၃ အောက်တိုဘာ
ကမ္ဘာကြီးက အရှိန်အဟုန်ဖြင့် ပြောင်းလဲနေသည်။ အတိတ်ကာလက အိပ်မောကျနေခဲ့ဖူးသည့် အာရှတိုက်ကြီးသည်ပင် မျက်မှောက်ကာလတွင် တိုးတက်ဖွံ့ဖြိုးမှုတို့၏ အချက်အချာနေရာကို ပြန်လည်ရောက်ရှိလာနေသည်။ ၁၈ ရာစုနှင့် ၁၉ ရာစုအတွင်း ဥရောပနှင့် မြောက်အမေရိကတို့တွင် စတင်ခဲ့သည့် စက်မှုတော်လှန်ရေးကြီး၏ နောက်တွင် ကမ္ဘာတစ်ခွင် ပြောင်းလဲမှုများမှာ တစ်စတစ်စ အရှိန်အဟုန်မြန်လာခဲ့ပြီး တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်ထွန်းကားလာသည့် သိပ္ပံနှင့်နည်းပညာဆိုင်ရာ တိုးတက်မှုများကို ဗားရှင်းမြင့်လာသည့် စက်မှုတော်လှန်ရေးများအဖြစ် တင်စားခဲ့ရာတွင် ယခုခေတ်သည် စတုတ္ထစက်မှုတော်လှန်ရေး ခေတ်ပင်ဖြစ်သည်။ စတုတ္ထစက်မှုတော်လှန်ရေးက မှတ်ဉာဏ်တု (artificial intelligence) နည်းပညာ၊ နာနိုနည်းပညာ၊ ရုပ်လုံးဖော်ပုံနှိပ်နည်းပညာ၊ ပဥ္စမမျိုးဆက် မိုဘိုင်းကွန်ရက်နည်းပညာ၊ စက်ရုပ် နည်းပညာများအပါအဝင် အဆန်းတကြယ်နည်းပညာများက ရလဒ်များအဖြစ် ပေါ်ထွက်လာမည် ဖြစ်သည်။ ပထမစက်မှုတော်လှန်ရေးနှင့် ဒုတိယစက်မှု တော်လှန်ရေးတို့တွင် နောက်ကျကျန်ခဲ့သည့် အာရှသည် တတိယစက်မှုတော်လှန်ရေးနှင့် စတုတ္ထစက်မှုတော်လှန်ရေးတို့တွင် နောက်ကျမကျန်တော့။ အေအိုင်ဟု အတိုကောက် ခေါ်ဝေါ်ကြသည့် မှတ်ဉာဏ်တု နည်းပညာတွင်မူ ရှေ့တန်းသို့ပင် ရောက်ရှိနေပြီဖြစ်သည်။
ကမ္ဘာလုံးချီ ပြောင်းလဲနေသည့်ခေတ်တွင် မိမိတို့နိုင်ငံအနေဖြင့်မူ ပဋိပက္ခ္ခများ ပြေလည်ငြိမ်းချမ်းရေး၊ အထင်အမြင်လွဲမှား စိတ်ဝမ်းကွဲပြားမှုများကို သံသယဖယ်ရှား ပြန်လည်ရင်ကြားစေ့နိုင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်ချက်ဖြစ်သည့် အခြေခံအဆောက်အအုံများ တည်ဆောက်ရေး၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး စသည့်လုပ်ငန်းစဉ်များကို စိန်ခေါ်မှုများကြားမှ မဖြစ်မနေ အကောင်အထည်ဖော် ဆောင်ရွက်နေရသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် အရင်းအမြစ်များတွင် အဓိကအကျဆုံးဖြစ်သည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် ဝေးလံသည့်နယ်စပ်ဒေသများပါမကျန်အောင် ဆောက်ရွက်ပေးလျက်ရှိသည်။ နယ်စပ်ဒေသမှ တိုင်းရင်းသားများ အခြေခံပညာနှင့် အဆင့်မြင့်ပညာများကို အခမဲ့သင်ကြားနိုင်သည့် အစီအစဉ်များ ဆောက်ရွက်ပေးခြင်းဖြင့် အရည်အချင်းပြည့်ဝသည့် လူ့စွမ်းအား အရင်းအမြစ်များ တိုင်းရင်းသား လူငယ်များအတွင်း အခြေတည်ဖြစ်ပေါ်လာသည်။ နိုင်ငံတော်၏ ရည်ရွယ်ချက်မှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးစိတ်ဓာတ် ထာဝစဉ်ရှင်သန်ထက်မြတ်ရေး၊ ပြည်ထောင်စုစိတ်ဓာတ် ထွန်းကားပြန့်ပွားရေး၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးဖြစ်ပြီး ယင်းအချက်များသည် ပြည်ထောင်စုနိုင်ငံဖြစ်သော မိမိတို့နိုင်ငံအဖို့ အသက်တမျှ အရေးကြီးသော အချက်များဖြစ်သည်။
" ကမ္ဘာ့အလယ်မှာ တင့်တယ်တဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် အစဉ်အမြဲ ရပ်တည်နိုင်ဖို့ဆိုရင် သားတို့ သမီးတို့အပါအဝင် နိုင်ငံသူ၊ နိုင်ငံသားအားလုံးက စိတ်ဓာတ်အင်အား၊ ညီညွတ်မှု အင်အား၊ ဉာဏ်ပညာအင်အားတွေနဲ့ အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်၊၊ ဒါ့ကြောင့် သားတို့၊ သမီးတို့အနေနဲ့ မိမိတို့ တာဝန်ကျရာဒေသတွေမှာ ထူးချွန်ထက်မြက်တဲ့ အသိပညာရှင်တွေ၊ အတတ်ပညာရှင်တွေ ဖြစ်လာရအောင် ပညာသင်ကြားပေးရေး တာဝန်တွေသာမက နိုင်ငံတော်တည်ဆောက်ရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းတွေမှာလည်း ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြဖို့ကိုလည်း အထူးမှာကြား လိုပါတယ်။" ဟူ၍ နိုင်ငံတော်သမ္မတ ဉီးဝင်းမြင့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ (၅) နှစ်သင်တန်း အမှတ်စဉ် (၃) ကျောင်းသား၊ ကျောင်းသူများ သြဝါဒခံယူပွဲ သြဝါဒအမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။ နိုင်ငံပတာ်သမ္မတ၏ ဩဝါဒအမှာစကားပါ အချက်များအားလုံးမှာ လုပ်ငန်းခွင်ဝင်ရောက် သွားကြာရာတွင်လည်း အကောင်အထည်ဖော်ကြရမည့် လုပ်ငန်းလမ်းညွှန်များပင် ဖြစ်သည်။
ဖွံ့ဖြိုးရေးတက္ကသိုလ်ဆင်း ဆရာ၊ ဆရာမများ ဒေသအသီးသီး၌ တာဝန်ထမ်းဆောင်ကြရာတွင် နိုင်ငံတော်က ပြုစုပျိုးထောင်ပေးထားသည့် သားကောင်းရတနာ၊ သမီးကောင်းရတနာများအဖြစ် ဒေသ၏အကျိုး၊ ဒေသအတွင်းရှိ တိုင်းရင်းသားပြည်သူများ၏ အကျိုး၊ ပြည်ထောင်စုကြီးတစ်ရပ်လုံး၏ အကျိုးစီးပွားတို့ကို ရှေးရှုကာ စွမ်းစွမ်းတမံ ကြိုးပမ်းထမ်းဆောင်နိုင်ကြပါစေကြောင်း ။
မြန်မာ့အလင်း


