ဒေါက်တာကျော်(မိုးလေဝသကျောင်း)
ကမ္ဘာ့ရာသီဥတုစနစ်သည် လေထု၊ သမုဒ္ဒရာ၊ ရေခဲလွှာများနှင့် ဇီဝစက်ဝန်းတို့အကြား ရှုပ်ထွေးသော အပြန်အလှန်သက်ရောက်မှုများဖြင့် ဖွဲ့စည်းထားသည်။ ရာသီဥတုပြောင်းလဲမှု (Climate Change) ဟုဆိုလိုက်သည်နှင့် လူအများစုက ကမ္ဘာကြီးပူနွေးလာမှုကို တန်းမြင်လေ့ရှိတတ်သည်။
အမှန်တော့ ရာသီဥတုပြောင်းလဲမှုဆိုသည်မှာ သဘာဝအတိုင်းဖြစ်ပေါ်နေသော ပြောင်းလဲမှု ဖြစ်စဉ် တစ်ခုပင် ဖြစ်သည်။ ဥပမာ- နှစ်တစ်နှစ် အတွင်း နွေ၊ မိုး၊ ဆောင်း ရာသီ သုံးမျိုး ပြောင်းလဲနေသည့် စက်ဝန်းကဲ့သို့ပင် စကြာဝဠာအဆင့်စက်ဝန်းဖြစ် နှစ်ပေါင်းရာထောင်နှင့်ချီ၍ ပြောင်းလဲနေသော ရာသီဥတုစက်ဝန်းရှိပါသည်။ အလွယ်အားဖြင့် ထိုသဘာဝစက်ဝန်းသည် လက်ရှိကာလတွင် ရေခဲ ခေတ်မှ ပူနွေးသောရာသီဥတုဆီသို့ ချဉ်းကပ်နေသော စက်ဝန်းကာလတွင် ကျရောက်နေခြင်းပင်ဖြစ် သည်။ ထိုသို့ပြောင်းလဲနေမှုကို ရာသီဥတုသိပ္ပံတွင် Nature Climate Change ဟု ခေါ်ဆိုပါသည်။
လူသားကြောင့်ရာသီဥတုပြောင်းလဲမှု
ဤသို့ဆိုလျှင် ရာသီဥတုပြောင်းလဲမှုသည် လူသားတို့၏ အပြုအမူများကြောင့်ဟူသော အယူအဆ မည်သို့ပေါ်လာသနည်း။ ထိုတွေ့ရှိချက်သည်လည်း သိပ္ပံနည်းကျမှန်ကန်သော တွေ့ရှိချက်ဖြစ်ပါသည်။ အလွယ်အားဖြင့် သဘာဝအတိုင်း ဖြည်းညင်းစွာ ပြောင်းလဲနေသော ရာသီဥတုပြောင်းလဲနေမှုသည် လူသားတို့၏လုပ်ရပ်များကြောင့် လျင်မြန်စွာ ပူနွေးသွားစေခြင်းကို လူသားကြောင့် ရာသီဥတု ပြောင်းလဲမှု Anthropogenic Climate Change ဟု ခေါ်ဆိုပါသည်။ ကမ္ဘာကြီး၏ သဘာဝအတိုင်း ဖြည်းညင်းစွာ ပူနွေးလာနေမှုနှုန်းသည် လူသားများက ဖန်လုံအိမ်ဓာတ်ငွေ့များ ပိုမိုထုတ်လွှတ် လာသည်နှင့်အမျှ ကမ္ဘာ့အပူချိန်မြင့်တက်နှုန်းမှာ လျင်မြန်လာပြီး ပတ်ဝန်းကျင်ရာသီဥတုနှင့် မိုးလေဝသအခြေအနေများသည် ကြိုတင်ခန့်မှန်းနိုင်သည့်ပုံစံမှ မခန့်မှန်းနိုင်တော့ သောအခြေအနေသို့ ပြောင်းလဲသွားပါတော့သည်။
ဖန်လုံအိမ်ဓာတ်ငွေ့ဆိုသည်မှာ အဘယ်နည်း။ ကမ္ဘာ့လေထုထဲတွင် ကျွန်တော်တို့ ရှူသွင်းနေသော အောက်ဆီဂျင်အပါအဝင်တွေ့ရှိနိုင်သော ဓာတ်ငွေ့များကို အဓိကအားဖြင့် အုပ်စုနှစ်ခု ခွဲနိုင်သည်။ ပထမဦးစွာရာခိုင်နှုန်းများများ ပါဝင်သောအုပ်စုမှာ နိုက်ထရိုဂျင် (N2) ၇၈ ရာခိုင်နှုန်းခန့်၊ အောက်ဆီဂျင် (O2) ၂၁ ရာခိုင်နှုန်းခန့်နှင့် အာဂွန် (Ar) ၀ ဒသမ ၉ ရာခိုင်နှုန်းခန့်တို့ ပါဝင်သောအုပ်စုဖြစ်ပါသည်။ ဤဓာတ်ငွေ့များသည် သက်ရှိများ၏ အသက်ရှူ လှုပ်ရှားမှု၊ သဘာဝဓာတုဗေဒလုပ်ငန်းစဉ်များတွင် အရေးပါသော်လည်း ဖန်လုံအိမ်ဓာတ်ငွေ့အဖြစ် သက်ရောက်မှုနည်းပါးပါသည်။
ထို့အပြင် လေထုထဲတွင် ပမာဏနည်းသော်လည်း ကမ္ဘာ့ရာသီဥတုပေါ် အလွန်သက်ရောက်မှု ရှိသော ဓာတ်ငွေ့အမျိုးအစားများလည်းရှိပါသည်။ ယင်းတို့ထဲမှ အဓိကတစ်ခုမှာ ကာဗွန်ဒိုင်အောက် ဆိုဒ်ဓာတ်ငွေ့ (CO2) ဖြစ်ပြီး လူသားတို့၏ရုပ်ကြွင်း လောင်စာသုံးစွဲခြင်း (ဥပမာ-ကျောက်မီးသွေး၊ ဓာတ်ဆီ)၊ စက်မှုလုပ်ငန်းများ တိုးတက်များပြားလာခြင်းနှင့် သစ်တောပြန်းတီးခြင်းတို့ကြောင့် ရာခိုင်နှုန်း မြင့်တက်လာလျက်ရှိပါသည်။
