မဲလ်ဘုန်း နိုဝင်ဘာ ၁၂
နိုင်ငံတကာ လေ့လာမှုတစ်ရပ်က ကမ္ဘာတစ်ဝန်းရှိ ကြီးမားပြီး ကြီးကြပ်မှုမရှိသည့် တောရိုင်းတိရစ္ဆာန် ရောင်းဝယ်မှုများကို ဖော်ထုတ်တွေ့ရှိခဲ့ပြီး ဇီဝမျိုးစုံမျိုးကွဲနှင့် ဇီဝလုံခြုံရေးအပေါ် မြင့်မားလာသော အန္တရာယ်များကို သတိပေးထားသည်။
ဩစတြေးလျ၊ အမေရိကန်ပြည်ထောင်စု၊ ဥရောပနှင့် တောင်အမေရိကတို့မှ သုတေသီများ ပူးပေါင်း၍ပြုလုပ်ခဲ့သော လေ့လာမှုတွင် အမေရိကန်ပြည်ထောင်စုသို့ ဝင်ရောက်လာသော ကမ္ဘာလုံးဆိုင်ရာ တောရိုင်းတိရစ္ဆာန်ရောင်းဝယ်မှုကွန်ရက်များကို ဆယ်စုနှစ် နှစ်စုကြာ စူးစမ်းလေ့လာခဲ့ကြောင်း၊ ထိုကဲ့သို့ လေ့လာရာတွင် မျိုးစိတ်များ မည်သည့်ဒေသမှ လာရောက်ခဲ့သည်၊ မည်သည့်ပမာဏဖြင့် ကုန်သွယ်ခဲ့သည်နှင့် ကုန်သွယ်ရေး လမ်းကြောင်းပုံစံများ မည်သို့ရှိသည်ကို အဓိကထားလေ့လာခဲ့ကြောင်း သိရသည်။
မျိုးစိတ်အများအပြားကို ၎င်းတို့၏ မူရင်းဒေသများမှ ဖမ်းဆီးပြီး ရောင်းဝယ်ဖောက်ကား နေဆဲဖြစ်သည့်အပြင် အချက်အလက်မှားယွင်းစွာဖော်ပြခြင်း၊ ငွေကြေးခဝါချခြင်း သို့မဟုတ် မှောင်ခိုကူးခြင်းစသည့် ထင်ရှားသောပြဿနာရပ်များလည်း ရှိနေကြောင်း Current Biology ဂျာနယ်တွင် ဖော်ပြထားသော လေ့လာမှုကို ဦးဆောင်ခဲ့သူ မဲလ်ဘုန်းတက္ကသိုလ်ပါမောက္ခ အဲလစ်ဟျူးဂျ်က ပြောသည်။
ကမ္ဘာလုံးဆိုင်ရာ ရောင်းဝယ်မှုပမာဏ အလွန်ကြီးမားပြီး တိရစ္ဆာန်မျိုးစိတ်ပေါင်း ၇၀၀၀၀ ကျော် ပါဝင်သည်ဟု ခန့်မှန်းရသော်လည်း အချက်အလက် များကို ရှာဖွေရခြင်းမှာ အလွန်ခက်ခဲကြောင်း၊ ရှိရင်းစွဲအချက်အလက်များတွင်လည်း ကွဲလွဲမှုအများအပြားရှိကြောင်း ဟျူးဂျ်က ပြောသည်။ အစိုးရများ၊ သိပ္ပံပညာရှင်များနှင့် စက်မှုလုပ်ငန်းများအကြား ပိုမိုအားကောင်းသော လေ့လာစောင့်ကြည့်မှု၊ အချက်အလက်မျှဝေမှုနှင့် ပွင့်လင်းစွာ ပူးပေါင်းဆောင်ရွက်မှုတို့ လုပ်ဆောင်ကြရန် တောင်းဆိုထားသည်။
အပူပိုင်းဒေသများသည် တောရိုင်း မျိုးစိတ်အများဆုံးနှင့် အကျယ်ပြန့်ဆုံးတင်ပို့နေသည်ကို တွေ့ရကြောင်း သုတေသီများက ပြောသည်။
ဆင်ဟွာ


