၂၃ မေ
မြန်ဂုဏ်ဆောင်
မြောက်ဖျားနေ ကချင်သွေးချင်းများသည် ကချင်၊ ခုန်ချင်၊ တီးမှုတ်ချင်သော တိုင်းရင်းသားလူမျိုးစုဖြစ်သည်။ အတီး၊ အမှုတ်၊ အက၊ အခုန်ကို ရိုးရာပွဲလမ်း သဘင်များ၌ အသုံးပြုကြသည်၊ တီးမှုတ်ကြသည်၊ သီဆိုကြသည်။ ကချင်ရိုးရာ တူရိယာများသည် ကိုယ့်ဒေသ၊ ကိုယ့်လူမျိုးကိုအခြေပြု၍ တီထွင်ကြံဆထား သဖြင့်လည်း ရိုးရာယဉ်ကျေးမှုကို ပီပြင်စေသည်။ တိုင်းတစ်ပါးတူရိယာ၊ တိုင်းတစ်ပါးအသုံးအဆောင်များကို မသုံးကြဘဲ ကိုယ့်ပြည်တွင်းဖြစ် တူရိယာ များကိုသာ လိုလိုလားလားအသုံးပြုနေကြပေသည်။
ကချင်ရိုးရာတူရိယာများကို လေ့လာကြည့်ပါက လေမှုတ်တူရိယာနှင့် တီးခတ်တူရိယာများဟူ၍ နှစ်မျိုးနှစ်စားရှိပေသည်။ ယင်းတို့မှာ မနောစည်တော်၊ မောင်း၊ အိုးစည်၊ လင်းကွင်း၊ နှဲ၊ ပြီထောက်၊ ပြီမာန်၊ ရွယ်ဇော်၊ ခါးရွယ်၊ ဂျန့်ချီး၊ ပြီပတ်၊ ပြီခရောင်၊ ဝန်ပေါင်(င်)၊ ဗူးပြွေ၊ ဘင်ဂျို၊ ပေါင်(င်)၊ လရုန်း၊ ဆွမ်ခရန်၊ ပြီဆွန်း၊ ပြီလန်၊ တူရင် (ထုရဲန်)၊ ခရာ၊ ခပစ်၊ ဒေါ်ရော်တို့ပင် ဖြစ်ပေသည်။
၁။ မနောစည်တော်
ကချင်သားချင်းများသည် မနောစည်ကို အထွတ်အမြတ်ထားကြသည်။ ကချင်ရိုးရာ မနောပွဲများ၌ တီးခတ်လေ့ရှိသည်။ ဤစည်ကို မနောတိုင်များ၏ အလယ်တည့်တည့်တွင် ချိတ်ဆွဲပြီး မနောကသောအခါ ရှေ့ဆုံးမှတီးခတ်ရသည်။ မနောကွင်း အလယ်တွင် ကခုန်နေသော သွေးချင်းကချင်များအတွက် ကကြိုး လှစေရန် စည်းချက်ပေးနိုင်သောတူရိယာဖြစ်သည်။ မနောစည်က သွက်လက် စွာတီးခတ်သောအခါ နောက်မှကခုန်သူများသည်လည်း ခပ်သွက်သွက် ကခုန်ကြရသည်။ မနောစည်က ခပ်နှေးနှေး အသံထွက်လာသောအခါ ကခုန်သူ များလည်း အသံကိုလိုက်၍ နှေးနှေးကကြရသည်။ ထို့ကြောင့် မနောကသူများ သည် မနောစည်သံကို နားထောင်ဂရုပြုကြသည်။
မနောစည်ဝတွင် တစ်ပေနှင့် တစ်ပေခွဲခန့် အချင်းရှိသော နှစ်ဖက်ပိတ် စည်ဖုံးရှိသည်။ ယင်းကို သားရေဖြင့် ဖုံးအုပ်ထား၏။ သားရေသည် အကွက် အကျားမပါသော သားရေဖြစ်ကြရပေမည်။ အကွက်အကျားပါလျှင် စိတ်ဝမ်း ကွဲတတ်သည်၊ ရန်ဖြစ်တတ်သည်ဟူ၍ အယူရှိကြသည်။ စည်းလုံးမှု၊ သွေးစည်းမှု နည်းစေသည်ဟု ထင်ကြသည်။ ထို့ကြောင့် သားရေဖုံးကို အမည်းဆိုလျှင် တစ်ခုလုံးအမည်း၊ အဖြူဆိုလျှင် တစ်ခုလုံးအဖြူကို အသုံးပြုကြသည်။ နွားသားရေကို အသုံးများသည်။