နောက်တစ်ခုမှာ မီသိန်းဓာတ်ငွေ့ (Methane, CH4)ဖြစ်ပြီး စိုက်ပျိုးရေး၊ တိရစ္ဆာန်မွေးမြူရေး၊ နေ့စဉ် စွန့်ပစ်အမှိုက်များ ပေါင်းစည်းရာနေရာများ (အထူးသဖြင့် ပလတ်စတစ်အမှိုက်များ)မှ ထွက်ပေါ် လာခြင်းဖြစ်သည်။ ဤမီသိန်းဓာတ်ငွေ့သည် ကာဗွန်ဒိုင်အောက်ဆိုဒ်ထက် အပူထိန်းသိမ်းစွမ်းအား ပို၍မြင့်သည်။ အခြားဖန်လုံအိမ်ဓာတ်ငွေ့ တစ်မျိုးဖြစ်သော နိုက်ထရပ်အောက်ဆိုဒ် (N2O) သည် လယ်ယာမြေများတွင် ဓာတုဗေဒစိုက်ပျိုး ဓာတ်ပစ္စည်းများ (ဥပမာ-ဓာတ်မြေသြဇာနှင့် အခြားဓာတု သွင်းအားစုများ) အလွန်အကျွံအသုံးပြုမှုကြောင့် ၎င်းဓာတ်ငွေ့ထွက်ရှိနှုန်း ပိုများလာသည်ကိုလည်း တွေ့ရပါသည်။
ထို့ပြင် နေရောင်ခြည်မှ ထုတ်လွှတ်သည့် လူနှင့်သတ္တဝါများအား ထိခိုက်စေနိုင်သော ခရမ်းလွန် ရောင်ခြည် (UV) ကို ကာကွယ်ပေးထားသည့် အိုဇုန်းလွှာ (O3)သည်လည်း ကမ္ဘာ့လေထုလွှာ အပေါ်ပိုင်းတွင် တည်ရှိနေပါက နေရောင်ခြည်မှ အဆိုပါခရမ်းလွန်ရောင်ခြည်ကို ကာကွယ် ပေးသော်လည်း ကမ္ဘာ့လေထုလွှာအောက်ပိုင်းသို့ နိမ့်ဆင်းတည်ရှိလာပါက ဖန်လုံအိမ် ဓာတ်ငွေ့တစ်ခု အဖြစ် သက်ရောက်မှုရှိနိုင်ပါသည်။
လေထုထဲတွင် နောက်ထပ်ပါဝင်သော ဓာတ်ငွေ့တစ်မျိုးမှာ စက်မှုလုပ်ငန်းများမှ ထွက်ပေါ်လာသော ဖလိုရိုကာဗွန်ဓာတ်ငွေ့များ (F-gases) သည်လည်း ကာဗွန်ဒိုင်အောက်ဆိုဒ်ထက် အပူထိန်းသိမ်း စွမ်းအားကြီးမြင့်ပြီး နှစ်ပေါင်း ရာနှင့်ချီ၍ လေထုထဲ တွင် တည်ရှိနိုင်ပါသည်။ နောက်ဆုံး လေထုထဲတွင် ပါဝင်သော ဖန်လုံအိမ်ဓာတ်ငွေ့တစ်ခုမှာ ရေငွေ့ (H2O vapor) ဖြစ်သည်။ လေထုထဲတွင်အများဆုံး တည်ရှိသော ရေငွေ့သည်လည်း တိမ်တိုက်မှ ရေငွေ့ သို့မဟုတ် ရေငွေ့မှတိမ်တိုက်အဖြစ် သဘာဝ အလို အလျောက် လေထုအပူချိန်အလိုက် လျင်မြန်စွာ ပြောင်းလဲနေပြီး အပူကိုထိန်းသိမ်းနိုင်စွမ်း အလွန် များသဖြင့် ဖန်လုံအိမ်ဓာတ်ငွေ့အဖြစ် တည်ရှိနေ ခြင်း ဖြစ်ပါသည်။
ထို့ကြောင့် လေထုထဲရှိ ဓာတ်ငွေ့များသည် ရာခိုင်နှုန်းအများအပြား ပါဝင်သည့် ဓာတ်ငွေ့များ (N2, O2, Ar)နှင့် ဖန်လုံအိမ်ဓာတ်ငွေ့များ (CO2, CH4, N2O, O3, F-gases, H2O) ဟူ၍ ခွဲခြားနိုင်ပါ သည်။ အထူးသဖြင့် လူသားတို့၏လုပ်ရပ်များကြောင့် တိုးပွားလာသော CO2၊ CH4၊ N2O နှင့် F-gases များ သည် ကမ္ဘာ့အပူချိန်ပုံမှန်ထက် လျင်မြန်စွာမြင့်တက် လာရခြင်း၊ တစ်နည်းအားဖြင့် လူလုပ်ရာသီဥတု ပြောင်းလဲမှု၏ အဓိက အကြောင်းရင်းများပင် ဖြစ်ပါတော့သည်။
ကမ္ဘာမြေ၏ လေထု၊ ရေထုလှည့်ပတ်မှု၊ သစ်တောများ တည်ရှိနေမှုတို့သည် ကမ္ဘာ့ရာသီဥတု စက်ဝန်း ဖြစ်ပေါ်လာစေရန် တစ်ခုနှင့်တစ်ခု အပြန်အလှန်ချိတ်ဆက်နေကြောင်း ကျွန်တော်တို့ လူအများစု သိရှိပြီးဖြစ်သည်။ အဆိုပါရာသီဥတုစနစ်၏ အစိတ်အပိုင်းများစွာထဲကမှ အချို့အစိတ်အပိုင်း များသည် ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များအတွက် အရေးကြီးသော အစိတ်အပိုင်းများဖြစ်နေသည်ကိုလည်း တွေ့ရှိရပါသည်။ ဥပမာ- ကျွန်တော်တို့ ကိုယ်ခန္ဓာတွင် အစိတ်အပိုင်းအားလုံး အရေးပါသော်လည်း နှလုံးနှင့် ဦးနှောက်သည် အခြားအစိတ်အပိုင်း အားလုံးအတွက် အဓိကကျနေသကဲ့သို့ ဖြစ်ပါသည်။
