ကုလသမဂ္ဂ နိုဝင်ဘာ ၁၂
လွန်ခဲ့သော ၁၀ နှစ်အတွင်း ကမ္ဘာတစ်ဝန်း၌ ရာသီဥတုဆိုင်ရာ ဘေးအန္တရာယ်များကြောင့် ရွှေ့ပြောင်းဒုက္ခသည်ပေါင်း သန်း ၂၅၀ ခန့်ရှိကြောင်း ကုလသမဂ္ဂအစီရင်ခံစာ တစ်ရပ်တွင် ဖော်ပြ ထားသည်။
ဘရာဇီးနိုင်ငံ အမေဇုန်ဒေသရှိ ဘီလမ်မြို့၌ COP30 ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညီလာခံကျင်းပပြီးနောက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အေဂျင်စီ(UNHCR)က အဆိုပါ အစီရင်ခံစာကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အစီရင်ခံစာအရ ၁၀ နှစ်အတွင်း ရွှေ့ပြောင်းနေထိုင်သူ သန်း ၂၅၀ ရှိခြင်းသည် တစ်နေ့လျှင် ပြည်သူ ၇၀၀၀၀ ခန့် နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေရခြင်းကို ဆိုလိုသည်။
မိုးခေါင်ရေရှားမှု၊ ရေကြီးမှုနှင့် အခြားပြင်းထန်သော ရာသီဥတုဖြစ်စဉ်များကြောင့် ပြည်သူများက ထွက်ပြေးတိမ်းရှောင်ခဲ့ရခြင်းဖြစ်ကြောင်း အစီရင် ခံစာတွင် ဖော်ပြထားသည်။
ရာသီဥတုနှင့်ဆက်နွှယ်သော ဘေးအန္တရာယ်များကို ကာကွယ်ရန် ရန်ပုံငွေပြတ်လပ်မှုကိုလည်း ထောက်ပြထားပြီး ရန်ပုံငွေများကို ဝေးလံခေါင်ဖျားဒေသများအထိ ရောက်ရှိရန် လိုအပ်ကြောင်းလည်း ရေးသားဖော်ပြထားသည်။
ရာသီဥတုဆိုင်ရာ ဆောင်ရွက်မှုအစီအစဉ်များအတွက် ဆုံးဖြတ်ချက်ချသည့် လုပ်ငန်းစဉ်များတွင် ရွှေ့ပြောင်းနေထိုင်သူများအတွက် ထည့်သွင်းစဉ်းစားပေးရန်လိုအပ်ကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖီလစ်ပိုဂရန်ဒီက ပြောကြားခဲ့သည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်


