စုံ (ရန်ကုန်တက္ကသိုလ်)
ကမ္ဘာကြီးသည် နှစ်သန်းပေါင်း ၄၅၀၀ ခန့်မှ စတင်ပေါ်ပေါက်လာခဲ့ပြီး စတင်ပေါ်ပေါက်ခဲ့စဉ်က ယခု တွေ့ရှိနေရသည့် အခြေအနေမဟုတ်ဘဲ အလွန်ပူသောအရည်ပျော်နေသည့် ကျောက်ရည်ပူအခြေအနေတွင်သာ ရှိခဲ့ပြီး နှစ်သန်းပေါင်း အတန်ကြာသည့်အခါမှသာလျှင် အပူချိန်လျော့ကျလာပြီး ပင်လယ်သမုဒ္ဒရာရေများနှင့် ကမ္ဘာ့အပေါ်ယံလေထုအလွှာ ဖြစ်ပေါ်လာခဲ့ပါသည်။
ကမ္ဘာကြီးနှင့် လူသားယဉ်ကျေးမှု
ကမ္ဘာကြီး၏ရာသီဥတုမှာ ကမ္ဘာကြီးစတင်ဖြစ် ပေါ်လာသည့်အချိန်မှစ၍ အချိန်နှင့်အမျှ ပြောင်းလဲခဲ့ပါသည်။ လွန်ခဲ့ပြီးသော နှစ်ပေါင်း ၈၀၀၀၀၀ (ရှစ်သိန်း) မှစ၍ ရေခဲခေတ်နှင့် ပူနွေးသောအချိန်ရှစ်ကြိမ်ခန့် တစ်လှည့်စီဖြစ်ပေါ်ခဲ့ပြီး လွန်ခဲ့သော နှစ်ပေါင်း ၁၁၇၀၀ နောက်ဆုံးရေခဲခေတ် ပြီးဆုံးသည့်အချိန်သည် ယခုလက်ရှိ ရာသီဥတု၏ ခေတ်အချိန်စတင်ခဲ့ပြီး လူသားယဉ်ကျေးမှု စတင်ခဲ့သည့်အချိန် ဖြစ်ခဲ့ပါသည်။
၎င်းရေခဲခေတ်ကြီးများ ပြီးဆုံးခဲ့သည့်အချိန်မှ စတင်၍ နှစ်ပေါင်း ၁၁၇၀၀ အား ဟိုလိုဆင်းခေတ်ဟု ခေါ်တွင်ပြီး ၎င်းခေတ်တွင် ၁၂၀၀ နှင့် ၁၇၀၀ AD ကြားတွင် ဖြစ်ပေါ်သော ရေခဲခေတ်ငယ်မှလွဲ၍ ကျန်အချိန်များသည် ပူနွေးသောအချိန်များ ဖြစ်ခဲ့ပါသည်။ ၎င်းဟိုလိုဆင်းခေတ် (Holocene Epoch) အား တစ်ခါတစ်ရံ အင်န်သရိုပိုဆင်း (Anthropocene) လူများ၏ခေတ်ဟု ခေါ်ဝေါ်ပြီး နောက်ဆုံးလူသားမျိုးနွယ်စု၏ မျိုးစိတ်တစ်ခု ဖြစ်သည့် Homo sapiens သည် ဟိုလိုဆင်းခေတ် မစခင်လေးတွင်ပင် ပေါက်ဖွားဖြစ်ပေါ်ပြီး ကမ္ဘာ တစ်ဝန်းသို့ ပျံ့နှံ့ခဲ့ကြသည်။
သက်ရှိများသည် ၎င်းတို့၏ သဘာဝပတ်ဝန်းကျင်ကို အတိုင်းအတာတစ်ခုအထိ လွှမ်းမိုးထားလျက်ရှိပြီး လူသားများသည် ကမ္ဘာကြီးအား အမြဲတမ်းနှင့် လျင်မြန်စွာပြောင်းလဲစေခဲ့ပါသည်။
အတည်တကျ စိုက်ပျိုးခြင်းနှင့် စက်မှုတော်လှန်ရေး
လွန်ခဲ့သော နှစ်ပေါင်း ၁၂၀၀၀ က စတင်တိုး တက်လာခဲ့သည့် စိုက်ပျိုးရေးကဏ္ဍသည် လူသားများ စတင်ပေါ်ပေါက်လာသည့်အချိန်တွင် သီးနှံများကို ရှာဖွေစားသောက်၍ အသား၊ ငါးများအတွက် တောရိုင်း တိရစ္ဆာန်များကို ရှာဖွေဖမ်းဆီးစားသောက်ကာ ရေကြည်ရာမြက်နုရာသို့ လှည့်လည်နေထိုင်လာခဲ့သော နေထိုင်သည့်ပုံစံမှ နေရာအတည်တကျဖြင့် စိုက်ပျိုးရေးကို လုပ်ဆောင်ခဲ့သည့်ပုံစံဖြင့် လူတို့၏အသက်မွေးမှုကို ပြောင်းလဲလာစေခဲ့သည်။
