ပေကျင်း   ဩဂုတ်   ၂၈ 

တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေး စစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေး စစ်ပွဲအောင်နိုင်ခြင်း နှစ် (၈၀) ပြည့် အထိမ်းအမှတ်စစ်ရေးပြအခမ်းအနားကို စက်တင်ဘာ ၃ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပမည်ဖြစ်ပြီး စစ်ရေးပြ အခမ်းအနားကျင်းပရန်အတွက် ထျန်းအန်းမင်ရင်ပြင်၌  အထွေထွေလေ့ကျင့်မှုများ ယေဘုယျအားဖြင့် ပြီးစီးပြီဖြစ်ကြောင်း  ယနေ့ နံနက်ပိုင်းက  ပေကျင်း မြို့ မီဒီယာစင်တာဟိုတယ်၌  ကျင်းပသည့်  သတင်းစာရှင်းလင်းပွဲမှ သိရသည်။

စစ်ရေးပြအခမ်းအနား၌ စနစ်တကျဖွဲ့စည်းထားသည့် စစ်သည်တော်များ၊ လက်နက်များမှာ အလွန်ပမာဏများပြားပြည့်စုံ၍ ခေတ်သစ်ပြည်သူ့တပ်မတော်၏  နိုင်ငံရေး၊  အင်အားနှင့်  ခေတ်မီတည်ဆောက်ခြင်းတို့အား စုစည်းဖော်ထုတ်မှုပင်ဖြစ်ကြောင်း စစ်‌ရေးပြအခမ်းအနား ဦးဆောင် အဖွဲ့ရုံး ဒုတိယဥက္ကဋ္ဌ  တရုတ်ဗဟိုစစ်ရေးကော်မရှင်  ပူးတွဲ စစ်ဦးစီးဌာန စစ်ဆင်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ  ဗိုလ်ချုပ်  Wu Zeke က သတင်းထောက်များကိုပြောကြားသည်။ 

ယခုနှစ်   တရုတ်ပြည်သူများ၏    ဂျပန်ခုခံ တော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် (၈၀) ပြည့်အထိမ်းအမှတ်ဆောင်ပုဒ်မှာ “သမိုင်းကို စွဲမြဲစွာမှတ်မိခြင်း၊ သူရဲကောင်းအာဇာနည်များကို အောက်မေ့ခြင်းနှင့် ငြိမ်းချမ်းရေးကို တန်ဖိုးထား၍ အနာဂတ်အရေးကို ဖန်တီးခြင်း” ဖြစ်ကြောင်း  တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဟောင်လဲ့ က ပြောကြားသည်။

အဆိုပါအခမ်းအနားသို့   ရုရှားနိုင်ငံ၊    မြောက်ကိုရီးယားနိုင်ငံ၊ ကမ္ဘောဒီးယားဘုရင့်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊  အိန္ဒိယနိုင်ငံ၊  အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ မြန်မာနိုင်ငံ စသည့် ကမ္ဘာ့နိုင်ငံပေါင်း ၂၆ နိုင်ငံမှ နိုင်ငံ့ခေါင်းဆောင် ၂၆ ဦး တက်ရောက်မည်ဖြစ်ကြောင်း     အဆိုပါ သတင်းစာရှင်းလင်းပွဲတွင်    နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူက ထည့်သွင်းပြောကြားခဲ့သည်။ 

ထို့အပြင် နိုင်ငံအသီးသီးမှ လွှတ်တော်အကြီးအကဲများ၊   ဒုတိယဝန်ကြီးချုပ်များနှင့်   အဆင့်မြင့်ကိုယ်စားလှယ်များ၊ အဖွဲ့အစည်းအသီးသီးတို့မှ တာဝန်ရှိအကြီးအကဲများလည်း တက်ရောက်မည်ဖြစ်ရာ  တက်ရောက်သည့် ထိပ်သီးဧည့်သည်တော်များမှာ ရာထူးအဆင့်အတန်းမြင့်မားခြင်း၊    ကမ္ဘာ့တိုက်ကြီးငါးတိုက်မှ    ခိုင်မာသည့်ကိုယ်စားပြုမှုရှိသော အစိုးရနှင့် အရပ်ဘက်ပုဂ္ဂိုလ်များ ပါဝင်ခြင်းနှင့် ကျယ်ပြန့်သောပူးပေါင်းမှုရှိခြင်းဟူသည့်    အဓိကထူးခြားချက်သုံးရပ်ရှိကြောင်း     လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက ရှင်းလင်း​ပြောကြားသည်။

စက်တင်ဘာ ၃ ရက်ညနေပိုင်းတွင်အခမ်းအနား အောင်ပွဲပဒေသာကပွဲကြီးကို ပြည်သူ့ခန်းမဆောင်ကြီး၌    ဆက်လက်ကျင်းပမည်ဖြစ်ပြီး    တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံ့ခေါင်းဆောင်များ၊ စစ်ပွဲအတွင်း ပါဝင်ခဲ့သည့် အငြိမ်းစားစစ်သည်တော်ကြီးများနှင့် လူထုကိုယ်စားလှယ်များစသည်ဖြင့် အလွှာပေါင်းစုံမှ ပဒေသာကပွဲသို့    တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။                                            

ခင်ရတနာ