ဂျီနီဗာ အောက်တိုဘာ ၁၇

 

ကမ္ဘာတစ်ဝန်းရှိ လူပေါင်း ၆၇၃ သန်းမှာ ညစဉ်ညတိုင်း ဆာလောင်မှုဖြင့် အိပ်ရာဝင်နေကြရဆဲ ဖြစ်ကြောင်း၊ ထို့အပြင် နောက်ထပ်ထမင်းတစ်နပ်စာအတွက် မရေရာမသေချာမှုများနှင့် ရင်ဆိုင်နေကြရသူများလည်း အများအပြားရှိကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က အောက်တိုဘာ ၁၆ ရက်တွင် ပြောကြားသည်။

 

လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ ခန့်က ကမ္ဘာ့နိုင်ငံများသည် ဆာလောင်မှုကို ကျော်လွှားနိုင်ရန် အတူတူပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း၊ ထိုအချိန်မှစ၍ ဆယ်စုနှစ်များစွာအတွင်း ကမ္ဘာကြီးသည် သိသာထင်ရှားသည့် ပြောင်းလဲတိုးတက်မှုများရရှိခဲ့ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က နှစ်စဉ်အောက်တိုဘာ ၁၆ ရက်တွင် ကျင်းပလေ့ရှိသော ကမ္ဘာ့စားနပ် ရိက္ခာနေ့အတွက် ၎င်း၏ သဝဏ်လွှာတွင် ထည့်သွင်းပြောကြားခဲ့သည်။

 

အဝလွန်ခြင်းမှသည် စားရေရိက္ခာဖူလုံမှုကို ခြိမ်းခြောက်နေသည့် ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုများအထိ ဆယ်စုနှစ်များစွာအတွင်း စိန်ခေါ်မှုအသစ်များ ပေါ်ပေါက်လာခဲ့ကြောင်း၊ ဆာလောင်မှုကို လက်နက်တစ်ခုအဖြစ် အသုံးချနေကြောင်း ဂူတာ ရက်စ်က ပြောသည်။ ပြည်သူများကို အာဟာရ ဖြည့်တင်းပြီး ကမ္ဘာဂြိုဟ်ကို ကာကွယ်ပေးနိုင်မည့် စားရေရိက္ခာစနစ်များ တည်ဆောက်ရန် တစ်ဖန် ပြန်လည်စုစည်းညီညွတ်ကြရေးနှင့် ပတ်သက်ပြီး ဂူတာရက်စ်က နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုထားသည်။

 

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့၏ စားနပ်ရိက္ခာထောက်ပံ့ ကူညီမှုများကို ဖြတ်တောက်မည်ဆိုပါက လက်ရှိ အကူအညီရရှိနေသည့် လူပေါင်း ၁၃ ဒသမ ၇ သန်းမှာ အလွန်ဆိုးရွားသည့် ဆာလောင်မှု ဘေးအန္တရာယ်သို့ ရောက်ရှိသွားနိုင်သည်ဟု ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (ဒဗလျူအက်ဖ်ပီ) က အောက်တိုဘာ ၁၅ ရက် ထုတ်ပြန်ချက်၌ သတိပေးထားသည်။ 

 

ဆင်ဟွာ