သက္ကရာဇ် ၁၇၆၅ ခုနှစ်တွင် စက်မှုတော်လှန်ရေးပြောင်းလဲမှုဖြစ်ပေါ်ခဲ့ပြီး နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးတွင် စိုက်ပျိုးရေးကို မှီခိုအားထားရာမှ ထုတ်လုပ်ရေးအား မှီခိုအားထားရန် ဆောင်ရွက်ခြင်း ဖြစ်သည်။
ပထမစက်မှုတော်လှန်ရေး ၁၇၆၅ ခုနှစ်တွင် သမားရိုးကျ ကုန်ထုတ်လုပ်ခြင်းမှ စက်များကိုအသုံးပြု ကုန်ထုတ်လာခြင်းဖြစ်ပြီး စက်များလည်ပတ်ရန်အတွက် ကျောက်မီးသွေးကို စတင်တွင်ကျယ်စွာ သုံးလာသည့်ကာလဖြစ်သည်။
ဒုတိယစက်မှုတော်လှန်ရေးမှာ ၁၈၇၈ ခုနှစ်တွင် စတင်ခဲ့ပြီး ၎င်းကာလတွင် ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့နှင့် ရေနံလောင်စာများ များစွာအသုံးပြုပြီး စက်မှုထွန်းကားလာသော ကာလအဖြစ် သတ်မှတ်ထားခဲ့ပါသည်။
တတိယစက်မှုတော်လှန်ရေးကာလမှာ ၁၉၆၉ ခုနှစ်မှစတင်ခဲ့ပြီးအီလက်ထရွန်နစ်နည်းပညာ၊ ကွန်ပျူတာများနှင့် နျူကလီးယားနည်းပညာများ တိုးတက်ထွန်းကားလာသောအချိန်ဖြစ်ပြီး စတုတ္ထစက်မှုတော်လှန်ရေးကာလမှာ ၂၀၀၀ ပြည့်နှစ်မှ စတင်ပြီး အင်တာနက်ဆက်သွယ်ရေးစနစ်နှင့် ပြန်ပြည့်မြဲစွမ်းအင်ထုတ်လုပ်မှုများ ပေါ်ထွက်လာသည့် စတုတ္ထစက်မှုတော်လှန်ရေးခေတ် စသည့်အချိန်ဖြစ်လာပြီ ဖြစ်ပါသည်။
ပဉ္စမစက်မှုတော်လှန်ရေးအား ၂၀၂ဝ ပြည့်နှစ် လောက်မှစ၍ ထွန်းကားလာခဲ့သော AI (Artificial Intelligence) ခေတ် ဖြစ်လာတော့မည်ဖြစ်ပါသည်။
ဖန်လုံအိမ်ဓာတ်ငွေ့နှင့် ဖန်လုံအိမ်အကျိုး သက်ရောက်ခြင်း
ကမ္ဘာကြီး၏ ပျမ်းမျှအပူချိန်မှာ 13.9º C(57.0 F) ရှိပြီး စက်မှုတော်လှန်ရေးအချိန်မတိုင်မီကာလ များက အပြောင်းအလဲသည် သိသာခြင်းမရှိ သော်လည်း ၁၈၅၀ ပြည့်နှစ်မှ စတင်တိုင်းတာလာခဲ့ သော အချိန်တစ်လျှောက်လုံးတွင် ၂၀၂၃ ခုနှစ်၌ ၂၀ ရာစုနှစ် ပျမ်းမျှအပူချိန်ထက် 1.18º C ( 2.12 F) ပိုမိုလာကြောင်း တွေ့ရှိရပါသည်။
ကမ္ဘာကြီးမှ အပူစွမ်းအင်ကို နေမှရရှိခဲ့ပြီး ၁၇၅၀ ပြည့်နှစ်မတိုင်မီအထိ နေမှရရှိသည့် အပူစွမ်းအင်မှ တစ်သမတ်တည်းရှိနေခဲ့ပြီး ၁၁ နှစ်ကြာလျှင် တစ်ခါပြောင်းလဲဖြစ်သော နေမျက်နှာပြင်မှ ထုတ်လွှတ်သော သံလိုက်ဓာတ်အား ပမာဏ ပြောင်းလဲခြင်း အမြင့်ဆုံးအချိန်နှင့် အနည်းဆုံး အချိန် ပြောင်းလဲခြင်း Solar Cycle မှာ ကမ္ဘာ့ရာသီဥတုပြောင်းလဲခြင်းအပေါ် အနည်းငယ်သာလျှင် သက်ရောက်မှုရှိပြီး အဓိကအားဖြင့် ဖန်လုံအိမ် အကျိုးသက်ရောက်မှုကြောင့် ကမ္ဘာ့ရာသီဥတု အဓိကပြောင်းလဲကြောင်း တွေ့ရှိခဲ့ကြပါသည်။ ၎င်းဖန်လုံအိမ် ပြဿနာနှင့် စက်မှုတော်လှန်ရေးများ ဆက်စပ်နေကြောင်းကို တွေ့ရှိခဲ့ကြသည်။