ရာသီဥတုကူးပြောင်းအစွန်းမှတ်များ
ထိုသို့ အချို့ရာသီဥတုပြောင်းလဲမှုအတွက် အရေးပါသော ရာသီဥတုစက်ဝန်းမှ အစိတ်အပိုင်းများကို ရာသီဥတုကူးပြောင်းအစွန်းမှတ်များ (climate tipping points) ဟု ပညာရှင်များက သတ်မှတ်ခေါ်ဆိုကြသည်။ ထိုအမှတ်များသည် နေရာဒေသတစ်ခုဖြစ်နိုင်သလို ရေ၊ လေ လှည့်ပတ်မှု စနစ်တစ်ခုလည်း ဖြစ်နိုင်သည်။ ထိုအမှတ်များသည် ပုံမှန်ရိုးရှင်းစွာ တည်ရှိနေသော်လည်း ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များအတွက် စွမ်းအား ပြင်းထန် သည့် အခန်းကဏ္ဍမှ ပါဝင်နေပါသည် (ဥပမာ-ကုလားထိုင်တစ်လုံးကို နောက်ပြန်တွန်းလွန်းသွားပြီး လဲကျသွားသည့် ပုံစံနှင့်တူပေသည်)။ အဆိုပါ ရာသီဥတု ကူးပြောင်းအစွန်းမှတ်များသည်လည်း ၎င်းတို့၏ သဘာဝအတိုင်း စွမ်းဆောင်နိုင်သော ကန့်သတ်ချက် များကို ကျော်လွန်သွားပါက ယင်းစနစ်များသည် နဂိုသဘာဝမူလအနေအထားသို့ အလွယ်တကူ ပြန်လည်ရောက်ရှိနိုင်တော့မည်မဟုတ်ဘဲ ရာသီဥတု ပြောင်းလဲမှုအရှိန်ကို တွန်းအားပေးသည့် အနေအထားသို့ ရောက်ရှိသွားနိုင်ပါသည်။
ထိုသို့သော ပြောင်းလဲမှုများသည် ယင်းတို့၏ ရုပ်ပိုင်းဆိုင်ရာ ဂေဟစနစ်များသာမက လူ့အဖွဲ့အစည်း၊ စိုက်ပျိုးရေးနှင့် အခြားသက်ရှိများ မှီခိုနေရသော ဂေဟစနစ်များကိုပါ ထိခိုက်စေနိုင်သည်ကို တွေ့ရပါသည်။ ဖော်ပြထားသောပုံတွင် စာရေးသူ အပါအဝင် ကမ္ဘာ့သိပ္ပံပညာရှင်များက ဖော်ထုတ်ထား သော အဓိကအကျဆုံးသော ရာသီဥတုကူးပြောင်း အစွန်းမှတ်များကို ဖော်ပြထားပါသည်။ ယင်းအမှတ် များတွင် ဝင်ရိုးစွန်းရေခဲပြင်များ၊ မုတ်သုံလေစနစ် များ၊ သမုဒ္ဒရာစီးဆင်းမှုပုံစံများ၊ အပူပိုင်းမိုးသစ်တော များ၊ သန္တာကျောက်တန်းများနှင့် ရေခဲမြစ်များ ပါဝင် ပါသည်။ ဤအစိတ်အပိုင်းတစ်ခုစီသည် ကမ္ဘာလုံး ဆိုင်ရာ ရာသီဥတုကို တည်ငြိမ်မျှတအောင် ထိန်းသိမ်းရာတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ပြီး ယင်းစုပေါင်း စနစ်အတွင်းမှ တစ်ခုခုချို့ယွင်းခြင်းသည် ကမ္ဘာ့ရာသီဥတုပူနွေးလာမှုကို ပိုမိုမြန်ဆန် အားကောင်းစေနိုင်သောကြောင့် ရာသီဥတုကူးပြောင်း အစွန်းမှတ်များဟု တင်စားခေါ်ဆိုခြင်း ဖြစ်ပါသည်။
ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင် မီတာများစွာ မြင့်တက်နိုင်
ရာသီဥတုကူးပြောင်းအစွန်းမှတ် အမျိုးအစားများထဲမှ အရေးအကြီးဆုံးတစ်ခုသည် ကျွန်ုပ်တို့ ကမ္ဘာဂြိုဟ်၏ ရေခဲဖုံးလွှမ်းနေသော အစိတ်အပိုင်းများဖြစ်သည့် ရေခဲလွှာ (cryosphere) များပင် ဖြစ်သည်။ ဥပမာအားဖြင့် ဂရင်းလန်ရေခဲပြင် (Green Land Ice Sheet) သည် ရေချိုပမာဏ အများအပြားကို ထုထည်ကျစ်လျစ်သိပ်သည်းသော ရေခဲများအဖြစ် သိုလှောင်ပေးထားသည်။ လက်ရှိမြင့်တက်လာသော ကမ္ဘာ့အပူချိန်များသည် ယင်းရေခဲလွှာများကို ပိုမိုမြန်ဆန်စွာ အရည်ပျော် စေပြီး ဤအရည်ပျော်မှုများကြောင့် လာမည့်ရာစုနှစ်များအတွင်း ကမ္ဘာ့ ပင်လယ်ရေမျက်နှာပြင်သည် မီတာများစွာ မြင့်တက်လာနိုင်မည်ဟု သိပ္ပံပညာရှင်များက ခန့်မှန်းထားပြီးဖြစ်သည်။
