ယူအက်စ်အိုးပင်း အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ ၁၆ ဦးအဆင့်မှ စက်တင်ဘာ ၁ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ကမ္ဘာ့နံပါတ်တစ် ဘယ်လာရုစ်တင်းနစ်မယ် ဆာဘယ်လင်ကာနှင့် စပိန် တင်းနစ်မယ် ခရစ္စတီးနား ဘူခ်ရှာတို့ပွဲစဉ်တွင် ဆာဘယ်လင်ကာက ၆-၁၊ ၆-၄ ရလဒ်ဖြင့် နိုင်ပွဲရရှိကာ ကွာတားဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့သည်။
ဆာဘယ်လင်ကာသည် ယခုပြိုင်ပွဲမတိုင်မီ နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့သည့် စင်စင်နတီအိုးပင်းပြိုင်ပွဲတွင် ကွာတားဖိုင်နယ်အဆင့် တက်လှမ်းနိုင်ခဲ့သော်လည်း ရွိုင်ဘာကီနာကို ရှုံးနိမ့်ခဲ့သည့်အတွက် နောက်တစ်ဆင့်တက်လှမ်းခွင့်လွဲချော်ထားသည်။
၎င်းသည် ယခုပြိုင်ပွဲတွင် မာဆာရိုဗာ၊ ကူဒါမီတိုဗာ၊ ဖာနန်ဒက်စ်တို့ကို အဆင့်ဆင့်ကျော်ဖြတ်ထားနိုင်သည်။ ၎င်းသည် ယူအက်စ်အိုးပင်းကွာတားဖိုင်နယ်တွင် ချက်ဇ်တင်းနစ်မယ် မာကေတာ ဗွန်ဒရိုဆိုဗာနှင့် ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်သည်။ ဗွန်ဒရိုဆိုဗာသည် ၁၆ ဦးအဆင့်တွင် နာမည်ကြီးကာ ဇက်စတန်တင်းနစ်မယ် အီလန်နာရွိုင်ဘာကီနာကို အကြိတ်အနယ်ယှဉ်ပြိုင်ကစားကာ ၆-၄၊ ၅-၇၊ ၆-၂ ရလဒ်ဖြင့် နိုင်ပွဲရရှိကာ ကွာတားဖိုင်နယ်သို့ တက်လှမ်းလာသူဖြစ်သည်။
ဆာဘယ်လင်ကာနှင့်အတူ ယူအက်စ်အိုးပင်းပြိုင်ပွဲ ကွာတားဖိုင်နယ်သို့ ချက်ဇ်တင်းနစ်မယ် ဘာဘိုရာခရေဂျီကိုဗာ၊ အမေရိကန်တင်းနစ်မယ် ပဲဂူလာတို့ တက်လှမ်းနိုင်ခဲ့သည်။
မိုးဇက် - စုစည်းရေးသားသည်