၁၇၅၆ ခုနှစ်နောက်ပိုင်း စက်မှုတော်လှန်ရေး စတင်ပြီးသည့်အချိန် နောက်ပိုင်းတွင် လောင်စာဆီနှင့် သဘာဝဓာတ်ငွေ့များ ပိုမိုသုံးစွဲခဲ့ခြင်း၊ ကျောက်မီးသွေးများကို လောင်စာအဖြစ် အများ အပြား သုံးစွဲခဲ့သဖြင့် ကမ္ဘာ့လေထုအတွင်းသို့ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ အပါအဝင် ဖန်လုံအိမ်ဓာတ်ငွေ့ (Green-house gases) များ ရောက်ရှိစုဝေးနေခဲ့ပါသည်။
အဓိကဖန်လုံအိမ်ဓာတ်ငွေ့များမှာ ရေငွေ့ အလွှာနှင့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ဖြစ် ပြီး ကျောက်မီးသွေး၊ ရေနံနှင့် ဓာတ်ငွေ့လောင်စာများမှ အဓိကဖြစ်ပေါ်လာပြီး သစ်တောများခုတ်လှဲ ခြင်းနှင့် ဘိလပ်မြေများ ထုတ်လုပ်ခြင်းမှ အများအပြား လေထုထဲသို့ ရောက်ရှိသည်။
၁၉၅၀ ပြည့်နှစ်မတိုင်မီက လေထုအတွင်းရှိ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့၏ပမာဏသည် 300 ppm အောက်တွင်သာရှိနေခဲ့ပြီး ၁၉၅၀ ပြည့်နှစ်နောက်ပိုင်းတွင် 400 ppm အထိ ရှိနေခဲ့ သည်။
ဒုတိယမှာ မီသိန်းဓာတ်ငွေ့ဖြစ်ပြီး ကျောက်မီးသွေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့သုံးစွဲခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းများမှ ထွက်ရှိ လာသောဓာတ်ငွေ့ ဖြစ်ပါသည်။
တတိယအများဆုံးမှာ နိုက်ထရစ်အောက်ဆိုက် ဓာတ်ငွေ့ဖြစ်ပြီး ဓာတ်မြေဩဇာများ အသုံးပြုခြင်း၊ ကျောက်မီးသွေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့များသုံးစွဲခြင်းတို့မှ အဓိကထွက်ရှိသည့် ဓာတ်ငွေ့ဖြစ်ပြီး စတုတ္ထ အများဆုံမှာ လေအေးပေးစက်နှင့် ရေခဲသေတ္တာများအသုံးပြုရာမှ ထုတ်လွှတ်သော ကလိုရိုဖလူရိုကာဗွန်ဓာတ်ငွေ့ ဖြစ်ပါသည်။
ရေငွေ့အလွှာနှင့် ယခုဖော်ပြသည့်ဓာတ်ငွေ့ လေးခုမှာ အဓိကဓာတ်ငွေ့များဖြစ်ပါသည်။ အထက်ဖော်ပြခဲ့သည့် စက်မှုတော်လှန်ရေး လေးရပ် စတင်ခဲ့သည့် ၁၇၆၅ ခုနှစ် စက်မှုတော်လှန်ရေး စတင်သည့် အချိန်မှစ၍ ကျောက်မီးသွေး၊ ရေနံနှင့် ဓာတ်ငွေ့လောင်စာများ စတင်သုံးစွဲလာခဲ့ကြပြီး ၎င်းအချိန်မှစ၍ ဖန်လုံအိမ်ဓာတ်ငွေ့များသည် ပိုမိုစုဝေးဝင်ရောက်လာပြီး ၁၉၅၀ ပြည့်နှစ် နောက်ပိုင်းတွင် ရှိနေကျ 300 ppm မှ 400 ppm အထိ တိုးတက်လာသည်ကို တွေ့ရှိရပါသည်။