အလားတူပင် အန္တာတိကတိုက်အနောက်ပိုင်းရေခဲပြင် (West Antarctic Ice Sheet) နှင့် အန္တာတိကတိုက် အရှေ့ပိုင်းရေခဲပြင်(East Antarctic Ice Sheet)တို့သည်လည်း အပူချိန်တိုးလာမှုကို ခံနိုင် ရည်နည်းပါးသဖြင့် ဤရေခဲပြင်ဧရာမကြီးများကို ထိန်းထားပေးသော ကမ်းရိုးတန်းရှိ ရေခဲ ကျောက်ဆောင်များ အရည်ပျော်ပြိုကျသွားပါက သမုဒ္ဒရာထဲသို့ ရေခဲလွှာများ အလျင်အမြန်ပျော်ဝင် စီးဆင်းကာ ပင်လယ်ရေမျက်နှာပြင်အမြင့်သည် သိသိသာသာ မြင့်တက်လာဦးမည်ဖြစ်ပါသည်။
ထို့အတူ အာတိတ်ပင်လယ်တွင်းရှိ ရေခဲတုံးများ (Arctic Sea Ice)သည်လည်း ကမ္ဘာ့အပူချိန်တိုးလာ မှုကြောင့် ပုံမှန်ထက် လျင်မြန်စွာအရည်ပျော်လျက် ရှိသည်။ သို့သော် ဂရင်းလန်နှင့် အန္တာတိကတိုက်တို့ ရှိ ကုန်းမြေရေခဲများ အရည်ပျော်ခြင်းနှင့်မတူဘဲ ပင်လယ်ရေခဲများ အရည်ပျော်ခြင်းသည် ပင်လယ်ရေ မျက်နှာပြင်ကို တိုက်ရိုက်မြင့်တက်စေခြင်းမရှိသော်လည်း ၎င်းပင်လယ်ရေခဲများ ပျောက်ကွယ်သွားခြင်းသည် ကမ္ဘာမြေ၏ နေရောင်ချည်အလင်းပြန်မှု (albedo) တစ်နည်းအားဖြင့် နေရောင်ခြည်များ အာကာသထဲသို့ ပြန်လည်အလင်းပြန်မှုကို လျော့နည်းစေပြီး နေရောင်ခြည်များကို ကမ္ဘာ့ မျက်နှာပြင်မှ ပိုမိုစုပ်ယူခံရကာ ကမ္ဘာ့အပူချိန်များ ပိုမိုမြန်ဆန်စွာ တိုးလာစေနိုင်ပါသည်။
ထို့အပြင် ဆိုက်ဘီးရီးယားဒေသရှိ Yedoma ရေခဲမြဲမြေများ (Yedoma permafrost) ကဲ့သို့သော ရေခဲမြဲမြေများသည်လည်း ပုံမှန်ထက်မြန်ဆန်စွာအရည်ပျော်လျက်ရှိပါသည်။ ဤရေခဲဖုံး မြေဆီလွှာတွင် အော်ဂဲနစ်ဒြပ်စင်ပုံစံဖြင့် ကာဗွန်ပမာဏများစွာ ပါဝင်တည်ရှိနေပါသည်။ ထိုရေခဲမြေများ အရည်ပျော် သောအခါ မှိုပိုးမွှားများက ဒြပ်စင်များကို ပြိုကွဲစေ ပြီး ဖန်လုံအိမ်ဓာတ်ငွေ့ နှစ်မျိုးဖြစ်သည့် မီသိန်းနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ကမ္ဘာ့လေထုထဲသို့ ထုတ်လွှတ်လိုက်ခြင်းဖြင့် ပူနွေးမှုကို ပိုမိုအားကောင်းလာနိုင်စေပါသည်။ ထို့ပြင် ကမ္ဘာ့သမုဒ္ဒရာကြမ်းပြင်များပေါ်ရှိ ရေခဲ ဖုံးထားသော မီသိန်းဓာတ်ငွေ့ အစုအဝေးများဖြစ်သော မီသိန်းကလာသရိတ် (Methane Clathrates) များသည်လည်း သမုဒ္ဒရာရေများ ပူနွေးလာသည်နှင့်အမျှ မတည်ငြိမ်ဖြစ်ကာ ပိုမို များပြားသော ဖန်လုံအိမ်ဓာတ်ငွေ့များကို ကမ္ဘာ့ရေထုထဲသို့ထုတ်လွှတ်နိုင်ပါသည်။ ဤရေခဲလွှာများ လျင်မြန်စွာ ပြောင်းလဲမှု အစိတ်အပိုင်းတစ်ခုစီသည် ၎င်းတို့၏ သဘာဝအတိုင်း ပြန်လည် အေးခဲနိုင်သော အတိုင်းအတာများကို ကျော်လွန်သွားပါက ရာသီဥတုပြောင်းလဲမှုကို သိသိသာသာ ပိုမိုဆိုးရွားစေနိုင် သော အလားအလာရှိသည့်အတွက် ရာသီဥတု ကူးပြောင်းအစွန်းအမှတ်များအဖြစ် သတ်မှတ်ထား ခြင်း ဖြစ်ပါသည်။
