၄ မတ်
တက္ကသိုလ်ဝင်တန်းတက်နေသော ကျောင်းသား ကျောင်းသူများသည် မတ်လ ၆ ရက်နေ့တွင် အတန်းတင်စာမေးပွဲကြီး ဖြေဆိုတော့မည်ဖြစ်သည်။ အခြေခံပညာကျောင်းများမှ ကလေးအားလုံးသည်လည်း အတန်းတင်စာမေးပွဲ ဖြေဆိုပြီးသွားပြီဖြစ်သည်။ နွေရာ သီကျောင်းပိတ်ရက်ကာလ စနေပြီ ဖြစ်သည်။ မိဘများလည်း ကျောင်းနှင့် ကျူရှင်ကြို၊ ပို့ လုပ်ရသည့်ဒုက္ခမှ အခိုက်အတန့်တော့ နားရပြီဖြစ်သည်။ သို့သော် ကလေးအားလုံးသည် နွေရာ သီကျောင်း ပိတ်ရက်တွင် အနားရကြမည်မဟုတ်ချေ။ တချို့သော မိဘများက လာမည့်ပညာသင်နှစ်အတွက် နွေရာသီသုံးလပြတ် သင်တန်းများ ကြိုတင်ချိတ်ထားပြီးဖြစ်သည်။
အခိုက်အတန့်အနားပေးသင့်
စင်စစ်အားဖြင့် မိဘများအနေဖြင့် အတန်းတင်စာမေးပွဲများဖြေဆိုပြီးချိန်တွင် ကလေးများကို ကာလ တစ်ခုအထိ အနားပေးသင့်ပါသည်။ ကလေးများသည် ပညာသင်နှစ်စကတည်းက ကျောင်း၊ ကျူရှင်နှင့် ဝိုင်းများ ဆက်တိုက်တက်ခဲ့ရသည်။ ညဘက်တွင်လည်း မနားခဲ့ရပေ။ သီတင်းကျွတ်နှင့် ဒီဇင်ဘာကျောင်းပိတ်ရက်တွ လည်း ကျူရှင်နှင့် စာကျက်ဝိုင်းများသို့ သွားခဲ့ရသည်။ ဆိုရလျှင် တစ်နှစ်ပတ်လုံး စိတ်ပင်ပန်း၊ လူပင်ပန်း ဖြတ်သန်း ခဲ့ကြရသည်။ ထို့ကြောင့် အတန်းတင်စာမေးပွဲကြီး ဖြေဆိုပြီးချိန်တွင် တစ်ပတ်တန်သည်၊ နှစ်ပတ်တန်သည် အပြည့်အဝအနားပေးသင့်သည်။ ရုပ်သံဇာတ်လမ်းတွဲများ ကြည့်ခွင့်ပြုခြင်း၊ ဂိမ်းကစားခြင်း၊ သူငယ်ချင်းများနှင့် စုဖွဲ့ကစားခြင်းအပါအဝင် နှစ်သက်သည့်အပန်းဖြေပုံစံမျိုးကို ခွင့်ပြုပေးသင့်သည်။ စိတ်ထွက်ပေါက် ပေးထားသင့်ပေသည်။ အလွန်အကျွံမဖြစ်အောင် မိဘအုပ်ထိန်းသူများက ကြီးကြပ်ပေးထားလျှင် ရပါသည်။
အပန်းဖြေခရီးပို့သင့်
ဝင်ငွေအပေါ်မူတည်၍ အခါအားလျော်စွာ အပန်းဖြေခရီးထွက်သင့်ပေသည်။ မိသားစုလိုက် အပန်း ဖြေခရီးထွက်ခြင်းသည် အကျိုးများစွာရရှိစေပါသည်။ အထူးသဖြင့် နွေရာသီကျောင်းပိတ်ရက်များတွင် ကလေး များကို တန်ခိုးကြီးဘုရားများသို့ ဘုရားဖူးပို့ပေးခြင်း အပါအဝင် အခြားသောအထင်ကရနေရာများသို့ အပန်း ဖြေခရီးများ ပို့ပေးသင့်ပါသည်။ ထိုသို့ပို့ပေးခြင်းအားဖြင့် ဘုရားကျောင်းကန်များ၊ အထင်ကရနေရာများ၏ သမိုင်း ကြောင်းကို လေ့လာသိရှိခွင့်ရရှိစေမည်ဖြစ်သည်။ သာဓက အနေဖြင့် ပုဂံသို့ဘုရားဖူးပို့ပေးမည်ဆိုလျှင် ရှေးမြန်မာ မင်းဆက်များ၏ သမိုင်းကြောင်းကို လေ့လာခွင့်ရရှိစေမည်ဖြစ်သည်။ ရှေးမြန်မာများ၏ စိတ်နေစိတ်ထားကို မှန်းဆနိုင်မည်ဖြစ်သည်။ အလားတူ မြနန်းစံကျော်ရွှေနန်းတော်နှင့် ကမ္ဘောဇသာဒီနန်းတော်များသို့လည်း ပို့ပေးနိုင်ပေသည်။ မည်သို့ပင်ဆိုစေကာမူ နွေရာသီတွင် အပန်းဖြေခရီး သွားခြင်းသည် ကလေးငယ်များအတွက် တန်ဖိုးမဖြတ်နိုင်သော အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်သည်။
