ကချင်ပြည်နယ် ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် ၁၉ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

 

မြစ်ကြီးနား ဇွန် ၁၂

 

ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် ၁၉ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ဇွန် ၁၁ ရက် ညနေပိုင်းက မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်း၌ ပြုလုပ်ခဲ့ရာ ဗိုလ်လုပွဲစဉ်အဖြစ် မြစ်ကြီးနားမြို့နယ် အသင်းနှင့် ဆော့လော်မြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြသည်။

 

ဗိုလ်လုပွဲယှဉ်ပြိုင်ကစားမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက ကြည့်ရှုအားပေးခဲ့ကြပြီး မြစ်ကြီးနားမြို့နယ်အသင်းက ဆော့လော်မြို့နယ် အသင်းအား ပယ်နယ်တီအဆုံးအဖြတ်ဖြင့် လေးဂိုး၊ သုံးဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

 

ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ပြည်နယ်ဥပဒေချုပ်က ပြည်နယ်ဘောလုံးအဖွဲ့ ဆပ်ကော်မတီ အဖွဲ့ဝင်များ၊ လူရွေးချယ်ရေး ဆပ်ကော်မတီအဖွဲ့ဝင်များနှင့် ဒိုင်အဖွဲ့တို့ကို လည်းကောင်း၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးက ပွဲဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီခဲ့ကြသည့် ကျန်းမာရေး ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် အလှူရှင်များအားလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။

 

ဆက်လက်၍ ပြည်နယ်လမ်းပန်းဆက်သွယ်‌ရေး ဝန်ကြီးနှင့် ပြည်နယ်လူမှုရေးရာဝန်ကြီးတို့က နေရာအလိုက် အကောင်းဆုံး ကစားသမားဆု ရသူများနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ကစားသမားဆု ရသူများအား ဂုဏ်ပြုဆုတံဆိပ်နှင့် ဆုငွေများကို လည်းကောင်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး၊ ပြည်နယ် သယံဇာတရေးရာ ဝန်ကြီးတို့က တတိယဆုရ ဗန်းမော်မြို့နယ်အသင်းအားလည်းကောင်း၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးတို့က ဒုတိယဆုရ ဆော့လော်မြို့နယ် အသင်းအတွက် တစ်ဦးချင်းလည်ဆွဲ ဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို လည်းကောင်း အသီးသီး ချီးမြှင့်ကြသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ပထမဆုရ မြစ်ကြီးနားမြို့နယ်အသင်းအတွက် တစ်ဦးချင်း လည်ဆွဲဆုတံဆိပ်၊ ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၁၀ သိန်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးထံ တံခွန်စိုက်ဒိုင်းဆုကို ပေးအပ်ချီးမြှင့်သည်။

 

အဆိုပါ ပြည်နယ်ဝန်ကြီးချုပ်ဖလား ဘောလုံးပြိုင်ပွဲကို ပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း ၁၂ မြို့နယ်မှ ဘောလုံးအသင်း ၁၂ သင်းတို့က ဇွန် ၃ ရက်မှ စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် ၁၉ နှစ်အောက် ဘောလုံးပြိုင်ပွဲအတွက်  ကချင်ပြည်နယ် လက်ရွေးစင်အသင်းကို ရွေးချယ်ခဲ့ ကြောင်းနှင့် အဆိုပါ လက်ရွေးစင်အသင်းကို ပြည်နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် ပြည်နယ် ဘောလုံးဆပ်ကော်မတီတို့က စခန်းသွင်း လေ့ကျင့်ပေးထားမည် ဖြစ်ကြောင်း သိရှိရသည်။

 

ပြည်နယ်(ပြန်/ဆက်)