ဖနောင်ပင် ဒီဇင်ဘာ ၈
ကမ္ဘောဒီးယားနိုင်ငံက လာမည့်နှစ်တွင် တရုတ်နိုင်ငံသားများအပေါ် ဗီဇာကင်းလွတ်ခွင့် မူဝါဒ စမ်းသပ်ကျင့်သုံးမည်ဖြစ်ကြောင်း သိရသည်။
ကမ္ဘောဒီးယားနိုင်ငံ၏ ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့်ပြုသည့်မူဝါဒအရ တရုတ်ခရီးသွားများကို နိုင်ငံအတွင်း လာရောက်စေရေး ဆွဲဆောင်နိုင်မည်ဖြစ်ကာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာမည် ဖြစ်ကြောင်း ကမ္ဘောဒီးယားခရီးသွားလုပ်ငန်းဝန်ကြီး ဟိုဟော့က ဒီဇင်ဘာ ၆ ရက်တွင် ပြောသည်။
တရုတ်ခရီးသွားများအား ပြည်ဝင်ခွင့်ဗီဇာကင်းလွတ်ခွင့်ပြုရေးအစီအစဉ်ကို ဒီဇင်ဘာ ၂ ရက်တွင် ကမ္ဘောဒီးယားအစိုးရက အတည်ပြုခဲ့သည်။ ၎င်းအစီအစဉ်အရ ၂၀၂၆ ခုနှစ် ဇွန် ၁၅ ရက်မှ အောက်တိုဘာ ၁၅ ရက်အတွင်း လာရောက်သည့် တရုတ်ခရီးသွားများကို ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့်ကာလအဖြစ် ၁၄ ရက် ခွင့်ပြုမည်ဖြစ်သည်။ ၎င်းခရီးသွားများအနေဖြင့် ကမ္ဘောဒီးယားသို့ လာရောက်ရာတွင် ပြည်ဝင်ခွင့်အတွက် အခကြေးငွေပေးရန်မလိုဘဲ အီလက်ထရွန်နစ် ဆိုက်ရောက်ကတ်ကိုသာ ဖြည့်ရမည်ဖြစ်သည်။
ကမ္ဘောဒီးယားအစိုးရ၏ ယခုဆောင်ရွက်ချက်သည် တရုတ်-ကမ္ဘောဒီးယား ခရီးသွားလုပ်ငန်း ကဏ္ဍဖွံ့ဖြိုးရေးအတွက် သမိုင်းတွင်သည့် ဆောင်ရွက်ချက်ဖြစ်ကြောင်း ဆီရမ်ယိပြည်နယ်တွင် ကျင်းပသည့် တရုတ်-ကမ္ဘောဒီးယား ဂီတနှင့် ယဉ်ကျေးမှုအခမ်းအနားတွင် ဟိုဟော့က ပြောသည်။
၎င်းဆောင်ရွက်ချက်သည် နှစ်နိုင်ငံကြား ပြီးပြည့်စုံသည့် ပူးပေါင်းဆောင်ရွက်ချက်ဖြစ်ပြီး တရုတ်ခရီးသွားများ ကမ္ဘောဒီးယားသို့ လာရောက်ရေး ဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအတွင်းတွင် ကမ္ဘောဒီးယားသို့ တရုတ်ခရီးသွား တစ်သန်း လာရောက်ခဲ့ကြောင်း ကမ္ဘောဒီးယားခရီးသွားလုပ်ငန်း ဝန်ကြီးဌာနက ပြောသည်။
ယခုနှစ် ပထမ ၁၀ လအတွင်း ကမ္ဘောဒီးယားသို့ နိုင်ငံတကာခရီးသွား ၄ ဒသမ ၇၅ သန်း ဝင်ရောက်ခဲ့ပြီး ၎င်းတို့အနက် ၂၁ ရာခိုင်နှုန်းမှာ တရုတ်ခရီးသွားများဖြစ်ကြောင်း သိရသည်။ ကမ္ဘောဒီးယားအနေဖြင့် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများနှင့် ခရီးသွားများကို ကြိုဆိုရေးအတွက် ပြင်ဆင်ထားကြောင်း ၎င်းက ပြောသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