အဘိုးအဘွားများထံ ပို့ပေးသင့်
တချို့သော ကလေးများသည် မွေးကတည်းက အဘိုး၊ အဘွားများ၊ ဆွေမျိုးများကိုမမြင်ဖူးကြပေ။ တချို့သောကလေးများသည် အစိုးရဝန်ထမ်း မိဘများ၊ စီးပွားရေးလုပ်ကိုင်နေရသော မိဘများနှင့်အတူ မြို့ပြ များတွင် လိုက်ပါနေထိုင်ကြရသည်။ ထို့ကြောင့် နွေရာ သီကျောင်းပိတ်ရက်များတွင် အဘိုး၊ အဘွားများ၊ ဆွေမျိုးများရှိရာ ကျေးလက်ဒေသများသို့ ပိုပေးသင့်သည်။ ထိုသို့ပို့ပေးခြင်းအားဖြင့် အဘိုး၊ အဘွား၊ ဆွေမျိုးများနှင့်ရင်းနှီးမှုရရှိခြင်း၊ အဘိုး၊ အဘွားများကို ကန်တော့ခွင့်ရရှိခြင်း၊ အဘိုး၊ အဘွားများ၏ မေတ္တာကို ရရှိစေခြင်း တို့အပြင် ကျေးလက်ဗဟုသုတများကိုပါ ရရှိစေပါသည်။ အထူးသဖြင့် ကလေးများသည် ခရီးသွားရသဖြင့် စိတ်ရွှင်လန်းတက်ကြွနေမည်ဖြစ်သည်။ တစ်နှစ်လုံး စာများနှင့် လုံးပန်းခဲ့ရသော စိတ်နှင့်ကိုယ်သည် ပြန်လည်ရွှင်လန်းတက်ကြွလာမည်ဖြစ်သည်။
ကုသိုလ်ပြုခွင့်ပေးသင့်
လူ့အဖြစ်သည် ရခဲသည်။ ထိုသို့ရခဲသော လူ့ဘဝတွင်မြတ်ဗုဒ္ဓ၏ သားတော်၊ သမီးတော်ဖြစ်ခွင့်ရမည်ဆိုလျှင် ပို၍အကျိုးထူးရရှိစေမည်ဖြစ်သည်။ တချို့သော လူငယ်များသည် နွေရာ သီကျောင်းပိတ်ရက်တွင် တရားရိပ်သာ ဝင်လိုကြသည်။ ရှင်သာမဏေ၊ သီလရှင် ဝတ်လိုကြသည်။ မိဘများက ပါရမီဖြည့်ပေးသင့်သည်။ နွေရာသီကျောင်း ပိတ်ရက်တွင် တစ်ပတ်၊ ၁၀ ရက်လောက် တရားရိပ်သာဝင်ခွင့်ပြုမည်ဆိုလျှင်၊ ရှင်သာမဏေ၊ သီလရှင် ဝတ်ခွင့်ပြု ပေးမည်ဆိုလျှင် ကလေးများသည် မြတ်ဗုဒ္ဒ၏တရားတော်များကို နာယူကျင့်ကြံခွင့် ရရှိကြမည်ဖြစ်သဖြင့် ကုသိုလ်အထူးရရှိကြမည်ဖြစ်သည်။
အပြည့်အဝနားခွင့်ရ
စာရေးသူတို့သည် ငယ်စဉ်က နွေရာသီကျောင်း ပိတ်ရက်ကာလတွင် ယာခင်းစောင့်ခဲ့ရသည်။ နံနက်မိုးလင်းသည်နှင့် ထမင်းချိုင့်နှင့် ယာထဲသို့သွားရသည်။ အသီးအနှံများကို တိရစ္ဆာန်များနှင့် သူခိုးများ၏ အန္တရာယ်မှ ကာကွယ်ရန်ဖြစ်သည်။ ထိုစဉ်က ယာခင်း စောင့်ရင်း နေ့ခင်းဘက်တွင် သစ်ပင်ရိပ်အောက်၌ စာဖတ ခွင့်ရခဲ့သည်။ ဆီးသီးကောက်စားရင်း သူငယ်ချင်းများနှင့်ကစားခွင့်ရခဲ့သည်။ ရွှံ့ရုပ်ကလေးများ လုပ်ခွင့်ရခဲ့ကြသည်။ ငှက်ပစ်ထွက်ခဲ့ကြသည်။ ငါးမျှားထွက်ခဲ့ကြသည်။ ဧရာဝတီမြစ်ထဲတွင် ရေကူးခဲ့ကြသည်။ မည်သည့်သင်တန်းမှလည်း မတက်ခဲ့ရပေ။ နွေရာ သီကျောင်းပိတ်ရက်ကာလသည် ပျော်ရွှင်စရာကောင်းလှသည်။ မျက်မှောက်ခေတ်လူငယ်များသည် နွေရာသီတွင် သင်တန်းပေါင်းစုံတက်နေ ရသောကြောင့် ထိုခံစားချက်မျိုး မရရှိနိုင်ကြတော့ပေ။ ပြိုင်ဆိုင်မှုပြင်းထန်သော ခေတ်ကာလတွင် ကလေးများ သည် အနားမရကြတော့ပေ။
