ဖနောင်ပင် အောက်တိုဘာ ၂၀

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်သည် နိုင်ငံ၏ အကြီးဆုံးလေဆိပ်သစ်ဖြစ်သည့်  Techo  အပြည်ပြည်ဆိုင်ရာလေဆိပ်(TIA)ကိုအောက်တိုဘာ ၂၀ ရက်တွင် တရားဝင်အခမ်းအနားဖြင့်  ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံတန်ဖိုးရှိသည့် ကမ္ဘာ့အဆင့်မီလေဆိပ်ကို လုံးဝပိတ်ခဲ့သည့် ဖနောင်ပင်အပြည်ပြည်ဆိုင်ရာ   လေဆိပ်ဟောင်းနေရာတွင်    အစားထိုးခဲ့ကြောင်း   ဝန်ကြီးချုပ်က   ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားသည်။

လက်ရှိတွင် TIA သည် ကမ္ဘောဒီးယားနိုင်ငံ၏ အကြီးဆုံးလေဆိပ်ဖြစ်ကြောင်း၊  TIA  သည် ရင်းနှီးမြှုပ်နှံသူများနှင့်    ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်ရန် ကူညီပေးခြင်းဖြင့် နိုင်ငံ၏ စီးပွားရေးနှင့်ခရီးသွားလုပ်ငန်းတိုးတက်မှုအတွက် အထောက်အကူဖြစ်လာမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

အဆိုပါ လေဆိပ်သည် ကမ္ဘောဒီးယားနိုင်ငံကို ပိုမိုကျယ်ပြန့်သည့် ကမ္ဘာမြေနှင့် ချိတ်ဆက်ပေးမည့် အဓိကပေါင်းကူး တံတားတစ်ခု၊  နိုင်ငံ၏  စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းအတွက် မောင်းနှင်အားတစ်ခုဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လေဆိပ်စီမံကိန်းများကို ၂၀၂၀ ပြည့်နှစ်က စတင်ဆောင်ရွက်ခဲ့ကြောင်း၊ လက်ရှိတွင် ကမ္ဘောဒီးယားနိုင်ငံ၌ လုပ်ငန်းလည်ပတ်နေသည့် အပြည်ပြည်ဆိုင်ရာလေဆိပ် သုံးခုရှိပြီး ယင်းတို့မှာ TIA အပြည်ပြည်ဆိုင်ရာလေဆိပ်၊   Siem Reap Angkor အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် Sihanouk  အပြည်ပြည်ဆိုင်ရာလေဆိပ်တို့ဖြစ်ကြောင်း သိရသည်။ 

ဆင်ဟွာ