နည်းပညာတိုးတက်လာသည်နှင့်အမျှ စကြဝဠာဗေဒလေ့လာမှုများတွင် လေ့လာပြီးသမျှ  စကြဝဠာအစိတ်အပိုင်းတို့ကို ပုံတူပြု၍ ထုတ်ပြန်လေ့ရှိရာ ယခု ဥရောပအာကာသအေဂျင်စီက လက်ရှိအချိန်ထိ အကြီးဆုံးစကြဝဠာပုံတူပြုမှုကတ်တလောက်များကို  အများပြည်သူကြည့်ရှုနိုင်ရန် ထုတ်ပေးလိုက်ပြီဖြစ်သည်။

အဆိုပါ စကြဝဠာပုံတူတွင် ကြယ်စုသန်းပေါင်း ၃၄၀၀ ကျော်၏ မြေပုံဆွဲပြထားပြီး ဒြပ်ဆွဲအား အပြန်အလှန် သက်ရောက်မှုရှိသော အမှုန် လေးထရီလီယံကျော်ကို ထည့်သွင်းပေးထားသည်ဟု ဆိုသည်။ ထိုအချက်အလက်များမှာ ဥရောပအာကာသအေဂျင်စီ၏ ယူကလစ် အာကာသမှန်ပြောင်း က ရိုက်ကူးရယူထားသည့် အချက်အလက်များဖြစ်သည်။

ကြည့်ရှုလိုသူများအနေဖြင့် နာဆာ၏  ဂျိမ်းဝက်ဘ် အာကာသမှန်ပြောင်းမှပုံများကို မြင်ရသလို ဓာတ်ပုံများကို မြင်တွေ့ရမည်တော့ မဟုတ်ပေ။ အချက်အလက်များကို Cosmohub ပလက်ဖောင်းပေါ်တွင် ကတ်တလောက်များအဖြစ် တင်ပေးထားပြီး ကိုယ်လိုချင်သည့်ပုံစံကို ဒေတာဘေ့စ်ထဲသို့ တောင်းဆိုကြည့်ရှုရမည်ဖြစ်သည်။ ထို့ကြောင့် အများပြည်သူ အလွယ်တကူဝင်ကြည့်နိုင်သည့် ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုများမဟုတ်ဘဲ ဒေတာဘေ့စ်သုံးတတ်သည့် ဝါသနာရှင်များသာ ကြည့်ရှု နိုင်ဦးမည်ဖြစ်သည်။ ထိုသို့တောင်းဆိုပြီး ဝင်ရောက်ကြည့်ရှုသူများမှ တစ်ဆင့်ပြန်လည်မျှဝေသည့် ပုံများကိုတော့ ကြည့်ရှု၍ရလာနိုင်သည်။

အဆိုပါ စကြဝဠာပုံတူပြုခြင်းကို ဖလက်ရှစ်-၂ ဟု အမည်ပေးထားပြီး ဇူးရစ်ချ်တက္ကသိုလ်မှ နက္ခတ္တရူပဗေဒပညာရှင် ယိုအာချင် စတေဒယ်က အယ်လ်ဂိုရစ်သမ်ရေးပေးထားသည်။ စတေဒယ်သည် ၂၀၁၉ ခုနှစ်မှစတင်ကာ ထိုစဉ်က ကမ္ဘာ့တတိယ  စွမ်းဆောင်ရည်အမြင့်ဆုံး စူပါကွန်ပျူတာကြီးကိုသုံး၍ ရေးဆွဲခဲ့ခြင်းဖြစ်သည်။

“ဒီပုံတူပြုမှုတွေဟာ ယူကလစ်ကနေရလာတဲ့ အချက်အလက်တွေကို ပြန်လည်လေ့လာသုံးသပ်ရာမှာ အတော်ကိုအသုံးဝင်ပါတယ်” ဟု အဆိုပါပရောဂျက်တွင်  ပါဝင်သည့်   ဇူးရစ်ချ်တက္ကသိုလ်မှ နက္ခတ္တရူပဗေဒပညာရှင် ဂျူလီယန် အက်ဒါမက်က ဆိုသည်။

ယူကလစ် အာကာသမှန်ပြောင်းသည် ၂၀၂၃ ခုနှစ်မှစတင်၍ သန်းပေါင်းထောင်နှင့်ချီသည့်    ကြယ်စုများကို   စကြဝဠာတစ်ခွင် လှည့်ပတ်လေ့လာရာ ညကောင်းကင်၏ သုံးပုံတစ်ပုံနီးပါးကို လေ့လာနိုင်ခဲ့သည်။ ကြယ်စုများအပြင် Dark Matter နှင့် Dark Energy ဟု ခေါ်သည့် မသိသေးသော ဒြပ်သားများနှင့် စွမ်းအင်များ ဖြန့်ကြက်တည်ရှိမှုကိုပါ ထည့်သွင်းလေ့လာခဲ့သည်။   ထိုသို့လေ့လာရာတွင် လက်ရှိ စကြဝဠာစံပြုမိုဒယ်ကို အခြေပြု၍ ရိုက်ကူးလေ့လာခဲ့ခြင်းဖြစ်သော်လည်း ခေတ်သစ် အာကာသမှန်ပြောင်းတို့၏ ထုံးစံအတိုင်း စံပြုမိုဒယ်ကို ဝိရောဓိဖြစ်စေမည့် အချက်အလက်များကိုပါ တွေ့ရှိခဲ့ရသည်ဟု ပညာရှင်များက ဆိုသည်။

Ref: Space.com