ဖားကန့် ၁၆ ဖေဖော်ဝါရီ
ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ သီရိမင်္ဂလာမဏိဇေယျုံ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကချင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက ကျင်းပရာ ဝန်ကြီး ဦးဒါရှီလဆိုင်းက ပြည်ထောင်စုလွှတ်တော်မှ (၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၃၀)ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည့် မြန်မာ့ကျောက်မျက်ရတနာ ဥပဒေနှင့် ဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းတာဝန်များကို ပြည်သူများအား အသိပေးရှင်းလင်းခဲ့သည်။
ဆက်လက်၍ ပြည်သူများက စပျစ်ခူးကျေးရွာ၌ မြေစာပြိုကျမည့်အန္တရာယ် ကြုံတွေ့နေရသည့် အခြေအနေများအား တင်ပြခြင်း၊ သတ်မှတ်အချိန်အတွင်း ရေမဆေးကျောက် ရှာဖွေရာမှရရှိသည့် ကျောက်စိမ်းအရိုင်းများအား အချို့ကုမ္ပဏီများက ပြန်လည်သိမ်းယူသည့်ကိစ္စ ညှိနှိုင်းဖြေရှင်းပေး စေလိုကြောင်း၊ CSR ရန်ပုံငွေဖြင့် (ကျောက်မျက်လုပ်ငန်းရှင်များက ဒေသအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရန် ပေးအပ်ထားသည့်ငွေကြေး) ဥရုချောင်းရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ထိရောက်စေလိုကြောင်း၊ မြို့နယ်အတွင်း လျှပ်စစ်မီး လျင်မြန်စွာ ရရှိရေးကိစ္စ၊ ရေလုံလောက်စွာ ရရှိရေးကိစ္စနှင့် အမှိုက်သိမ်းစနစ်များ ကောင်းမွန်ရေး ဆောင်ရွက်ပေးရန် တင်ပြခဲ့ကြသည်။
ယင်းနောက် ပြည်သူများ၏ တင်ပြမှုများအား မြို့နယ်စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်စွာအောင်နှင့် သက်ဆိုင်ရာဌာနများဖြစ်သည့် မြို့နယ်လျှပ်စစ်၊ မြို့နယ်စည်ပင်တို့မှ တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။
ထို့နောက် ပြည်နယ် အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးက ပြည်သူများ၏ တင်ပြချက်များအပေါ် ကိုယ်တိုင်ကွင်းဆင်းကြည့်ရှု၍ နစ်နာမှုများအား ဥပဒေအရ ဖြေရှင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး တွေ့ဆုံပွဲသို့ ပြည်သူ (၂၀ဝ)ဦးခန့် တက်ရောက်ခဲ့ကြောင်း မြို့နယ် (ပြန်/ဆက်) သိရသည်။
MDN