၎င်းဖန်လုံအိမ်ဓာတ်ငွေ့များ လေထုအတွင်းများပြားလာခြင်းကြောင့် ဖန်လုံအိမ်ဓာတ်ငွေ့ အကျိုးသက်ရောက်ခြင်းကို နားလည်ရန် လိုအပ်ပါ သည်။
စက်မှုတော်လှန်ရေး အချိန်များမတိုင်ခင် ကမ္ဘာပေါ်သို့ ကျရောက်လာသော နေရောင်ခြည်နှင့် အပူစွမ်းအင်တို့သည် များသောအားဖြင့် အာကာသဟင်းလင်းပြင်အတွင်းသို့ ရောင်ပြန်ဟပ်၍ ပြန်လည်ရောက်ရှိသွားကြသော်လည်း စက်မှုတော်လှန်ရေး ဖြစ်ပေါ်လာပြီးသည့်ကာလ နောက်ပိုင်းတွင် ဖန်လုံအိမ်ဓာတ်ငွေ့များသည် ကမ္ဘာ့လေထုအတွင်း မူလရှိရင်းပမာဏထက် ပိုမိုရောက်ရှိနေကြပြီး ဖန်လုံအိမ်အကျိုး သက်ရောက်မှုကို ဖြစ်ပေါ်လာစေခဲ့ပါသည်။
နေရောင်ခြည်နှင့် ကမ္ဘာ့လေထုအတွင်း ဝင်ရောက်လာသော နေရောင်ခြည် အပူစွမ်းအင်တို့မှာ ဖန်လုံအိမ်ဓာတ်ငွေ့များကြောင့် အာကာသဟင်းလင်းပြင်သို့ ပြန်ထွက်မည့်အစား ကမ္ဘာမြေပြင်သို့ ပြန်လည်ရောင်ပြန်ဟပ်ကာ ရောက်ရှိစေပြီး ၎င်းတို့ကိုယ်တိုင်လည်း အပူစွမ်းအင်ကို စုပ်ယူထားကြသဖြင့် ကမ္ဘာကြီးကို ပိုမိုပူနွေးလာစေခဲ့ပါသည်။
သိပ္ပံပညာရှင်အများစု၏ ခန့်မှန်းချက်အရ လူသားတို့၏ လုပ်ဆောင်မှုများသည် ကမ္ဘာကြီးပူနွေးလာမှုကို အဓိကဖြစ်ပေါ်စေခဲ့ပြီး ဆက်လက်၍လည်း ကမ္ဘာကြီးမှာ ပူနွေးလာနေပြီ ဖြစ်ပါသည်။ သစ်ပင်များခုတ်လှဲခြင်း၊ အသိုက်အမြုံများ ဖျက်ဆီးခြင်း၊ လေထုညစ်ညမ်းမှုများနှင့် အခြားအကြောင်းအရာများကြောင့် ကမ္ဘာပေါ်ရှိ သစ်ပင်နှင့် တိရစ္ဆာန်မျိုးစိတ်များအား စုပြုံ၍ပျောက်ကွယ်လျက်ရှိပြီး ခန့်မှန်းချက်များအရ လာမည့် ၂၅ နှစ်အတွင်း၌ သစ်ပင်နှင့် တိရစ္ဆာန်မျိုးစိတ် ၂၀ ရာခိုင်နှုန်းသည် ကမ္ဘာပေါ်မှ ပျောက်ကွယ်မည့်အန္တရာယ်နှင့် ရင်ဆိုင်ရလျက်ရှိနေသည်။ ဟိုလိုဆင်းအချိန်တွင် လူသားများ၏ အသိဉာဏ်ပညာနှင့် နည်းပညာရပ်များ တစ်ဟုန်ထိုး တိုးတက်လာခဲ့ခြင်း၊ တိုးတက်နေလျက်ရှိခြင်းတို့ကြောင့် ပြောင်းလဲလာခြင်း အကျိုးအပြစ် တို့အား ခန့်မှန်းနိုင်ခြင်း၊ ရပ်ဆိုင်းသွားရန် ပြုလုပ်နိုင်ခြင်းနှင့် ပိုမိုကောင်းမွန်လာအောင် ကမ္ဘာကြီးနှင့် လူသားများပျက်စီးခြင်းမှ ကာကွယ်နိုင်မည်ဖြစ်ပါကြောင်း ရာသီဥတုပြောင်းလဲ ဖြစ်ပေါ်လာခြင်းအကြောင်းကို တင်ပြလိုက်ပါသည်။


