စိုးသူရ

 

ယနေ့ကမ္ဘာပေါ်တွင် အစားအသောက်များထုပ်ပိုးခြင်းနှင့် နေ့စဉ်လူနေမှုဘဝများတွင် ပလတ်စတစ် အိတ်များနှင့် ပလတ်စတစ်ဖြင့် ပြုလုပ်ထားသည့် လူသုံးကုန်ပစ္စည်းများ အသုံးပြုမှု များလာသည်ကို တွေ့နေရသည်။ ၎င်းတို့သည် အသုံးပြုပြီး ပြန်လည်စွန့်ပစ်သည့်အချိန်တွင် မြစ်ချောင်းပင်လယ်များ အတွင်းသို့ ရောက်ရှိကာ သက်ဆိုင်ရာ ရေထု၏ ညစ်ညမ်းမှုကို ဖြစ်စေရုံသာမက ရေနေသတ္တဝါများ၏ အသက်ရှင် နေထိုင်မှုကိုပါ ထိခိုက်လာနေပြီး အဏ္ဏဝါဂေဟစနစ်ကို ပျက်စီးစေကာ မီးရှို့ ဖျက်ဆီးပါကလည်း လေထုညစ်ညမ်းမှုကို ဖြစ်စေနိုင်သောကြောင့် ကျန်းမာရေးနှင့် သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်စေသည့် ပလတ်စတစ်ပစ္စည်းများ သုံးစွဲမှုလျှော့ချရေး အသိပညာပေး လုပ်ငန်းများကို ကမ္ဘာ့နိုင်ငံများတွင် အများအပြား ဆောင်ရွက်နေခြင်းဖြစ်သည်။

 

ကမ္ဘာ့နိုင်ငံများတွင် ၁၉၅၀ ပြည့်နှစ်မှ ၁၉၇၀ ပြည့်နှစ်များအထိ ပလတ်စတစ်ထုတ်ကုန် အနည်းငယ်သာ ထုတ်လုပ်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ်တွင် လေ့လာချက်များအရ အင်္ဂလန်နိုင်ငံမှ အိမ်ထောင်စုတစ်စုသည် တစ်ပတ်လျှင် ပလတ်စတစ်ပစ္စည်း ၁၄၁ ခု ပျမ်းမျှစွန့်ပစ်ကြောင်း သိရှိရသည်။

 

သမုဒ္ဒရာများသည် ပလတ်စတစ်ညစ်ညမ်းမှုဖြစ်ပွားရာ နေရာများ ဖြစ်နေကြောင်းတွေ့ရှိနေရသည်။ ခန့်မှန်းခြေအားဖြင့် ပလတ်စတစ် မက်ထရစ်တန်ချိန် ရှစ်သန်းသည် နှစ်စဉ်သမုဒ္ဒရာများထဲသို့ ရောက်ရှိကာ ၎င်းပလတ်စတစ်များအား သမုဒ္ဒရာများထဲရှိ ရေနေသတ္တဝါများက စားသုံးသည့် အချိန်တွင် အဆိပ်သင့် သေဆုံးစေသည့်အပြင် သမုဒ္ဒရာညစ်ညမ်းမှုများဖြစ်စေကြောင်း ကျွမ်းကျင်သူများက ဆိုသည်။

 

ဥပမာအားဖြင့် ပြီးခဲ့သည့်နှစ်က စကော့တလန်ကမ်းရိုးတန်းတွင် သေဆုံးနေသော ဝေလငါး တစ်ကောင်၏ အစာအိမ်ထဲတွင် ငါးဖမ်းပိုက်ကွန်များ၊ ကြိုးများ၊ အိတ်များ၊ ပလတ်စတစ်ခွက်များနှင့် လက်အိတ်များကို တွေ့ရှိရကာ ၎င်းအချက်က ပလတ်စတစ်ညစ်ညမ်းမှုသည် ရေနေသတ္တဝါများ၏ အသက်ရှင်နေထိုင်မှုကို ထိခိုက်စေသည် ဟူသောအချက်ကို ပြသခဲ့သည်။

 

မြေပြင်ပေါ်ရှိ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများသည် မြေဆီလွှာနှင့် ရေအရင်းအမြစ်များကို ညစ်ညမ်း စေသည်။ အမှိုက်ပုံများတွင် စွန့်ပစ်ထားသည့် ပလတ်စတစ်များကြောင့် အန္တရာယ်ရှိသော ဓာတုပစ္စည်းများကို မြေကြီးထဲသို့စိမ့်ဝင်စေပြီး မြေအောက်ရေကို ညစ်ညမ်းစေကာ သောက်သုံး ရေကိုလည်း ညစ်ညမ်းစေသည်။

 

ပလတ်စတစ်ထုတ်ကုန်များသည် ရာသီဥတုပြောင်းလဲမှုကိုဖြစ်စေသည့် အန္တရာယ်ရှိသော ဓာတ်ငွေ့များကို ထုတ်လွှတ်နေကြောင်းနှင့် ၂၀၅၀ ပြည့်နှစ်အရောက်တွင် ကမ္ဘာပေါ်ရှိ စက်မှု လုပ်ငန်းများမှ ထုတ်လုပ်သည့် ပလတ်စတစ်ထုတ်ကုန်သည် လက်ရှိအခြေအနေမှ ၂၀ ရာခိုင်နှုန်းအထိ မြင့်တက်လာမည်ဟု သိရသည်။

 