ကမ္ဘာဂြိုဟ်၏ အဆုတ်များ
သက်မဲ့ရေခဲဖုံးဒေသများအပြင် ကမ္ဘာမြေ၏ သက်ရှိအပိုင်းဖြစ်သည့် ဇီဝစက်ဝန်း (biosphere) သည်လည်း အရေးကြီးသော ရာသီဥတုကူးပြောင်း အစွန်းမှတ်တစ်ခုဖြစ်သည်ကို တွေ့ရသည်။ “ကမ္ဘာ ဂြိုဟ်၏ အဆုတ်များ” ဟု အများအားဖြင့် ခေါ်ဆိုကြသော အမေဇုန်ဒေသမိုးသစ်တောသည် အထင်ရှား ဆုံးသောနေရာတစ်ခုဖြစ်သည်။ လူအများသိထား ပြီးဖြစ်သော သစ်ပင်များသည် ယင်းတို့ရှင်သန်ရန် အတွက် လေထုထဲမှာ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့များအား စုပ်ယူ၍ လူနှင့်သတ္တဝါများ အတွက် အောက်ဆီဂျင်ဓာတ်ငွေ့ကို လေထုထဲသို့ ပြန်လည်ထုတ်လွှတ်ပေးခြင်းကြောင့် “ကမ္ဘာဂြိုဟ်၏ အဆုတ်များ”ဟု တင်စားခေါ်ဝေါ်ခြင်းဖြစ်ပါသည်။
ယင်းအမေဇုန်ဒေသသည် လေထုစိုထိုင်းဆကိုထိန်းသိမ်းထားနိုင်ပြီး နေရောင်ခြည်မှတစ်ဆင့် ရေငွေ့ပျံခြင်း၊ တိမ်တိုက်ဖြစ်ခြင်းတို့မှတစ်ဆင့် ယင်း၏ကိုယ်ပိုင် မိုးရာသီစက်ဝန်းတစ်ခု ဖြစ်ပေါ် စေပြီး မိုးရွာသွန်းမှုဖြစ်စဉ်ကို အချိန်မှန်ရာသီမှန် လှည့်ပတ်ထုတ်လုပ်ပေးလျက်ရှိပါသည်။ သို့သော် သစ်တောပြုန်းတီးမှုနှင့် အပူလှိုင်းများကြောင့်ဖြစ်သော မိုးခေါင်မှုတို့သည် ဤဒေသ၏ ကိုယ်ပိုင် ဂေဟစနစ်ကို အားနည်းလာစေသည်။ ထိုမှတစ်ဆင့် ကမ္ဘာကြီးပူနွေးလာမှုကြောင့် အမေဇုန် မိုးသစ်တောများသည် သစ်တောအခြေအနေကို ဆက်လက် ထိန်းသိမ်းနိုင်ခြင်းမရှိတော့ဘဲ မြက်ခင်းပြင်အဖြစ်သို့ ရောက်ရှိသွားနိုင်သည်ဟု သိပ္ပံပညာရှင်များက သတိပေးထားသည်ကို တွေ့ရပါသည်။
ဤပြောင်းလဲမှုသည် အမေဇုန်မိုးသစ်တောများ သစ်ပင်များမှ သိုလှောင်ထားသော ကာဗွန်တန်ချိန် ဘီလီယံပေါင်း များစွာကို လေထုထဲသို့ထုတ်လွှတ်ပြီး ကမ္ဘာလုံးဆိုင်ရာ မိုးရေချိန်ပုံစံများကို ပြောင်းလဲလာ နိုင်စေမည်ဖြစ်သည်။ ထို့ပြင် ကနေဒါ၊ အလက်စကာနှင့် ရုရှားနိုင်ငံ မြောက်ဘက်ဒေသများကို ဖြတ်သန်းတည်ရှိသော မြောက်ဘက်အအေးပိုင်း သစ်တော များ (boreal forests)သည်လည်း ပိုမိုပူပြင်းသော နွေရာသီများ၊ ပိုးမွှားများနှင့် အပူလှိုင်းများကြောင့် တောမီးလောင်မှုနှင့် တောပြုန်းမှုဒဏ်များကို ခံစားနေရသည်။
ယင်းသစ်တောကြီးများ၏ ဒဏ်ခံနိုင်စွမ်း ဆုံးရှုံးသွားပါက အလွန်ကြီးမားကျယ်ပြန့်၍ အပင်များ ထူထပ်သော သစ်တောများမှတစ်ဆင့် အပင်နည်းပါးသော သစ်တောများ သို့မဟုတ် မြက်ခင်းပြင်များ အဖြစ်သို့ ပြောင်းလဲသွားနိုင်ပြီး ယင်းတို့၏ ကမ္ဘာ့ လေထုအတွင်းမှ ကာဗွန်စုပ်ယူသည့် အခန်းကဏ္ဍကို လျော့နည်းသွားစေနိုင်သည်။ ထို့အပြင် သမုဒ္ဒရာများ အတွင်းရှိ သက်ရှိအပင်များဟု ခေါ်နိုင်သည့် အပူပိုင်း သန္တာကျောက်တန်းများသည်လည်း ရာသီဥတုကူးပြောင်းအစွန်းမှတ်တစ်ခု ကိုယ်စားပြု နေပါသည်။
သမုဒ္ဒရာ၏ ကာဗွန်စုပ်ယူနိုင်စွမ်းကို လျော့နည်းစေနိုင်
