၁၇ ဇွန်
ကမ္ဘာတစ်ဝန်းကြောက်ရွံ့ရတဲ့ ရောဂါတစ်မျိုးဖြစ်တဲ့ အီဘိုလာဟာ တစ်ဖန်ပြန်ပြီးခြိမ်းခြောက်လာ ပြန်ပါပြီ။ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ အီဘိုလာရောဂါဟာ ပျောက်ကင်းသွားလိုက်၊ ပြန်ဖြစ်လိုက် သတင်းတွေကြားနေရပေမယ့် တခြားကိုပြန့်ပွားသွားတာ မတွေ့ရတော့ စိုးရိမ်စရာသိပ်မရှိခဲ့ပါဘူး။
ပြဿနာကြီးလာ
ဒါပေမယ့် ပြီးခဲ့တဲ့သီတင်းပတ်အတွင်းမှာ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံနဲ့ အိမ်နီးချင်းဖြစ်တဲ့ ယူဂန္ဓာမှာလည်း အီဘိုလာကြောင့် သေတဲ့လူတွေ တွေ့လာရတဲ့အခါမှာတော့ ပြဿနာကြီးမားလာခဲ့ပါပြီ။ ဒါကြောင့်လည်း နယ်စပ်တွေမှာ ထိန်းချုပ်မှုတွေ ပြုလုပ်ခဲ့တာကြောင့် ရောဂါပြန့်ပွားမှုကို ထိန်းချုပ်နိုင်လိမ့် မယ်လို့ မျှော်လင့်ရပါတယ်။ ယူဂန္ဓာကိုအီဘိုလာ ရောဂါ ရောက်သွားရတဲ့ဖြစ်စဉ်ကတော့ ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ကွန်ဂို ဒီမိုကရက်တစ်သမ္မတ နိုင်ငံကို သွားခဲ့တဲ့မိသားစုတစ်စုဟာ ယူဂန္ဓာကို ပြန်လာခဲ့ပါတယ်။ ယူဂန္ဓာမှာ နေထိုင်တဲ့ သမီးဖြစ်သူဟာ ကွန်ဂိုမှာနေထိုင်တဲ့ နေမကောင်း ဖြစ်နေတဲ့ ဖခင်ဆီကိုပြုစုဖို့ မိသားစုကို ခေါ်ယူပြီး တစ်ပတ်ကြာသွားခဲ့ပါတယ်။ နောက်ပိုင်းမှာ အဲဒီအဘိုးအိုဟာ အီဘိုလာကြောင့်ပဲ ဆုံးပါး သွားခဲ့ပါတယ်။
ယူဂန္ဓာသို့ရောက်ရှိ
အဲဒီနောက်မှာတော့ ယူဂန္ဓာနယ်စပ်ရောက်တဲ့အခါ အဲဒီမိသားစုဝင်တွေဟာ အပူချိန်မြင့် မားတာတွေ၊ ဝမ်းလျှောတာတွေဖြစ်လာခဲ့ပါတယ်။ သူတို့မိသားစုဟာ ဆေးခန်းသွားပြခဲ့ပြီး ဆရာဝန်တွေက သူတို့ကို သီးခြားထားဖို့ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီမိသားစုထဲက မိသားစုဝင်ခြောက် ဦးဟာ ရဲတွေ အစောင့်အကျပ်နည်းတဲ့လမ်းကနေ ယူဂန္ဓာနိုင်ငံထဲကို ဝင်ရောက်သွားခဲ့ပါတယ်။ ရက်အနည်းငယ်ကြာတဲ့အခါမှာတော့ အဘွားဖြစ်သူရော ငါးနှစ်အရွယ်ကလေးပါ သေဆုံးသွားခဲ့ပါတယ်။ ကျန်းမာရေးအာဏာပိုင်တွေဟာ အီဘိုလာဗိုင်းရပ်စ် ယူဂန္ဓာနယ်စပ် တစ်လျှောက်မှာ ပျံ့နှံ့သွားမှာကို ကာလရှည်ကြာ စိုးရိမ်ပူပန်ခဲ့ရပါတယ်။ နယ်စပ်အရှည်ဟာ မိုင် ၅၀ဝ ခန့်ရှိပြီး တရားမဝင်ဝင်ပေါက်တွေ ကလည်း အများကြီးပါပဲ။ တစ်ခါတလေဆိုရင် ရေတိမ်တဲ့နေရာမှာ ပျဉ်ပြားထိုးပြီး ကူးသွားရတာ မျိုးတောင်ရှိပါတယ်။ ကုန်သည်တွေဟာလည်း နေ့စဉ်နဲ့အမျှ ဟိုဘက် ဒီဘက်ကို ဖြတ်သန်းသွား လာနေကြပါတယ်။
ရောဂါထိန်းချုပ်ဖို့ ခက်ခဲရသည့်အကြောင်း
ကွန်ဂိုဒီမိုကရက်တစ်သမ္မတ နိုင်ငံမှာ အီဘိုလာကိုထိန်းချုပ်ဖို့ ခက်ခဲရတဲ့အကြောင်း အရင်းတွေထဲက တစ်ချက်ကတော့ ပဋိပက္ခ ဖြစ်ပွားရာနယ်မြေ၊ ငြိမ်းချမ်းမှုမရှိတဲ့ နယ်မြေတွေမှာ ရောဂါပြန့်ပွားနေလို့ပါပဲ။ တိုင်းပြည် အရှေ့ပိုင်းက တောအုပ်တွေထဲမှာ လက်နက်ကိုင်အုပ်စု ၁၂၀ ခန့် ခိုအောင်းနေထိုင်ကြပါတယ်။ အဲဒီပုန်းခိုရာနေရာတွေကနေထပ်ပြီး အရပ်သား တွေကိုပြန်ပေးဆွဲတာတွေ၊ လုယက်မှုတွေကျူးလွန် ကြပါတယ်။ သူတို့ဟာ ရွှေနဲ့အခြားသတ္တုတွေကိုမှောင်ခိုထုတ်ပြီး ပိုက်ဆံရှာကြပါတယ်။
ယုံကြည်မှုနည်းပါး
နယ်မြေမအေးချမ်းမှုကလည်း ရောဂါပြန့်ပွားမှုကို ထိန်းချုပ်ရခက်တဲ့အချက်ထဲက တစ်ချက်ဖြစ်သလို အခြားသောရှုပ်ထွေးတဲ့အချက်တွေလည်းရှိပါသေးတယ်။ အဲဒါကတော့ ဒေသခံပြည်သူ တွေဟာ အာဏာပိုင်အဖွဲ့အစည်းအပေါ် ယုံကြည်မှု နည်းတာလည်း ပါပါတယ်။ အာဏာပိုင်အဖွဲ့ အစည်းတွေရဲ့ စွမ်းဆောင်ရည်ကိုလည်း သံသယရှိ ကြပါတယ်။ ကျန်းမာရေးလုပ်သားတွေဟာ လက်နက်ကိုင်တွေရဲ့ အကူအညီနဲ့ နယ်လှည့်ထွက်ရပြီး ဒါကိုပဲပြည်သူတွေက အထင်မှားတာမျိုးတွေ ရှိပါတယ်။ ဆင်းရဲတဲ့ရွာတွေမှာဆိုရင် ရွာသားတွေဟာ ကုသရေးယာဉ်တန်းကိုမြင်တဲ့အခါ ပိုက်ဆံတွေကိုသဲ့ယူတဲ့ အီဘိုလာစီးပွားရေးလုပ်ငန်းလို့ ပြောကြပါတယ်။ လွန်ခဲ့တဲ့လက ကွန်ဂိုဒီမို ကရက်တစ်သမ္မတနိုင်ငံ အရှေ့မြောက်ပိုင်းမှာရှိတဲ့ အီဘိုလာဇုန်ထဲမှာဆိုရင် မှားယွင်းတဲ့အယူအဆတွေ ပျံ့နှံ့နေပါတယ်။ အဲဒီဒေသမှာ အီဘိုလာ ရောဂါကို တမင်သက်သက် ဖြန့်ဝေထားတာလို့ လူတွေ ယုံကြည်ကြပြီး ရောဂါပျံ့နှံ့မှသာ နိုင်ငံခြား သားတွေဟာ ဒီကနေ ပိုက်ဆံရမှာလို့ ထင်နေကြပါတယ်လို့ ဘီဘီစီသတင်းထောက်က ပြောပါတယ်။
