ကုလသမဂ္ဂ အောက်တိုဘာ ၁၅
ကုလသမဂ္ဂသည် ၂၀၂၅ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုအတွက် အမေရိကန်ဒေါ်လာ ၄၅ ဒသမ ၃ ဘီလီယံကျော် တောင်းခံထားသော်လည်း စက်တင်ဘာလကုန်အထိ ၂၁ ရာခိုင်နှုန်း သို့မဟုတ် ၉ ဒသမ ၆ ဘီလီယံသာ ရရှိထားသေးကြောင်း ကုလသမဂ္ဂပြောရေးဆိုခွင့် ရှိသူတစ်ဦးက အောက်တိုဘာ ၁၄ ရက်တွင် ပြော သည်။
ယခုနှစ်ရရှိသော ရန်ပုံငွေပမာဏသည် ယမန်နှစ် ကာလတူနှင့်နှိုင်းယှဉ်လျှင် အံ့အားသင့်ဖွယ် ၄၀ ရာခိုင်နှုန်းကျော် လျော့ကျသွားကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဖာဟန်ဟတ်က ပြောသည်။ ထိုကဲ့သို့ ရန်ပုံငွေကွာဟမှုက ကျန်းမာရေးစောင့်ရှောက်မှု မရရှိသူများ၊ အစားအစာ မရရှိသော မိသားစုများ၊ ပညာရေးသင်ကြားခွင့် မရရှိသော ကလေးငယ်များစသည့် သန်းနှင့်ချီသော ပြည်သူများအတွက်အလွန်ဆိုးရွားသော နောက်ဆက်တွဲ ပြဿနာရပ်များကို ဖြစ်ပေါ်စေကြောင်း ၎င်းက ဆက်ပြောသည်။
အာဖဂန်နစ္စတန်နိုင်ငံတွင် ယခုနှစ်အတွင်း ကျန်းမာရေးဆိုင်ရာဌာနပေါင်း ၄၂၀ ကျော် ပိတ်ထားရသည့်အတွက် လူပေါင်းသုံးသန်း အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု မရရှိဘဲဖြစ်နေကြောင်း၊ ဆိုမာလီယာနိုင်ငံတွင် စားနပ်ရိက္ခာထောက်ပံ့ကူညီမှု လျှော့ချလိုက်သောကြောင့် ဩဂုတ်လအတွင်းက လူပေါင်း ၁ ဒသမ ၁ သန်းကို ထောက်ပံ့ပေးနိုင်ခဲ့သော်လည်း နိုဝင်ဘာလတွင် လူပေါင်း ၃၅၀၀၀၀ ကိုသာ ထောက်ပံ့ပေးနိုင်တော့ကြောင်း သိရသည်။
ကုလသမဂ္ဂနှင့် ၎င်း၏ မိတ်ဖက်များသည် လက်ခံရရှိထားသော ရန်ပုံငွေအနည်းငယ်နှင့်အတူ အခက်အခဲဖြစ်ပေါ်နေသူများထံ အကူအညီများ ရောက်ရှိစေရေး အားစိုက်လုပ်ဆောင်လျက်ရှိကြောင်း ဟတ်က ပြောသည်။ ထို့ပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများကို အရှိန်မြှင့်လုပ်ဆောင်ကြရေးနှင့်ပတ်သက်ပြီးလည်း အလှူရှင်နိုင်ငံများကို တောင်းဆိုထားသည်။
ဆင်ဟွာ