သန္တာကောင်များသည် အပူချိန်အတိုင်းအတာ ပြောင်းလဲမှုအနည်းငယ်ပမာဏသာရှိသော ဒေသများတွင် နေထိုင်ကြပြီး လက်ရှိမြင့်တက်လာသော ပင်လယ်မျက်နှာပြင် အပူချိန်များကြောင့် သန္တာကျောက်တန်းများ လျော့နည်းသွားခြင်း (coral bleaching)ကို ဖြစ်စေသည်။ ထိုသန္တာ ကျောက်တန်းများ ပျက်စီးမှုနှုန်းသည် အသစ်ဖြစ်ပေါ်နှုန်းထက် အတိုင်းအတာတစ်ခုထက် ကျော်လွန်သွားပါက သန္တာကျောက်တန်းဂေဟစနစ်များ ပြိုကွဲသွားနိုင်ပြီး ကမ္ဘာပေါ်ရှိ ဇီဝမျိုးစုံ မျိုးကွဲအများဆုံး နေထိုင်နေသော သမုဒ္ဒရာများ၏ ဇီဝစက်ဝန်းကို ဆုံးရှုံးရမည်ဖြစ်သည်။ သန္တာကျောက်တန်းများကဲ့သို့ အလားတူ အရေးကြီးသော ဇီဝစက်ဝန်းတစ်ခုမှာ ရေနေဇီဝကာဗွန်ပန့် (marine biological carbon pump)ဖြစ်သည်။ ယင်းသည် ရေနေသက်ရှိများထဲမှ အချို့သည် ရေမျက်နှာပြင်အနီးရှိ ကာဗွန်ဓာတ်ငွေ့ များကို ပင်လယ်၏နက်ရှိုင်းရာသို့ သယ်ယူ ရွေ့လျား စေသော ဖြစ်စဉ်ဖြစ်သည်။ ဤစနစ်သည် လေထုထဲ ရှိ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ထိန်းညှိရာတွင် အကူ အညီပေးသော်လည်း သမုဒ္ဒရာများ၏ ဓာတုဗေဒ ဖြစ်စဉ်များ၊ အပူချိန်နှင့် ရေစီးဆင်းမှုပြောင်းလဲမှုများ သည် ၎င်းဖြစ်စဉ်များကို အားနည်းစေနိုင်ပြီး သမုဒ္ဒရာ၏ ကာဗွန်စုပ်ယူနိုင်စွမ်းကို လျော့နည်း စေနိုင်သည်။
ရာသီဥတုကူးပြောင်းအစွန်းမှတ်များ၏ တတိယမြောက် အဓိကအစိတ်အပိုင်းတစ်ခုမှာ အတ္တလန္တိတ် ရေနွေးစီးကြောင်းနှင့် ဆားငန်ဓာတ် လှည့်ပတ်စီးဆင်းမှု (Atlantic Thermohaline Circulation- AMOC) ပင်ဖြစ်သည်။ အတ္တလန္တိတ်သမုဒ္ဒရာတွင်းရှိ ရေအပူချိန်နှင့် ဆားငန်ဓာတ် ကွာခြားမှုများသည် ပူသောရေများကို မြောက်ဘက်သို့ သယ်ဆောင်ကာ အေးသောရေကို တောင်ဘက်သို့ ယူဆောင်လာပေး သော ကွန်ရက်ဘီးတစ်ခုကဲ့သို့ လုပ်ဆောင်ပေးလျက်ရှိပါသည်။ အထက်တွင် ဖော်ပြခဲ့သော ဂရင်းလန် ဒေသ ရေခဲများအရည်ပျော်မှုများကြောင့် မြောက် အတ္တလန္တိတ်သမုဒ္ဒရာထဲသို့ ရေချိုများ အလုံးအရင်းနှင့် စီးဝင်သွားပါက ဆားငန်ဓာတ်ကွာခြားမှုကြောင့် ဖြစ်ပေါ်နေသော ဤလှည့်ပတ်စီးဆင်းမှုသည်အားနည်းသွားခြင်း သို့မဟုတ် ရပ်တန့်သွားခြင်းဖြစ်နိုင်ပေသည်။
လေစီးကြောင်းစနစ်များ ပြောင်းလဲလျက်ရှိ
ထိုသို့သော ပြောင်းလဲမှုဖြစ်ပေါ်လာပါက တစ်ကမ္ဘာလုံးရှိ ရာသီဥတုစက်ဝန်းကို ပြောင်းလဲစေနိုင်ပြီး အထူးသဖြင့် ဥရောပတိုက်သို့ ပိုမိုကြမ်းတမ်းသော ဆောင်းရာသီများ၊ အာဖရိကတိုက်သို့ မိုးခေါင်မှုများနှင့် အာရှဒေသ၏မုတ်သုံစနစ်များ ကို မူမမှန်မှုများ ဖြစ်ပေါ်စေနိုင်သည်ကို သုတေသန ရလဒ်များအရ တွေ့ရှိပြီးဖြစ်သည်။ ထို့ပြင် မုတ်သုံ စနစ်များ၏ အသက်ဖြစ်သော ကမ္ဘာ့အထက် လေထု ရှိ လေတိုက်နှုန်းပြင်းသော လေစီးကြောင်းတစ်ခုဖြစ်သည့် ဂျက်လေစီးကြောင်း (jet stream) များ သည်လည်း အာတိတ်ဒေသ ပူနွေးလာမှုကြောင့် လေစီးကြောင်းစနစ်များ ပြောင်းလဲလျက်ရှိပါသည်။