ကုသရေးစင်တာတွေတိုက်ခိုက်ခံရ
အီဘိုလာစတင်ဖြစ်ပွားစဉ်ကစလို့ ကျန်းမာရေးလုပ်သားတွေနဲ့ အီဘိုလာကုသရေးစင်တာတွေကို ပစ်မှတ်ထားပြီးတိုက်ခိုက်မှုပေါင်း ၁၀ဝ ထက် မနည်း ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ မယုံကြည်နိုင်မှုတွေ၊ မနာလိုစိတ်တွေကြောင့်ဒီလိုဖြစ်ရပ်တွေ ဖြစ်ပေါ်လာရတာပါ။ ကုသရေးစင်တာတွေ ကိုမီးရှို့ပစ်တဲ့ အဖွဲ့တွေကတော့ လက်နက်ကိုင် အဖွဲ့တွေရဲ့ ကြိုတင်ကြံစည်မှုတွေကြောင့်ပေါ် ပေါက်လာရတာပါ။ လက်နက်ကိုင်အဖွဲ့တွေရဲ့ ရည်ရွယ်ချက်နဲ့ အစီအစဉ်တွေဟာ ဘာတွေလဲဆိုတာ ခန့်မှန်းရခက်ပါတယ်။
သူပုန်တွေလည်းကြောက်ရ
လက်နက်ကိုင်အုပ်စုတွေ အီဘိုလာကုသရေး စင်တာကိုမီးလာရှို့တုန်းက အဖြစ်အပျက်ကို မျက်မြင်ကိ်ုယ်တွေ့ ကြုံလိုက်ရတဲ့ အမျိုးသမီးကတော့ ဒီလိုပဲရှင်းပြထားပါတယ်။ ကျွန်မဆေး သွင်းနေတုန်း သူပုန်တွေလာတိုက်တာကို သိပါတယ်။ ထွက်ပြေးချင်ပေမယ့်လည်း အင်အားမရှိ လို့ မပြေးနိုင်ခဲ့ပါဘူး။ မီးရှို့လိုက်လို့အော်တဲ့ အသံတွေလည်းကြားရတယ်။ အဲဒီနောက်မှာတော့ အပူ လှိုင်းဒဏ်ကိုစတင်ခံစားလာရတယ်။ သူနာပြု ဆရာမသာလာမကယ်ခဲ့ရင် ကျွန်မသေသွားတာ ကြာပြီလို့ သူ့ရဲ့အတွေ့အကြုံကိုပြောပြပါတယ်။ သူနာပြုဆရာမကလည်း သူ့ကိုကယ်တင်ဖို့ နောက်တစ်ခေါက်ပြန်လာခဲ့တာပါ။ ကံကောင်း တာကတော့ လူနာတွေအများစုနေတဲ့ တဲတွေဟာ မီးဘေးကနေလွတ်ပြီး နေရာတော်တော်များများကိုမီးထဲပါမသွားအောင် ကယ်တင်နိုင်ခဲ့တယ်။ ဒါကြောင့် ကွန်ဂိုမှာဆိုရင် အီဘိုလာကူးစက်ခံရမှာ ကိုကြောက်ရသလို သူပုန်တွေရဲ့တိုက်ခိုက်မှုခံရမှာ ကိုလည်း စိုးရိမ်ရပါတယ်။ ဒီအကြောင်းတွေ ကြောင့်လည်း ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ မှာ ရောဂါပြန့်ပွားမှုကိုထိန်းချုပ်ဖို့ ရုန်းကန်နေရတာပါ။
ကာကွယ်ဆေးထိုးပေး