ကမ္ဘာပေါ်ရှိ နိုင်ငံများတွင်အသုံးပြုနေသည့် ပလတ်စတစ်ရေဘူးများ ထုတ်လုပ်ရေးအတွက် ရုပ်ကြွင်း လောင်စာများအပေါ် မှီခိုနေရကြောင်းနှင့် စွန့်ပစ်သည့်အချိန်တွင် အမှိုက်ပုံများနှင့် ပင်လယ်များတွင် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေကြောင်း တွေ့ရှိရသည်။ ၎င်းတို့ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခြင်းသည် ထုတ်လုပ်မှုမှစွန့်ပစ်ခြင်းအထိ ဂေဟစနစ်များကို ထိခိုက်စေခြင်းနှင့် ရာသီဥတု ပြောင်းလဲမှုကို ဖြစ်ပေါ်စေရာ အဆင့်တိုင်းတွင် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို ဆိုးရွားစေသည်။

 

ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကို မသင့်လျော်စွာ စွန့်ပစ်ခြင်းဖြင့် ရောဂါပိုးသယ်ဆောင်သော အင်းဆက် ပိုးမွှားများနှင့်ကြွက်များ ပေါက်ပွားရာနေရာများကို များပြားစေပြီး အထူးသဖြင့် အမှိုက် စီမံခန့်ခွဲမှု အခြေခံအဆောက်အအုံ မလုံလောက်သော ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အများပြည်သူ၏ ကျန်းမာရေးကို ထိခိုက်‌စေကြောင်း တွေ့ရှိရသည်။

 

ပလတ်စတစ်ထုတ်ကုန်အများစုတွင် အန္တရာယ်ရှိသော ဓာတုပစ္စည်းများပါဝင်ကာ ၎င်းတို့သည် ပလတ်စတစ်မှ စိမ့်ထွက်ပြီး အစား အစာ၊ ရေနှင့် ပတ်ဝန်းကျင်ထဲသို့ စိမ့်ဝင်နိုင်သည်။ ဓာတု ပစ္စည်းများသည် ခန္ဓာကိုယ်၏ ဟော်မုန်းစနစ်ကို ပျက်စီးစေနိုင်ပြီး မျိုးပွားမှုဆိုင်ရာ ချို့ယွင်းချက်များနှင့် ကင်ဆာဖြစ်နိုင်ခြေ မြင့်တက်လာခြင်းအပါအဝင် ကျန်းမာရေးပြဿနာများကို ဖြစ်ပေါ်စေနိုင်သည်။

 

ကမ္ဘာပေါ်တွင် ပလတ်စတစ်ညစ်ညမ်းမှုလျှော့ချရေးအတွက် ကမ္ဘာ့နိုင်ငံများက အောက်ပါအတိုင်း ဆောင်ရွက်နေသည်ကို တွေ့ရှိရသည်။

 

အမေရိကန်ပြည်ထောင်စုတွင် ဆန်ဖရန်စစ္စကိုကဲ့သို့သော မြို့ကြီးများသည် ပလတ်စတစ်အိတ်များ ပိတ်ပင်ခြင်းကို ဦးဆောင်ခဲ့ပြီး အခြားမြို့များစွာကလည်း ပလတ်စတစ်ပိုက်များနှင့် မွှေတံများကို ပိတ်ပင်ခြင်း အပါအဝင် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးကို ဆောင်ရွက်နေသည်။

 

ပြည်နယ်များတွင်တစ်ခါသုံးပလတ်စတစ်ပစ္စည်းများကို ပိတ်ပင်ခြင်းနှင့်ပတ်သက်သည့် ဥပဒေများ ပြဋ္ဌာန်းခဲ့သည်။

 

ဥရောပသမဂ္ဂသည် ၂၀၃၀ ပြည့်နှစ်တွင် တစ်ခါသုံးပလတ်စတစ် ပစ္စည်းအချို့ကို ပိတ်ပင်ရန် စည်းမျဉ်းများ ချမှတ်ခဲ့ပြီး ပလတ်စတစ်ထုပ်ပိုးစွန့်ပစ်ပစ္စည်းများကို လျှော့ချရန် ရည်ရွယ်ထားသည်။

 

တရုတ်နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၂၀ ကျော်သည်လည်း တစ်ခါသုံး ပလတ်စတစ် တားမြစ်ရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး ရေရှည်တည်တံ့ခိုင်မြဲမှုရှိသည့် ကမ္ဘာလုံးဆိုင်ရာ ပြောင်းလဲမှုကို ဆောင်ရွက် နေသည်။

 

ဗီယက်နမ်နိုင်ငံသည် ၂၀၂၆ ခုနှစ်မှစ၍ ပလတ်စတစ်အိတ်များ ထုတ်လုပ်ခြင်းနှင့် တင်သွင်းခြင်းကို ပိတ်ပင်မည်ဖြစ်သည်။

 

ပလတ်စတစ်ညစ်ညမ်းမှုကြောင့် ကမ္ဘာပေါ်တွင် လူသားများ၏ကျန်းမာရေးနှင့် သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်နေရာ ပလတ်စတစ် ထုတ်လုပ်မှု လျှော့ချခြင်းဖြင့် ပလတ်စတစ်ကင်းစင်သည့် ကမ္ဘာကို တည်ထောင်နိုင်ရေးအတွက် အကြံပြုရေးသားလိုက်ရပါသည်။ ။

 

ကိုးကား - Why Is Plastic Waste a Problem