၂။ မောင်း
မောင်းကို ကြီးစဉ်ငယ်လိုက် သုံးလုံးကို အသုံးများသည်။ မနောပွဲနှင့် အသုဘပွဲများ၌လည်းကောင်း၊ ပျော်ပွဲရွှင်ပွဲများ၌လည်းကောင်း အသုံးများသည်။ အသုဘပွဲများ၌ အခြားတူရိယာကိုမလိုဘဲ ကြီးစဉ်ငယ်လိုက် မောင်းသုံးလုံးပါက ကခုန်ပျော်ရွှင်ရ၏။
၃။ အိုးစည်
ထောင်ကာအကကို ကခုန်သောအခါ အိုးစည်တူရိယာသည် အဓိကဖြစ်သည်။ နေရာမရွေး၊ အချိန်မရွေး တီးနိုင်သောတူရိယာဖြစ်သည်။ အိုးစည်ကို လက်ပံပင်ကဲ့သို့ ပျော့၍ ပေါ့သော သစ်အမျိုးအစားဖြင့် ထွင်းလုပ်ကြသည်။ အရှည်မှာ လေးပေ၊ လေးပေခွဲခန့် ရှည်၏။ စည်အဝမှာ တစ်ပေခန့်ကျယ်၏။ ဆိတ်၊ နွားသားရေများဖြင့် ပိတ်ကြသည်။ ဗုံပတ်စာကို ဗုံအဝ၌ ပတ်လည်ဝိုင်း၍ ကပ်ကြသည်။ ပွဲတိုင်းသုံးကြ၍ ကျေးရွာတိုင်းတွင် ထားရှိကြသည်။
၄။ လင်းကွင်း
သီးခြားတီးခတ်မှုမရှိ၊ အိုးစည်ထောင်ကာအက ကခုန်သောအခါ အိုးစည် ဗုံဆိုင်းနှင့်အတူ စည်းချက်မှန်စွာ အချက်ပေး၍ တီးခတ်ကြသည်။ လင်းကွင်း သည် အိုးစည်ဝိုင်းကို ပိုမိုမြိုင်စေသည်။ ပွဲစည်ကားစေသည်။
၅။ နှဲ
ကချင်ရိုးရာ လေမှုတ်တူရိယာတစ်ခုဖြစ်သည်။ အမြင်လွယ်သလောက် မှုတ်ရသည်မှာခက်၏။ မှုတ်တတ်သူ နည်းပါး၏။ မနောအက၊ ထောင်ကာအက၊ ကဘုံအကဆင်နွှဲရာ၌ တီးမှုတ်ကြ၏။ နှဲသံသည် စိတ်ကိုရွှင်လန်းစေသည်။ နားထောင်၍ကောင်းသည်။ အသံကျယ်လောင်၍ အဝေးကပင် ကြားနိုင်၏။ ပွဲပရိသတ်ကို ဖိတ်ခေါ်နိုင်စွမ်း၏။
နှဲကို ကျင်းနားဖွန်းခေါ် အပင်တစ်မျိုးဖြင့် ပြုလုပ်၏။ တစ်ပေ၊ တစ်ပေခွဲခန့် ရှည်၏။ ထိပ်ဘက်တွင် အသံပိုမြည်စေရန် အသံချဲ့အဖြစ် ကျွဲချိုကို တပ်ဆင်ထား၏။
မှုတ်မည့်ဘက်တွင် သေးငယ်သော ဝါးလုံး(သုံးလက်မခန့်အရှည်)ကို ဖြတ်တောက်ယူပြီး အပေါက်၌ ကြက်မွေးရိုး ဖြတ်ထည့်ထား၏။ ကြက်မွေးအစွန်း၌ ကောက်ရိုးဖြတ်ထည့်၍ တီးမှုတ်ရ၏။ လက်ပေါက်အဖြစ် အပေါ်၌ လေးပေါက်၊ အောက်တစ်ပေါက် ပေါင်း ငါးပေါက်ထား၏။ ကချင်တူရိယာ၌ နာမည်ကြီး တူရိယာတစ်ခုဖြစ်သည်။
၆။ ပြီထောက်