နယ်စပ်ကိုဖြတ်ပြီး အီဘိုလာဗိုင်းရပ်စ် ကူးစက် မှုရှိလာပြီဆိုတဲ့ သတင်းကြားတာနဲ့ ယူဂန္ဓာက ဆေးရုံပေါင်း ၁၆၅ ရုံမှာလုပ်ကိုင်နေကြတဲ့ ကျန်းမာရေးလုပ်သားပေါင်း ၄၇၀ဝကို ကာကွယ်ဆေး ထိုးပေးခဲ့ပါတယ်။ နယ်စပ်အနီးမှာရှိတဲ့ဈေးကိုလည်း ပိတ်လိုက်ပါတယ်။ ဘာသာရေးအရ စုဝေးပွဲတွေကိုလည်း ဆိုင်းငံ့လိုက်ပါတယ်။ လူတွေဟာလည်း တစ်ဦးနဲ့တစ်ဦး မထိမိအောင် ကြိုးစားနေကြတယ်။ လက်ဆွဲနှုတ်ဆက်ရမှာကိုတောင် ကြောက်လာကြတယ်။ အီဘိုလာရောဂါသည် တစ်ဦးဆီကနေ နောက်တစ်ဦးကို ကူးစက်နိုင်တာ ကတော့ ရောဂါသည်ရဲ့ အရည်ဟာ အခြားသူရဲ့ ဒဏ်ရာ၊ ပါးစပ်၊ နှာခေါင်း၊ မျက်လုံးတွေအထဲကို ဝင်ရောက်သွားခြင်းဖြင့် ရောဂါကူးစက်သွားနိုင်ပါ တယ်။ ရောဂါကူးစက်ခံရပြီဆိုရင် ဝမ်းလျှောတာ၊ ချွေးထွက်များတာ၊ အော့အန်တာ၊ သွေးသွန်တာတွေ ဖြစ်လာတော့မှာပါ။
အရေးပေါ်အခြေအနေအဖြစ်မကြေညာ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကြီးကလည်း ကွန်ဂိုရဲ့ အီဘိုလာဖြစ်ပွားမှုကနေ ယူဂန္ဓာကို ကူးစက်သွားမှုအပေါ် အပြည်ပြည်ဆိုင်ရာအရေးပေါ်အခြေအနေအဖြစ် ကြေညာသင့်မသင့် စည်းဝေးခဲ့ကြပါတယ်။ အဲဒီနောက်သောကြာနေ့ မှာတော့ အပြည်ပြည်ဆိုင်ရာအရေးပေါ် အခြေအနေအဖြစ် မကြေညာဘူးလို့ဆုံးဖြတ်ခဲ့ကြပါတယ်။ အပြည်ပြည်ဆိုင်ရာအရေးပေါ် အခြေအနေအဖြစ် ကြေညာလိုက်ရင်စီးပွားရေးမှာ သွားပြီး အထိနာမှာကိုလည်း စိုးရိမ်ကြလို့ပါ။
ထိန်းချုပ်သွားနိုင်မယ်လို့မျှော်လင့်
ယူဂန္ဓာမှာအီဘိုလာအတွက် တိုက်ပွဲဆင်နွှဲ ရာမှာတော့ အစိုးရရဲ့လုပ်ဆောင်မှုကို ပြည်သူတွေက ဘယ်လောက်ယုံကြည်မှုရှိသလဲဆိုတာနဲ့ အဆုံးဖြတ်ပေးသွားမှာပါ။ ကံကောင်းတာ တစ်ခုကတော့ ယူဂန္ဓာဟာအိမ်နီးချင်း ကွန်ဂိုနိုင်ငံလောက် ပဋိပက္ခဖြစ်ပွားတာမျိုးတွေ မရှိပါဘူး။ ဒါ့အပြင် တောင့်တင်းခိုင်မာတဲ့ ကျန်းမာရေးစနစ်လည်းရှိပါတယ်။ ဒီလိုမျိုး ကောင်းမွန်တဲ့ အချက်တွေကြောင့်လည်း ယူဂန္ဓာမှာ အီဘိုလာကိုထိန်းချုပ်သွားနိုင် လိမ့်မယ်လို့ မျှော်လင့်လို့ရတာပါ။ ။
ခြူးစန္ဒီနွေး
ကိုးကား -ဘီဘီစီ
အာဖရိက နယူးစ်


