ဖနောင်ပင် နိုဝင်ဘာ ၁၇
ကျောင်းထွက်သည့် အရေအတွက်သည် မိန်းကလေးများထက် ယောကျ်ားလေးအရေအတွက်က ပိုမိုများပြားကြောင်း ဖော်ပြသည့် အမျိုးသားအဆင့် လေ့လာဆန်းစစ်ချက်တစ်ရပ်ကို ကမ္ဘောဒီးယား၊ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို)တို့ ပူးပေါင်းပြီး နိုဝင်ဘာ ၁၇ ရက်တွင် ထုတ်ပြန်ထားသည်။
လွန်ခဲ့သော ငါးနှစ်တာကာလအတွင်း ကျောင်းတက်ရောက်သည့် အရေအတွက်မှာ ယောကျ်ားလေးများထက် မိန်းကလေးအရေအတွက်က ပိုမိုများပြားလာသည်ဟု လေ့လာမှုတွင် ဖော်ပြထားသည်။ ၂၀၂၄ ခုနှစ် စာသင်နှစ်တွင် ကျောင်းတက်ရောက်သည့် မိန်းကလေးအရေအတွက်မှာ ၆၅ ရာခိုင်နှုန်း ရှိပြီး ယောကျ်ားလေးအရေအတွက်မှာ ၅၇ ရာခိုင်နှုန်း ရှိသည်ဟု ဆိုသည်။
ကျောင်းထွက်ခြင်းသည် ယောကျ်ားလေးများအပေါ် သိသာထင်ရှားစွာ သက်ရောက်မှုရှိသော စိန်ခေါ်မှုတစ်ရပ်အဖြစ် ဆက်လက်ရှိနေသည်။ ပျမ်းမျှအားဖြင့် အလယ်တန်းအဆင့်တွင် ယောကျ်ားလေးများ ကျောင်းထွက်နှုန်း ၁၇ ရာခိုင်နှုန်းရှိပြီး မိန်းကလေးများက ၁၃ ရာခိုင်နှုန်းရှိသည်ဟု ဆိုသည်။
လေ့လာမှုတွင် မိဘများ၊ ဆရာ ဆရာမများ၊ ကျောင်းအုပ်ချုပ်သူများ၊ ရပ်ရွာလူထုအဖွဲ့ဝင်များ၊ ပညာရေးအရာရှိများ၊ မေးမြန်းမှုများနှင့် အဖွဲ့လိုက်ဆွေးနွေးမှုများ အပါအဝင်အချက်အလက်ရော တိုက်ရိုက်ဆွေးနွေးမှုများပါ ပါဝင်ကြောင်း သိရသည်။ ကမ္ဘောဒီးယားနိုင်ငံတွင် အမျိုးသားများ ကျောင်းထွက်ရခြင်းမှာ တစ်ခုတည်းသော အကြောင်းပြချက်ကြောင့်မဟုတ်ဘဲ တစ်ဦးချင်း စိတ်အခြေအနေ၊ မိသားစုအခြေအနေ၊ ကျောင်းပတ်ဝန်းကျင်အခြေအနေ၊ ရပ်ရွာဓလေ့နှင့် အစိုးရမူဝါဒများကဲ့သို့ ကဏ္ဍပေါင်းစုံမှ အကြောင်းရင်းများက တစ်ခုနှင့်တစ်ခု ပေါင်းစပ်ဆက်နွှယ်ပြီး တွန်းအားပေးခြင်းကြောင့်ဖြစ်ကြောင်း လေ့လာမှုတွင် ဖော်ပြထားသည်။
ဆင်ဟွာ