ပြီထောက်တူရိယာကို လက်သန်းခန့်ကြီး၍ တစ်ပေခန့်အရှည်ထား၏။ တစ်ဖက်ကို ဝါးမြစ်ခံ၍ ထိုဝါးမြစ်အတွင်းပိုင်းကို အပေါက်ကလေးတစ်ပေါက် ဖောက်ထား၏။ တစ်ဖက်မှ လျှာကိုထည့်၍မှုတ်ခြင်းဖြင့် အပေါက်ကလေးမှ လေဖြတ်သွား၏။ လက်ပေါက်ကို လက်မပေါက် တစ်ပေါက်၊ အပေါပေါက် လေးပေါက် (သို့မဟုတ်) ငါးပေါက် ဖောက်ထား၏။ ခပ်ဝေးဝေးကပင် အသံကို ကြားနိုင်၏။ ညအခါ၌ ကချင်ကျေးရွာများတွင် မှုတ်ကြ၏။ လူပျိုလှည့်သည့် တူရိယာတစ်ခုဖြစ်သည်။
၇။ ပြီမန်
လက်မခန့် ဝါးနှင့် လက်သန်းခန့် ဝါးတို့ကို ပူးတွဲပြုလုပ်ထားသော တူရိယာဖြစ်သည်။ လေမှုတ်ပေါက်ထက် သေးငယ်သော အပေါက်ဖောက် ထားသည်။ ထိုအပေါက်၌ သေးငယ်ပါးလွှာသော ကြေးလျှာစကို တပ်ထား သည်။ အထူးဂရုစိုက်မှုတ်ရသည်။ အသာကလေးမှုတ်ရုံနှင့် အသံမထွက်၊ တအားမှုတ်ကလည်း အသံမမြည်သည့်အပြင် သေးငယ်သော ကြေးလျှာပင် ပြတ်သွားနိုင်၏။ အသံကိုထိန်း၍ မှုတ်ရသည်။ အကြီး၊ အငယ် အသံနှစ်မျိုးထွက် နိုင်စေရန် စွမ်းဆောင်နိုင်၏။ နားထောင်၍ အသံသာယာ၏။ လူပျိုလှည့်ရာ၌ သုံးသည်။ မြစ်ကြီးနားခရိုင် မြောက်ဘက်ဒေသမှ ကချင်သားချင်းများက တီးမှုတ်ကြသည်။
၈။ ရွယ်ဇော်
ပြွတေစ်မျိုးဖြစ်သည်။ ပြီမန်နှင့် တစ်ပုံစံတည်းဖြစ်သည်။ သို့သော် တီးမှုတ်သည့်နေရာမှာ တစ်မျိုးစီဖြစ်သည်။ ဗန်းမော်ခရိုင်နေ အဇီးသားချင်း များ၏ ယောကျာ်းတံခွန်စိုက် ပြွတေစ်မျိုးဖြစ်သည်။ အသံသာယာသည်။ ရွယ်ဇော်ဆိုသည်မှာ အဇီး အခေါ်ဖြစ်သည်။ ဂျိန်းဖော့များက "ပြီခရပ်" ဟူ၍ ခေါ်ကြသည်။ ငိုခြင်းပြွဟေူ၍ အနက်ရသည်။ ကြားရသူတိုင်းကို ငိုကြွေးနိုင် စွမ်းသော တူရိယာဖြစ်သောကြောင့် ဖြစ်သည်။
၉။ ခါးရွယ်
ပြွေသဏ္ဌာန်သည် အထက်ပါ ပြွမျေားအတိုင်းဖြစ်သည်။ "ခါးရွယ်" ဆိုသည်မှာ ဂျိန်းဖော့စကားဖြစ်သည်။ "အထူးစိတ်ဝင်စားဖွယ် ကောင်းသည်" ဟူ၍ အနက်ရသည်။ ပြွေကိုတီးမှုတ်ပါက သူများမယားနှင့်ပင် မေတ္တာ သက်ဝင်စုံမက်နိုင်စွမ်းသော အစွမ်းရှိသည်ဖြစ်၏။ ထို့ကြောင့် ပြစ်မှားကျူးလွန်မိကာ လျော်ကြေးများပင် ပေးရသည်ဟု အဆိုရှိသည်။ အိမ်ထောင်သည် မိန်းမများပင်ပြွေမှုတ်သူတို့ကို စွဲမက်နိုင်သော အစွမ်းရှိသည်။ ဗန်းမော်ခရိုင်နေ ဂျိန်းဖော့အပျိုတော်ကြွ ပြွေတစ်မျိုးဖြစ်သည်။ နားထောင်ရသူတိုင်း စွဲမက် သာယာစေသည်။