ထိုက်သင့်သလောက် အနားပေးသင့်မိဘတိုင်းသည် မိမိ၏သား သမီးများကို တော်စေချင်၊ တတ်စေချင်ကြသည်။ ကြီးပွားတိုးတက်စေလိုကြသည်။ ပညာတတ်ကြီးများ ဖြစ်စေလိုကြသည်။ သို့သော်တချို့သောမိဘများသည် မိမိသားသမီးများကိုစက်ရုပ်လို သဘောထားကြသည်။ ပုံစံခွက်ထဲတွင်ထည့်ထားကြသည်။ မနိုင်သောဝန်များကို ထမ်းခိုင်းကြသည်။ ကျောင်းစာမှလွဲ၍ ပြင်ပလောကနှင့် ထိတွေ့ခွင့် ပေးမထားကြပေ။ ဆိုလိုသည်မှာ သူငယ်ချင်းများ နှင့် ကစားခွင့်၊ အပြင်ထွက်ခွင့်မပေးကြပေ။ ထို့ကြောင့်မိဘများအနေဖြင့် ကလေးငယ်များကို နွေရာ သီတွင်ထိုက်သင့်သလောက် အနားပေးသင့်ပေသည်။
သင်ခန်းစာယူသင့်
အာရှတွင် ထိပ်တန်းနိုင်ငံတစ်နိုင်ငံဖြစ်သည့် ဂျပန်နိုင်ငံတွင် ကလေးငယ်များသည် စိတ်ဖိစီးမှုဒဏ်ကိုမခံနိုင်သဖြင့် မိမိကိုယ်ကို သေကြောင်းကြံလေ့ရှိကြသည်။ ဆယ်ကျော်သက်အရွယ် ၇၀ ခန့်သည် နေ့စဉ်မိမိကိုယ်ကို သေကြောင်းကြံစည်လျက်ရှိသည်ဟု ဆိုသည်။ ထိုသို့ မိမိကိုယ်ကို သေကြောင်းကြံစည်ရသည့်အဓိက အကြောင်းရင်းသည် ကျောင်းပညာရေးနှင့် ဆက်စပ်လျက်ရှိသည်ဟု ဆိုသည်။ ကလေးငယ်များသည်ပညာ ရေးနှင့်ပတ်သက်၍ အိမ်တွင်မိဘများ၏ ဖိအားပေးမှုများ ရှိနေသလို ကျောင်းတွင်လည်း သူငယ်ချင်းများ၏ အနိုင်ကျင့်မှုများရှိနေသည်ဟု ဆိုသည်။ အကျိုးဆက်အနေဖြင့် စိတ်ဖိစီးမှုဒဏ်မခံနိုင်သော ဂျပန်ကလေးများသည် လွဲမှားသောနည်းလမ်းဖြင့် ထွက်ပေါက်ရှာသွားကြသည်။ ထို့ကြောင့် မိဘများ အနေဖြင့် သင်ခန်းစာယူသင့်ပေသည်။
ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်
မည်သို့ပင်ဆိုစေကာမူ နွေရာ သီကျောင်းပိတ်ရက်တွင် ကလေးငယ်များကို အတန်အသင့် အနားပေးပြီး မှသာ သူတို့စိတ်ပါဝင်စားသည့် သင်တန်းတစ်ခုခုကို တက်ခိုင်းသင့်ပေသည်။ သင်တန်းပေါင်းစုံကို တစ်ခုပြီး တစ်ခု ဆက်တိုက်တက်ခိုင်းခြင်းသည် တိုးတက်မှုမရှိသည့်အပြင် ကလေးများ၏ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါ သည်။
ကလေးများသည် တစ်နှစ်ပတ်လုံး ကျောင်း၊ ကျူရှင်၊ ဝိုင်းများတက်ခဲ့ရသဖြင့် စိတ်ရောကိုယ်ပါ ပင်ပန်း နေကြပြီဖြစ်သည်။ ထိုအချိန်မျိုးတွင် ထိုက်သင့်သော အနားယူခွင့်၊ ကစားခွင့်နှင့် အပန်းဖြေခွင့်ပေးထား သင့်ပါသည်။ သို့မှသာလျှင် စိတ်ရောကိုယ်ပါ ပြန်လည်လန်းဆန်းလာစေမည် ဖြစ်သည်။ ထို့ကြောင့် မိဘ အုပ်ထိန်းသူများအနေဖြင့် နွေရာ သီကျောင်းပိတ်ရက်ကာလအတွင်း ကလေးငယ်များကို အပြည့်အဝအနား မပေးသည့်တိုင်အောင် အခိုက်အတန့်လောက်တော့အနားယူခွင့်၊ ကစားခွင့်နှင့် စိတ်အပန်းဖြေခွင့် ပေးသွား စေချင်ပါသည်။ ။
မောင်စိန်အိ(နဘဲမြေ)


