ဖနောင်ပင်    စက်တင်ဘာ    ၉

ကမ္ဘောဒီးယားနိုင်ငံ မြို့တော်ဖနွမ်းပင်တွင် တက်ချိုအပြည်ပြည်ဆိုင်ရာလေဆိပ်ကို စက်တင်ဘာ ၉ ရက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။  ၎င်းလေဆိပ်သည်  ကမ္ဘောဒီးယားနိုင်ငံတွင်  အကြီးဆုံးလေဆိပ်ဖြစ်လာခဲ့သည်။

အဲကမ္ဘောဒီးယားလေကြောင်းလိုင်းမှ ပြေးဆွဲသည့်လေယာဉ်သည် တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ်  မြို့တော် ကွမ်ကျိုးမှ ပျံသန်းလာပြီး စက်တင်ဘာ ၉ ရက် နံနက်ပိုင်းတွင် ၎င်းလေဆိပ်သို့ ဆင်းသက်ခဲ့ရာ လေယာဉ်အား   ရေပက်ဖျန်းဂုဏ်ပြုခဲ့ပြီး  ကမ္ဘောဒီးယားနိုင်ငံ  မြို့ပြလေကြောင်းဝန်ကြီး မာအိုဟာဗန်နယ်နှင့်  ခရီးသွားလုပ်ငန်းဝန်ကြီး ဟွတ်ဟက်တို့က ကြိုဆိုခဲ့ကြသည်။ 

တက်ချိုအပြည်ပြည်ဆိုင်ရာ လေဆိပ်ကို တရားဝင်ဖွင့်လှစ်ခြင်းဖြင့် ကမ္ဘောဒီးယားနိုင်ငံ၏ ကမ္ဘာ့နိုင်ငံများနှင့် ဆက်သွယ်မှုကို ကျယ်ပြန့်စေမည်ဟု လူမှုမီဒီယာပလက်ဖောင်းပေါ်တွင် ဝန်ကြီးချုပ် ဟွန်မာနတ်က ပြောကြားခဲ့သည်။

“လေကြောင်းကဏ္ဍသည် နိုင်ငံတကာမှ ခရီးသွားများ၊ လုပ်ငန်းများကို   ဆက်သွယ်နိုင်သည့် နည်းလမ်းများထဲမှ   တစ်ခုဖြစ်သည်”ဟု     ၎င်းက မှတ်ချက်ပြုပြောကြားသည်။

လေကြောင်းကဏ္ဍသည် နိုင်ငံဝင်ငွေရှာဖွေပေးနေသည့် အရင်းအမြစ်တစ်ခုဖြစ်ကာ နိုင်ငံအတွင်းရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်များကို အဆင့်မြှင့်တင်ခြင်းဖြင့်  ပြည်ပမှ  ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားများ အများအပြားလာရောက်စေရေး  ဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ယခုကဲ့သို့ အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဖွင့်လှစ်ခြင်းသည် ကမ္ဘောဒီးယား အရပ်ဘက်လေကြောင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် သမိုင်းဝင်မှတ်တိုင်တစ်ခုဖြစ်သည်ဟု  ဟာဗန်နယ်က ပြောကြားသည်။

တက်ချိုအပြည်ပြည်ဆိုင်ရာလေဆိပ်သည် ပြေးလမ်းနှစ်ခုပါရှိသော    အပြည်ပြည်ဆိုင်ရာလေဆိပ်ဖြစ်ပြီး  ကမ္ဘာ့အကြီးဆုံး  လေယာဉ်အမျိုးအစားများဖြစ်သည့် Airbus A380 နှင့် Boeing 747 တို့ ဆင်းသက်နိုင်သည့် အပြည်ပြည်ဆိုင်ရာ လေဆိပ်တစ်ခုဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