၁၀။ ဂျန့်ချီး
ဆိုခဲ့ပြီးသော ပြွေများထက် အနည်းငယ်ကြီး၏။ ရှည်၏။ မြစ်ကြီးနား အရှေ့ဘက် ဆဒုန်းတောင်တန်းရှိ အဇီးသားချင်းများ၏ ဘဝမြှင့်တင်ခြင်း တူရိယာတစ်မျိုးဖြစ်သည်။ ယောကျာ်း၊ မိန်းမ မရွေး နားဆင်နိုင်သည်။ သစ်ရွက်များကြွကျေလောက်အောင်ပင် ချိုသာသည့်အသံရှိသည်။
၁၁။ ပြီပတ်
ဘူးပြွေဖြစ်သည်။ အနည်းငယ်ကြီး၍ နှစ်ဖက်ပိတ်ရှိသည်။ သေးငယ်သော ကြေးလျှာဖြင့် လေမှုတ်ပေါက်လုပ်ထားသည်။ လက်မပေါက်တစ်ခု၊ အခြား လက်ပေါက်လေးခုပေါင်း ငါးပေါက်ရှိသည်။ ထူးဆန်းသည်ကား အရင်းအဖျား အပိတ်ခံထားသည်။ လက်ပေါက်များမှ လေကို အသွင်းအထုတ်ပြုလုပ်ရသည်။ လက်ပေါက်များကို တစ်ခုပိတ်၊ တစ်ခုဖွင့် ပြုလုပ်ထားသဖြင့် တီးမှုတ်ရာ၌ အလွန်ခက်ခဲသည်။
"ပြီပတ်"ဟူသော အနက်အဓိပ္ပာယ်မှာ အပိတ်ခံပြွဟေူ၍ အနက်ရသည်။ ပြွေသံကြားသူတိုင်း လေသံတိတ် နားထောင်ကြသည်။ လူကြီးလူငယ်မရွေး တီးမှုတ်နိုင်သည်။ ဗန်းမော်ခရိုင် ရှမ်းပြည်မြောက်ပိုင်းတွင် နေထိုင်ကြသော ကချင်လူမျိုးများ၏ နတ်သမီးခေါ်ငင်ခြင်း ပြွေဖြစ်သည်။ တောတောင် လယ်ယာချောင်းမြောင်း အင်းအိုင်များ၌ တီးမှုတ်ပါက နတ်သမီးများပင် ကိုယ်ရောင်လာပြသည်ဟု ဆိုကြသည်။
၁၂။ ပြီခရောင်
ဘူးပြွတေစ်မျိုးဖြစ်သည်။ အသံထွက်ကွာခြားသည်။ ရှေးဟောင်း သီချင်းကြီးသံများကို နောက်ခံထား၍ တီးမှုတ်ကြသည်။ ကချင်တောင်ပေါ် ကျေးလက်ဓလေ့အရ ကချင်လူငယ်များ၏ ရွာလယ်တူရိယာဖြစ်သည်။ နားထောင်၍ကောင်းသည်။ သို့သော် တီးမှုတ်တတ်သူ ရှားပါးသည်။ ဗန်းမော်၊ ရှမ်းပြည်နယ်၊ မိုးမိတ်တို့၌ ဂျိန်းဖော့သားချင်းများ တီးမှုတ်ကြသည်။
၁၃။ ဝန်ပေါင်(င်)ပြွေ
ခေတ်ပေါ်ပြွဖြေစ်သည်။ ဘေးစောင်းမှုတ်ရသည်။ ရိုးရိုးအပေါက် ဖောက် ထားသည်။ လူများစုဖြင့် တီးမှုတ်ကြရသည်။ အသံ မြိုင်ဆိုင်သည်။ အိုးစည်ဗုံမောင်း လင်းကွင်းများဖြင့် တီးမှုတ်ပါက အထူးနားထောင်၍ကောင်းသည်။ ပွဲလမ်းသဘင်တိုင်း၌ တီးမှုတ်နိုင်သည်။ ဂျပန်ခေတ်နောက်ပိုင်းမှ ဝန်ပေါင်(င်)ပြွေ ပေါ်လာသည်။ ဗန်းမော်ခရိုင် ဗန်လွန်ကျေးရွာမှ စစ်ထွက်ရဲဘော်ဟောင်း တပ်ကြပ်ကြီး ဒူဝါဖော်ဂျွန်နော်က တီထွင်ခဲ့သည်။