အားပျော့လာသော ဂျက်လေစီးကြောင်းများ သည် လေထုဒိုင်းနမစ်သဘောတရားအရ ကာလ ကြာရှည်သော အပူလှိုင်းများ သို့မဟုတ် အအေးလှိုင်းများ၊ ရေလွှမ်းမိုးမှုများ သို့မဟုတ် မိုးခေါင်မှုများကို ဖြစ်ပေါ်စေနိုင်ပြီး ပြင်းထန်သော ရာသီဥတုဖြစ်ရပ် အကြိမ်ရေများကို ပိုမိုတိုးလာစေနိုင်ကြောင်း တွေ့ရှိ ရသည်။ လက်တွေ့အားဖြင့် ကျွန်တော်တို့ မြန်မာ့မုတ်သုံစနစ်၏ အဝင်/အထွက်နှင့် မိုးရွာသွန်းမှု မူမမှန်ဖြစ်ခြင်းများမှာ အဆိုပါဂျက်လေစီးကြောင်းများကြောင့်ပင်ဖြစ်ကြောင်း စာရေးသူ၏ သုတေသန ရလဒ်အပါအဝင် အခြားသိပ္ပံသုတေသန ဖော်ထုတ်ချက် အများအပြားက ဖော်ပြထားပြီး ဖြစ်ပါသည်။
အခြားအရေးကြီးသော ရာသီဥတုကူးပြောင်း အစွန်းမှတ် အစိတ်အပိုင်းတစ်ခုမှာ လူအများ သိရှိပြီး ဖြစ်သည့် အယ်လ်နီညို/လာနီညာ ရာသီဥတုများကို ဖြစ်ပေါ်စေသော ပစိဖိတ်သမုဒ္ဒရာ အီကွေတာ ရပ်ဝန်းရှိ အယ်လ်နီညိုရေစီးကြောင်း (El Nio–Southern Oscillation - ENSO) ပင်ဖြစ် သည်။ ENSO သည် သဘာဝအားဖြင့် သာမန်ပင်လယ်ရေ အပူချိန်ထက်ပို၍ပူသော (အယ်လ်နီညို) နှင့် ပို၍အေးသော (လာနီညာ) ဖြစ်စဉ် နှစ်ခုအကြား အပြန်အလှန်ပုံမှန်ပြောင်းလဲနေသော်လည်း ရာသီ ဥတုပြောင်းလဲမှု၏ သက်ရောက်မှုများကြောင့် ယင်းအပြန်အလှန်ပြောင်းလဲမှုဖြစ်စဉ်များကို ပိုမိုပြင်းထန်မြန်ဆန် အားကောင်းစေကာ တစ်ကမ္ဘာလုံးတွင် ပိုမိုပြင်းထန်သော ရေလွှမ်းမိုးမှုများနှင့် မိုးခေါင် မှုများကို ဖြစ်ပေါ်လာစေလျက်ရှိပါသည်။
ထိုဖြစ်စဉ်များနှင့် ဆက်စပ်၍ အနောက် အာဖရိကမုတ်သုံ(West African Monsoon) သည် လည်း ရာသီဥတုကူးပြောင်းအစွန်းမှတ်စနစ်တစ်ခု ဖြစ်လာသည်။ ထိုမုတ်သုံစနစ်၏ မိုးရေချိန်သည် လယ်သမား သန်းပေါင်းများစွာကို အထောက်အကူပြုသော်လည်း အတ္တလန္တိတ်နှင့် အိန္ဒိယသမုဒ္ဒရာများ ရှိ ပင်လယ်မျက်နှာပြင်အပူချိန် ပြောင်းလဲမှုများ ကြောင့် အနောက်အာဖရိကမုတ်သုံစနစ်သည်လည်း ပျက်ယွင်းလာလျက်ရှိသည်။ ထို့ပြင် ဆာဟာရသဲကန္တာရ၏ အချို့နေရာတွင် ကျယ်ပြန့်လာခြင်း သို့မဟုတ် အချို့နေရာများတွင် ကျုံ့ဝင်လာခြင်းများ ကြောင့်လည်း အာဖရိကနှင့် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုအပေါ် ပြောင်းလဲမှုများကို ဖြစ်ပေါ်စေနေ သည်ကိုလည်း တွေ့ရှိရပါသည်။
အထူးသဖြင့် ယင်းပျက်ယွင်းပြောင်းလဲမှုများကြောင့် ဆာဟာရဒေသရှိ နိုင်ငံအများစုတွင် မိုးခေါင်မှု သို့မဟုတ် ရေလွှမ်းမိုးမှုများကို မကြာခဏခံစား နေရသည်ကို ကျွန် တော် တို့ မျက်မြင်တွေ့နိုင်ပါသည်။ အလားတူပင် ကျွန်တော်တို့ မြန်မာနိုင်ငံပါဝင်နေ သော တောင်အာရှဒေသရာသီဥတု၏ ဗဟိုအချက် အချာဖြစ်သော အိန္ဒိယ/အာရှနွေ မုတ်သုံ (Indian/ Asian Summer Monsoon)သည် ကမ္ဘာ့အပူချိန် မြင့်တက်လာမှုများကြောင့် စနစ်တည်ငြိမ်မှု ပျက်ယွင်းစပြုကာ မိုးခေါင်မှု သို့မဟုတ် ရေလွှမ်းမိုးမှု များကို မကြာခဏခံစားနေရသည်ကို တွေ့နိုင်သည်။
