ကမ္ဘာ့ဖလားခြေစစ်ပွဲ ဥရောပဇုန်ပွဲစဉ်(၂)မှ စက်တင်ဘာ ၁၀ ရက် နံနက် ၁ နာရီ ၁၅ မိနစ်က ယှဉ်ပြိုင်ကစားခဲ့သည့် ဟန်ဂေရီနှင့် ပေါ်တူဂီအသင်းပွဲစဉ်တွင် ပေါ်တူဂီအသင်းက သုံးဂိုး-နှစ်ဂိုးဖြင့် နိုင်ပွဲရရှိခဲ့သည်။
ပေါ်တူဂီအသင်းသည် ဟန်ဂေရီအသင်း၏ တုံ့ပြန်ကစားပုံကောင်းမွန်မှုကြောင့် နိုင်ပွဲရရေး ခက်ခက်ခဲခဲရုန်းကန်ခဲ့ရသည်။ ဟန်ဂေရီအသင်းဂိုးသမား အထူးလက်စွမ်းပြသနိုင်ခဲ့ပြီး ပေါ်တူဂီအသင်း ဂိုးရရှိနိုင်သည့် အခွင့်အရေးများစွာကို ဟန့်တားကာကွယ်နိုင်ခဲ့သည်။
အသက် ၄၀ အရွယ် ပေါ်တူဂီအသင်းတိုက်စစ် ကစားသမား စီရော်နယ်ဒိုသည် ယခုပွဲစဉ်တွင် သွင်းဂိုးတစ်ဂိုး ရယူနိုင်ခဲ့သည့်အတွက် နိုင်ငံတကာ သွင်းဂိုး ၁၄၁ ဂိုးအထိ ရှိလာပြီဖြစ်သည်။ ၎င်းသည် ပြီးခဲ့သည့်သီတင်းပတ်တွင် ပေါ်တူဂီက အာမေးနီးယားအသင်းကို ငါးဂိုးပြတ် အနိုင်ရရှိခဲ့ သော ပွဲစဉ်တွင်လည်း အသင်းအတွက် နှစ်ဂိုးသွင်းယူပေးထားနိုင်သည်။
ဟန်ဂေရီအသင်းသည် ပွဲချိန်တစ်လျှောက်တွင် ပေါ်တူဂီအသင်းဘက်သို့ ဂိုးကန်သွင်းခွင့် ငါးကြိမ်သာ ပြုလုပ်နိုင်ခဲ့သည်။ ပေါ်တူဂီအသင်းက ဟန်ဂေရီ အသင်းဘက်သို့ ဂိုးကန်သွင်းခွင့် (၁၅) ကြိမ်နှင့်အတူ ဂိုးရရှိနိုင်သည့်အခွင့်အရေး ပိုမိုဖန်တီးနိုင်ခဲ့သည်။ ဟန်ဂေရီအသင်းအတွက် သွင်းဂိုးများကို ဗာဂါတစ်ဦးတည်းက သွင်းယူပေးပြီး ပေါ်တူဂီအသင်းအတွက် သွင်းဂိုးများကို ဆီးဗားလ်၊ စီရော်နယ်ဒိုနှင့်ကန်ဆယ်လိုတို့က သွင်းယူပေးခဲ့သည်။
အခြားပွဲစဉ်ရလဒ်များတွင် ပြင်သစ်က အိုက်စလန်ကို နှစ်ဂိုး-တစ်ဂိုး၊ ဩစတြီးယားက ဘော့စနီးယားကို နှစ်ဂိုး-တစ်ဂိုး၊ နော်ဝေက မော်ဒိုဗာကို ၁၁ ဂိုး-တစ်ဂိုး၊ အယ်ဘေးနီးယားက လတ်ဗီးယားကို တစ်ဂိုး-ဂိုးမရှိ၊ အင်္ဂလန်က ဆားဘီးယားကို ငါးဂိုး-ဂိုးမရှိဖြင့် နိုင်ပွဲရရှိပြီး ဆိုက်ပရက်စ်နှင့် ရိုမေးနီးယားအသင်းပွဲစဉ်တွင် တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့သည်။
အောင်ဇော်


