျိုးနွယ်စုအလိုက် ကွဲပြားခြားနားမှု ရှိကြသည်။ ဂျိန်းဖော့စကားမှာ ကချင်ပြည်နယ်တွင် လူသုံးအများဆုံးဖြစ်သည်။ ဂျိန်းဖော့စကားတစ်မျိုးတည်းကိုပင် အာသံနယ်စပ်နှင့် ဟူးကောင်းချိုင့်ဝှမ်းဒေသတွင် တစ်မျိုး၊ မေခ မလိခမြစ်ဝှမ်းတွင် တစ်မျိုး၊ အရှေ့ဘက်တရုတ်ပြည် နယ်စပ်တစ်လျှောက်တွင်တစ်မျိုး ပြောဆိုသည်ကို တွေ့ရသည်။ ထို့ပြင် ဂျိန်းဖော့စကားတွင် သာမန်ဂျိန်းဖော့၊ ခခူးဂျိန်းဖော့၊ ဂေါင်ရီဂျိန်းဖော့၊ ဟူးကောင်းဂျိန်းဖော့၊ ဒူးလင်း ဂျိန်းဖော့နှင့် ထိန်နိုင်းဂျိန်းဖော့တို့သည် ဂျိန်းဖော့စကား တစ်မျိုးတည်းကိုသာ သုံးစွဲကြသော်လည်း အသံနေ အသံထားတို့သည် အနည်းငယ်စီကွဲပြားကြသည်။
ကချင်လူမျိုးတို့၏ ဘာသာစကားများအနက် ဒုတိယလူသုံးအများဆုံးမှာ မရူးစကားဖြစ်သည်။ မြန်မာ စကားနှင့် အဓိပ္ပာယ်တူ အသံထွက်တူသော စကားလုံးပေါင်း မြောက်မြားစွာပါဝင်သည်။ ထို့ကြောင့် မရူး စကားနှင့် မြန်မာစကားမှာ အခြေခံတစ်ခုတည်းမှ ဆင်းသက်ပေါက်ပွားလာဟန်ရှိသည်။ မရူးစကားလည်း ဂျိန်းဖော့ စကားကဲ့သို့ နေရာဒေသအလိုက် ကွဲပြားမှုရှိပြန် သည်။ သာမန်မရွေး၊ အဇီးနှင့်လရှီစကားဟူ၍ သုံးမျိုးကွဲပြား ပြန်သည်။ အဇီးစကားသည် မြန်မာစကားနှင့် အလွန်ပင် နီးစပ်သည်ကို တွေ့ရသည်။ ဥပမာ
မြန်မာစကား အဇီးစကား
ခွေး ခွေ
ဆက် ဆတ်
ဆော် ဆား
မီး မြီး
လူ ဗျူ
ရေ ဝေ
စသည်ဖြင့် အခေါ်အဝေါ်များသည် အလွန်ပင်နီးစပ်နေသည်ကို တွေ့ရသည်။ ထို့ပြင် ရဝမ်စကားတွင် အသံအနိမ့် အမြင့်အလိုက် ကွဲပြားသောစကားများရှိသေးသည်။ ယင်းတို့မှာ ထရုံစကား၊ ဇာရီဝမ်စကား၊ ထလုစကား၊ အခူးဖိုင်းစကား၊ အနမ်းဖိုင်းစကား၊ ရမီလ်စကားနှင့် လုံမီစကား တို့ဖြစ်သည်။ ကချင်လူမျိုးတို့သည် ဆင်းသက်နေထိုင်သော နေရာဒေသအလိုက် ဘာသာစကားများနှင့် လူမျိုးအနွယ် တစ်ခုစီ၏ သုံးနှုန်းသော ဘာသာစကားတို့သည် အလွန်ပင် များပြားကြွယ်ဝလှကြောင်းကို ရေးသားတင်ပြလိုက်ပါ တော့သည်။
မှီငြမ်း- ကချင်တိုင်းရင်းသားယဉ်ကျေးမှုရိုးရာ ၊ ဓလေ့ထုံးစံများ