၁၄။ ဘူးပြွေ
လီဆူသားချင်းတို့၏ ရိုးရာမူပိုင်တူရိယာဖြစ်သည်။ ဘူးသီးအငယ်စားကို ဖောက်ပြီး အရှည်အတို ပြုလုပ်ထားသည်။ ဘူးသီးခြောက်တွင် ဝါးချောင်း ငါးချောင်း ဖောက်ထည့်ထားသည်။ ထို့နောက် လက်ပေါက်တစ်ပေါက်စီ ဖောက်ထားသည်။ လက်မပေါက်ကို အနောက်ဘက်တွင် ဖောက်ထားသည်။ ဘူးတံအရင်းပေါက်မှ လေကိုမှုတ်သည်။ အသံခြောက်မျိုးထွက်သည်။ မြိုင်ဆိုင် သည်။ သို့သော် အသံမှာ တိုးသည်။ လေကို အားစိုက်မှုတ်ရသည်။ ဒါဂေါအက ကခုန်ရာ၌ အရေးပါသည်။ သို့သော် တီးမှုတ်တတ်သူ ရှားပါးလေပြီ။
၁၅။ ဘင်ဂျို
အပိတ်ကို မြွအေရေခွံဖြင့် ပြုလုပ်ထားသည်။ ကြိုးသုံးပင်တပ်သည်။ မြင်းအမြီးကို လုံးကျစ်ခြင်းဖြင့်လည်းကောင်း၊ တယောကြိုးကဲ့သို့ သေးငယ် သောကြိုးဖြင့်လည်းကောင်း တပ်ဆင်ကြသည်။ ကြိုးတစ်ပင်ဖြင့် လည်ပင်း၌ လွယ်၍ တီးခတ်ရသည်။ ဒါဂေါအကခေါ် ကျေးလက်လီဆူရိုးရာအကကို ဆင်နွှဲရာ၌ အသုံးပြုသည်ကများသည်။ ဤဘင်ဂျိုကို ဗန်းမော်ခရိုင်ရှိ လီဆူ သားချင်းတို့၏ ရိုးရာလက်သုံးတူရိယာဖြစ်သည်။ မြောက်ပိုင်းခရိုင် ဖြစ်သော ပူတာအိုခရိုင်ရှိ လီဆူတို့၏ ဘင်ဂျိုသည်ကား မယ်ဒလင် ကဲ့သို့ဖြစ်သည်။ အဖုံးကို သစ်သားဖြင့် ပိတ်ဖုံး၍ ကြိုးလေးပင် တပ်ထားသည်။
၁၆။ ပေါင်(င်)
သေးငယ်သော တူရိယာဖြစ်သည်။ ကျစ်မာသောဝါးခြမ်းကို အဖျားချွန် သောဓားဖြင့် ဖောက်လုပ်၍ အသံအတွက် အလယ်၌ သေးငယ်သောလျှာကို တပ်ဆင်ထားသည်။ တီးမှုတ်သည့်အခါ တူရိယာအဖျားကို လက်မဖျားဖြင့်ခတ်၍ နှုတ်ငုံတီးမှုတ်ရသည်။ ယင်းတူရိယာကို ပြုလုပ်ရန်ကား မလွယ်ပေ။ တီးမှုတ် တတ်ရန်လည်း ခက်ခဲသည်။
ကြေးဖြင့်ပြုလုပ်သော ပေါင်(င်)လည်း ရှိသေးသည်။ လက်ဖြင့်တီးခတ်ရန် မလို။ နှုတ်ပါးစပ်အတွင်း ငုံထားပြီး လျှာဖြင့် ကြေးလျှာကို ခတ်ကစား၍ မှုတ်ရသည်။ ပျားမြည်သံကဲ့သို့ အသံထွက်သည်။ ယင်းတူရိယာကို ညအခါ အမှောင်ထု၌ တီးမှုတ်က ပို၍လွမ်းဆွေးစရာကောင်းသည်။
(ဆက်လက်ဖော်ပြပါမည်)
ကြေးမုံ


