ဖနောင်ပင် အောက်တိုဘာ ၂၃
ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမကိုးလအတွင်း အဝတ်အထည်၊ အထည်အလိပ်၊ ရှူးဖိနပ်နှင့် ခရီးသွားကုန်ပစ္စည်း စုစုပေါင်း အမေရိကန် ဒေါ်လာ ၁၂ ဒသမ ၂ ဘီလီယံပမာဏကို တင်ပို့နိုင်ခဲ့ကြောင်း၊ အဆိုပါ ပမာဏမှာ ယမန်နှစ်ကထက် ၁၆ ဒသမ ၇ ရာခိုင်နှုန်း တိုးလာကြောင်း အောက်တိုဘာ ၂၃ ရက်တွင် တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း အမေရိကန်ဒေါ်လာ ၈ ဒသမ ၆၃ ဘီလီယံတန်ဖိုး ရှိသည့် အဝတ်အထည်များကို တင်ပို့နိုင်ခဲ့ရာ ယမန်နှစ်ကထက် ၁၆ ဒသမ ၈ ရာခိုင်နှုန်းတိုးလာကြောင်း၊ အလားတူ အမေရိကန်ဒေါ်လာ ၅၀၅ သန်း တန်ဖိုးရှိသည့် အထည်လိပ်များကို နိုင်ငံတကာ ဈေးကွက်သို့ တင်ပို့နိုင်ခဲ့သဖြင့် ၃၄ ဒသမ ၇ ရာခိုင်နှုန်းတိုးလာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အစီရင်ခံစာအရ သိရသည်။
ထို့ပြင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၄ ဘီလီယံတန်ဖိုးရှိ ဖိနပ်များကို တင်ပို့နိုင်ခဲ့ရာ ယမန် နှစ်ကထက် ၂၆ ဒသမ ၇ ရာခိုင်နှုန်း၊ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၃ ဘီလီယံရှိ ခရီးသွားကုန်ပစ္စည်းနှင့် အိတ်များကို နိုင်ငံတကာဈေးကွက်သို့ ရောင်းချနိုင်ခဲ့ရာ ၃ ဒသမ ၂ ရာခိုင်နှုန်း အသီးသီးတိုးလာကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အဝတ်အထည်၊ အထည်လိပ်၊ ဖိနပ်နှင့် ခရီးသွားကုန်ပစ္စည်းကဏ္ဍသည် ကမ္ဘောဒီးယားနိုင်ငံအတွက် နိုင်ငံခြားငွေအများဆုံးရရှိကြောင်း၊ ယင်းကဏ္ဍမှ လက်ရှိတွင် စက်ရုံနှင့် စက်ရုံခွဲ ၁၅၀၀ ကျော်ရှိပြီး အလုပ်သမား ကိုးသိန်းကျော်ရှိကာ အများစုမှာ အမျိုးသမီးများဖြစ်ကြကြောင်း အလုပ်သမားနှင့် အသက်မွေးဝမ်းကျောင်းလေ့ကျင့်မှုဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ဆင်ဟွာ