ရာသီဥတုကူးပြောင်း အစွန်းမှတ်များသည်တစ်ခုစီ သီးသန့်ပြောင်းလဲဖြစ်တည်နေခြင်း မဟုတ် ဘဲ အပြန်အလှန် ဆက်သွယ်နေပြီး ရာသီဥတုအလျင်အမြန် ကူးပြောင်းစေနိုင်သော ဆက်စပ်ဖြစ်စဉ်များ (tipping cascades) ဖြစ်ပေါ်နေသည်ကိုလည်း သိပ္ပံပညာရှင်များက ထောက်ပြပြောဆိုထားပြီး ဖြစ်သည်။ ဥပမာအားဖြင့် အာတိတ်ပင်လယ်ရေခဲများ အရည်ပျော်ခြင်းသည် လေထုပူနွေးမှုကို မြင့်တက်စေပြီး ရေခဲမြေများ အရည်ပျော်မှုကို မြန်ဆန်စေသည်။ ထိုရေခဲမြေမှ မီသိန်းထုတ်လွှတ်မှု သည် လေထုထဲသို့ ဖန်လုံအိမ်ဓာတ်ငွေ့များ ထပ်မံပေါင်းထည့်ပြီး မုတ်သုံစနစ်များကို နှောင့်ယှက်ကာ သမုဒ္ဒရာလှည့်ပတ်စီးဆင်းမှုကို အားနည်းစေနိုင်သည်။ အလားတူပင် အတ္တလန္တိတ်သမုဒ္ဒရာ ရေစီးဆင်းမှုအားနည်းသွားခြင်းသည် အမေဇုန်သစ်တောများတွင် မိုးရေချိန်လျော့နည်းစေပြီး သစ်တောများပြုန်းတီးမှုကို ပိုမိုဖြစ်ပေါ်လာစေနိုင်သည့် အပြန်အလှန်ချိတ်ဆက်နေမှုများကို ဆိုလိုခြင်း ဖြစ်ပါသည်။
အာရှမုတ်သုံစနစ်သည် အထူးအရေးပါ
ဤအစိတ်အပိုင်းအားလုံးအနက် အာရှမုတ်သုံစနစ်သည် အထူးအရေးပါသည်ကို တွေ့ရသည်။ အာရှမုတ်သုံစနစ်သည် ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံခန့်ထံသို့ နှစ်စဉ် မုတ်သုံမိုးကို ယူဆောင်လာပြီး အာရှတိုက်၏ စိုက်ပျိုးရေး၊ သောက်သုံးရေနှင့် ဇီဝဂေဟစနစ်များကို ထိန်းသိမ်းပေးနေသည်။ မုတ်သုံအဝင် နောက်ကျခြင်း၊ အားနည်းခြင်း စသည့် မုတ်သုံမူမမှန်ဖြစ်စဉ်များသည် ပါကစ္စတန်၊ အိန္ဒိယ မှစ၍ နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနှင့် တရုတ်နိုင်ငံ တောင်ပိုင်းဒေသတို့အထိ အာရှတိုက် တောင်ပိုင်း တစ်လျှောက် အစားအစာဖူလုံရေးကို တိုက်ရိုက် ခြိမ်းခြောက်လျက်ရှိသည်။ မုတ်သုံစနစ်သည် ရာသီ ဥတုပြောင်းလဲမှုကြောင့် ယင်း၏သဘာဝအတိုင်း တည်ရှိနေသော ရာသီဥတုကူးပြောင်း အစွန်းမှတ်ကို ကျော်လွန်သွားပါက ကောက်ပဲသီးနှံများပျက်စီးခြင်း၊ ရေရှားပါးခြင်း၊ လူအများအပြားရွှေ့ပြောင်း ခြင်းနှင့် နိုင်ငံရေးမတည်ငြိမ်မှုများ စသည့် သက်ရောက်မှုဖြစ်ပေါ်လာနိုင်ပါသည်။
ကမ္ဘာမြေ၏ သဘာဝစနစ်က ပြန်လည်ကုစားပေးရန် ခက်ခဲသောရာသီဥတုကူးပြောင်း အစွန်းမှတ်များဖြစ်သည့် ဤဂရင်းလန်ရေခဲပြင်နှင့် အာတိတ်ပင်လယ် ရေခဲများမှစ၍ အမေဇုန် မိုးသစ်တောများ၊ အပူပိုင်းသန္တာကျောက်တန်းများ၊ အတ္တလန္တိတ်ရေနွေးစီးဆင်းမှုနှင့် ကမ္ဘာ့မုတ်သုံစနစ် များအထိ အစိတ်အပိုင်းတစ်ခုစီသည် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုတည်ငြိမ်မှုအတွက် အရေးပါ သော်လည်း ထိုထဲမှ တစ်ခုချို့ယွင်းပါက အခြား အစိတ်အပိုင်းများပါ ဆင့်ကဲဆက်စပ်ပြောင်းလဲသွား နိုင်ကြောင်း လူအများသိထားရန် လိုအပ်ပါသည်။
ရာသီဥတုပြောင်းလဲမှုသည် တစ်ဦးတစ်ယောက်၊ တစ်နိုင်ငံတည်းကွက်ပြီး ပြုပြင်ပြောင်းလဲ၍ မရသဖြင့် ဤစနစ်များကို ကာကွယ်ရန်နှင့် သဘာဝဖြစ်စဉ်များအတွင်းတွင်သာ တည်ရှိနေအောင် လူသားတို့အနေဖြင့် ကမ္ဘာလုံးဆိုင်ရာစုပေါင်းအားဖြင့် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချ ခြင်း၊ ဂေဟစနစ်များကို ထိန်းသိမ်းခြင်းတို့အတွက် တိကျသော မူဝါဒများချမှတ်ကာ လိုက်နာထိန်းသိမ်း ရန်မှာ လူသားတိုင်း၏ တာဝန်ပင်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။


